ကျန်းမာရေးအတွက် အစားကို ဘာ့ကြောင့်ဖြည်းဖြည်းချင်းပဲ စားသင့်လဲ

သင်က အလုပ်များတတ်သူမို့ အစားအစာတွေကို မြန်မြန်စားမိကောင်း စားမိသွားပါလိမ့်မယ်။ အစားစားရင် မြန်မြန်စားတာက အစာချေစနစ်ကို လွန်စွာထိခိုက်စေပါတယ်။ အစားစားတဲ့အခါ ဦးနှောက်ကို ဗိုက်ပြည့်ပြီဖြစ်ကြောင်း အသိပေးဖို့ မိနစ် ၂၀ ခန့် ကြာမြင့်ပါတယ်။

အစားကို မြန်မြန်စားခြင်းက ကယ်လိုရီတွေကို များများစားမိသွားတတ်စေပါတယ်။ အဲဒါကြောင့် အစားကိုဘာကြောင့် ဖြည်းဖြည်းပဲ စားသင့်လဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

အစားကို ဘာကြောင့် မြန်မြန်စားမိသွားတတ်လဲ။

- အလုပ်တွေအရမ်းများတဲ့အခါ၊ အလျင်စလို လုပ်ရတဲ့အခါမှာ စားပြီးသွားဖို့ကိုပဲ အာရုံစိုက်ပြီး မြန်မြန်စားတတ်သွားတတ်ကြပါတယ်။ အစားကိုလည်း သေချာမဝါးမိတော့ပါဘူး။ အစားအစာရဲ့အရသာကိုလည်း သေချာခံစားဖို့ အချိန်မပေးဖြစ်တော့ပါဘူး။

- အချို့သောလေ့လာမှုတွေအရ မောင်နှမတွေထဲမှာ အကြီးဆုံးကလေးတွေက အငယ်တွေက အစားစားတာ နှစ်ဆပိုမြန်ကြောင်း ဖော်ပြထားပါတယ်။

- အစားအစာစားတဲ့အခါ လူအများကြီးနဲ့ စားတာက ပိုပြီး စားမိသွားတတ်ကြပါတယ်။

ဖြည်းဖြည်းစားတဲ့အခါ ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေလဲ။

- အစားကို ဖြည်းဖြည်းစားတဲ့အခါမှာ အစာချေစနစ်ကို ပိုပြီး တိုးတက်လာပါတယ်။ အစားကို မြန်မြန်စားရင် ဦးနှောက်က ဗိုက်ပြည့်ကြောင်း သိဖို့ ခက်ခဲသွားပါတယ်။

- အစားကိုဖြည်းဖြည်းစားတဲ့အခါ လေနာတာ၊ လေအောင့်တာတွေလည်း လျော့ပါးသွားတတ်ပါတယ်။

- ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ၊ ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ဖြည်းဖြည်းစားရင်းနဲ့ ရွေးပြီး စားဖို့ အချိန်ရလာပါတယ်။ ခပ်မြန်မြန်စားတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတာကို မစဉ်းစားတော့ဘဲ အလောတကြီး စားမိသွားတတ်ပါတယ်။ အစားကို ဖြည်းဖြည်းချင်းစားတာက ကိုယ်အလေးချိန်ကျဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

အစားကို ဘယ်လိုဖြည်းဖြည်းစားမလဲ။

- အစားကို စတင်စားပြီဆိုတာနဲ့ ဖြည်းဖြည်းစားရမယ် ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။

- လူအများနဲ့ စားတဲ့အခါ အခြားသူတွေထက် ပိုပြီးတော့ ဖြည်းဖြည်းစားပါ။

- အစားနဲ့အတူ တစ်ခုခုကိုလည်း သောက်ပါ။

- သင်က ဘယ်သန်ဖြစ်ရင် ညာလက်နဲ့စားပါ။ ညာသန်ဖြစ်ရင် ဘယ်လက်နဲ့ စားပါ။ အဲဒီအခါ သင့်ရဲ့အစားစားနှုန်းက ၃၀ ရာခိုင်နှုန်းခန့် ပိုနှေးသွားပါတယ်။

- တစ်ခါစားပြီးတိုင်း ဇွန်း၊ ခက်ရင်းတို့ကို ခဏချထားပါ။ သေသေချာချာ ဝါးပြီးမှ ပြန်စားပါ။

- အနီရောင်ပန်းကန်ပြားက သင့်ကို အစားစားနှုန်း နှေးသွားစေပါတယ်။ ဇွန်းအစား တူကို သုံးပြီးစားတာကလည်း ဖြည်းဖြည်းချင်းစီပဲ စားဖြစ်သွားစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments