ကြမ်းပြင်ပေါ် ပြုတ်ကျသွားတဲ့အရာကို ပြန်စားရင် အန္တရာယ်ကင်းရဲ့လား

ကြမ်းပြင်ပေါ်ပြုတ်ကျသွားတဲ့ မုန့်ဖြစ်ဖြစ်၊ အသီးဖြစ်ဖြစ် ပြန်ကောက်စားဖူးကြမှာပါ။ လူတချို့က 5-seconds rule ကို သုံးကြပေမယ့် တချို့ကတော့ မစားပဲ လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် စားရတာ တကယ် အန္တရာယ်ကင်းသလားဆိုတာ တူတူကြည့်လိုက်ရအောင်။

5-seconds rule ဆိုတာ ဘာလဲ။

၅ စက္ကန့်စည်းမျဉ်းဆိုတာက ကြမ်းပြင်ပေါ်ကို စားစရာပြုတ်ကျပေမယ့် ၅ စက္ကန့်အတွင်း ကောက်ယူနိုင်ရင် စားလို့ရတာကို ဆိုလိုတာပါ။

ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတဲ့ မုန့်ဟာ ဘက်တီးရီးယား တချို့နဲ့ ထိတွေ့ပြီး ညစ်ပတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်ပေါ်စေလောက်အောင် ဆိုးရွားနေသလားဆိုတာကို အခုထိ ငြင်းခုန်နေကြဆဲပါပဲ။

အစားအသောက်တွေ ဘယ်လို ညစ်ပတ်သွားသလဲ။

အစားအသောက်တစ်မျိုးနဲ့တစ်မျိုးကတော့ မတူပါဘူး။ ဥပမာ အရည်ရွှမ်းတဲ့အသီးအနှံက ကြမ်းပြင်ပေါ်က အညစ်အကြေးအားလုံးကို ရေမြှုပ်လိုမျိုး စုပ်ယူသွားပါတယ်။ E. coli နှင့် staph လိုမျိုး ရောဂါပိုးတွေကို စုပ်ယူနိုင်ပါတယ်။ ဒါပေမယ့် ခဲနေတဲ့ အသီးအနှံဆိုရင်တော့ အညစ်အကြေးနဲ့ ပိုးမွှားတွေကို သိပ်မစုပ်ယူနိုင်ပါဘူး။

လေ့လာမှုတစ်ခုအရတော့ လူတွေဟာ ပြုတ်ကျသွားတဲ့ဟင်းသီးဟင်းရွက်တွေထက် ကွတ်ကီး ဒါမှမဟုတ် သကြားလုံးတွေကို စားနိုင်ခြေပိုများပါတယ်။

ကျွမ်းကျင်သူတွေက ဖရဲသီး၊ ပေါင်မုန့်နှင့် ထောပတ်ကို ညစ်ပတ်နေတဲ့ ကြမ်းပြင်ပေါ်ပစ်ချတဲ့ လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဖရဲသီးမှာ ပိုးမွှားအများဆုံးဝင်သွားပြီး ထောပတ်မှာတော့ သိပ်မဝင်ပါဘူး။ ရေပမာဏကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကတော့ ယူဆကြပါတယ်။ ရေက ဘက်တီးရီးယားတွေကို ထိန်းသိမ်းထားနိုင်ပါတယ်။

ပေါင်မုန့်နှင့် ထောပတ်က ဖရဲသီးထက် ပိုမိုခြောက်သွေ့တာကြောင့် ဘက်တီးရီးယားတွေကို စုဆောင်းမှုနည်းပါးပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကို ဖျားနာအောင် လုပ်ဖို့ လုံလောက်ပါသေးတယ်။

ကြမ်းပြင်ပေါ်မှာ ပိုးမွှားတွေ ဘယ်လောက်ရှိနိုင်သလဲ။

သန့်ရှင်းတဲ့ ကြမ်းပြင်ပေါ်မှာ အစားအသောက်တွေ ပြုတ်ကျရင်တောင် စားဖို့မသင့်ပါဘူး။ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ၊ တိရိစ္ဆာန်အမွေးတွေ အများကြီးရှိပါတယ်။ မျက်နှာပြင်က သန့်ရှင်းနေရင်တောင် ပိုးမွှားတွေနဲ့ ပြည့်နှက်နေပါတယ်။

ကော်ဇောပေါ် ပြုတ်ကျတဲ့အစားအစာကတော့ ဘက်တီးရီးယား သိပ်မကပ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက တွေ့ရှိခဲ့ပါတယ်။ ကော်ဇောတွေက အမြင်မှာ ညစ်ပတ်နိုင်ပေမယ့်လည်း သူ့ရဲ့မျက်နှာပြင်ကြောင့် ဘက်တီးရီးယားတွေ သိပ်မဝင်နိုင်ပါဘူး။ ဒါကြောင့် ကော်ဇောပေါ်ပြုတ်ကျတဲ့ အစားအစာက အန္တရာယ်မရှိပါဘူး။

ဘယ်နေရာမှာ ပြုတ်ကျသွားလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ ဧည့်ခန်းထဲက ကော်ဇောပေါ်မှာပြုတ်ကျတာက ရေချိုးခန်းကြမ်းပြင်ပေါ်ပြုတ်ကျတာထက် အန္တရာယ်ပိုကင်းပါတယ်။

၅ စက္ကန့် စည်းမျဉ်းက ဘယ်လောက်ထိ ထိရောက်သလဲ။

ဘက်တီးရီးယားပမာဏဟာ အချိန်နဲ့တပြေးညီ သက်ရောက်ပါတယ်။ ၅ စက္ကန့်ပြုတ်ကျတာထက် ၃၀ စက္ကန့်ပြုတ်ကျတာက အစားအစာထဲကို ဘက်တီးရီးယားတွေ ပိုဝင်သွားနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာ အချိန်ကြာလေလေ ပိုညစ်ပတ်ပြီး အန္တရာယ်များလေဖြစ်ပါတယ်။

ဒါကြောင့် ၅ စက္ကန့်စည်းမျဉ်းက ယုတ္တိရှိပါတယ်။ ကောက်တာမြန်လေလေ ပိုလုံခြုံလေ ဖြစ်ပါတယ်။ ဒါပေမယ့် ကြမ်းပြင်က ဘယ်လောက် ညစ်ပတ်တယ် ဆိုတာ သင် မသိနိုင်ပါဘူး။ ၅ စက္ကန့်ထက်နည်းရင်တောင် အန္တရာယ်ရှိတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments