ခွေးက သင့်ကို ကိုက်တော့မလားဆိုတာကို သိနိုင်မယ့်အချက် (၆) ချက်

ခွေးလေးတွေက ချစ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် မရင်းနှီးတဲ့ခွေးတွေကို နှုတ်ဆက်မယ်၊ ပွတ်သပ်ပေးမယ်ဆိုရင်တော့ သတိထားဖို့ လိုအပ်ပါတယ်။ ခွေးကိုက်ခံရတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ခံစားရနိုင်ပါတယ်။ အဲဒါကြောင့် ခွေးတစ်ကောင်က လာကိုက်တော့မယ်ဆိုရင် ဘယ်လိုအချက်တွေနဲ့ သိနိုင်မလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ခွေးက ဘာကြောင့်ကိုက်တာလဲ။

ခွေးတွေက နေရထိုင်ရအဆင်မပြေတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ၊ တစ်ခုခု ခြိမ်းခြောက်ခံရတဲ့အခါ၊ သူတို့မျက်လုံးထဲ အဆင်မပြေတဲ့အခါ၊ နေမကောင်းတဲ့အခါ၊ သားပေါက်နေတဲ့အခါ စတဲ့အခြေအနေတွေမှာ ကိုက်တတ်ကြပါတယ်။

ဥပမာအားဖြင့် အိပ်နေတဲ့ခွေးကို သွားမကိုင်သင့်ပါဘူး။ အိပ်နေတဲ့ခွေးက ရုတ်တရက်နိုးလာပြီး ထကိုက်နိုင်ပါတယ်။ ခွေးတွေက အသက်ကြီးလာတဲ့အခါမှာ သီးသန့်အေးအေးဆေးဆေး နေချင်လာကြပါတယ်။

၁။ ရုတ်တရက်မာန်ဖီခြင်း၊ ဟောက်ခြင်း

ခွေးတွေက နေရာအသစ်ကို ရောက်တဲ့အခါ၊ ဒဏ်ရာအနာတရရထားတဲ့အခါမှာ မာန်ဖီတတ်ကြပါတယ်။ အဲဒါကြောင့် ခွေးအနားကို သေချာမကြည့်ဘဲ မကပ်သင့်ပါဘူး။ ခွေးနားကပ်တော့မယ်ဆိုရင် သူတို့ရဲ့သွား၊ မာန်ဖီသံလှုပ်ရှားပုံတွေကို ကြည့်သင့်ပါတယ်။ ခွေးက အရုပ်နဲ့ ကစားနေချိန်၊ သို့မဟုတ် စားသောက်နေချိန် မာန်ဖီနေရင်လည်း ခွေးအနားကို မသွားသင့်ပါဘူး။

၂။ ခွေးက အမြီးကို ဘယ်ဘက်ကို ရမ်းနေခြင်း

ခွေးလေးတွေက ပျော်ရွှင်နေတဲ့အခါမှာ အမြီးကို ယမ်းနေတတ်ပါတယ်။ သူတို့မှာ စိတ်အနှောင့်အယှက်ဖြစ်စရာရှိရင်လည်း အမြီးကို လှုပ်ယမ်းနေတတ်ကြပါတယ်။ ခွေးတွေက ပျော်ရွှင်နေတယ်ဆိုရင် အမြီးကို ညာဘက်မှာ လှုပ်ရမ်းနေတတ်ပါတယ်။ ဒေါသထွက်နေတယ်ဆိုရင်တော့ ဘယ်ဘက်မှာ အပေါ်မြောက်လိုက် အောက်ချလိုက်နဲ့ လှုပ်ရမ်းနေတတ်ပါတယ်။

၃။ အမွေးတွေ ထောင်လာခြင်း

ခွေးတွေဟာလည်း ဒေါသထွက်တဲ့အခါ၊ ကြောက်လန့်တဲ့အခါမျိုးမှာ သူတို့ရဲ့နောက်ကျောနဲ့ လည်ပင်းက အမွေးတွေ ထောင်လာပါတယ်။ ခွေးက အမွေးတွေ ထောင်လာပြီး ထိုးဟောင်နေရင်တော့ ခွေးအနားကို မကပ်သင့်ပါဘူး။

၄။ ခန္ဓာကိုယ်ကို ရုန်းကန်နေခြင်း

ခွေးက ပျော်ရွှင်နေတဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်ဟာ တည်တည်ငြိမ်ငြိမ်နေပြီး အမြီးကလည်း ကုပ်နေပါတယ်။ ဒါပေမယ့် ခွေးက သူ့ရဲ့ခန္ဓာကိုယ်ကို အတင်းရုန်းကန်နေပြီး အမြီးက ခြေထောက်နှစ်ချောင်းကြားထဲကို ဝင်နေရင် အန္တရာယ်ရှိပါတယ်။ အဲဒီလိုအချိန်ခါမျိုးမှာ ခွေးအနားကို မကပ်သင့်ပါဘူး။

၅။ မျက်လုံးက မျက်သားဖြူပေါ်လာခြင်း

ပျော်ရွှင်နေတဲ့ခွေးမှာ မျက်သားဖြူကို မြင်ရလေ့မရှိပါဘူး။ ခွေးရဲ့မျက်လုံးမှာ မျက်သားဖြူကို မြင်နေရရင်တော့ ခွေးက ရန်လိုနေတာပါ။ အဲဒီလိုအချိန်မျိုးမှာ ခွေးနဲ့ မျက်လုံးချင်းမဆုံအောင်နေပြီးတော့ ခွေးနဲ့လည်း ဝေးဝေးနေသင့်ပါတယ်။

၆။ သမ်းပြီး နှုတ်ခမ်းကို လျှာနဲ့ သပ်ခြင်း

ခွေးတွေမှာ စိတ်ဖိစီးမှုတွေ များနေတဲ့အခါ၊ စိတ်မငြိမ်တဲ့အခါမှာ သမ်းဝေတာ၊ အဝေးကို ငေးနေတာ၊ သွားရည်ကျတာ၊ နှုတ်ခမ်းကို လျှာနဲ့ သပ်တာတို့ လုပ်တတ်ပါတယ်။ ဒီလိုပုံစံတွေ လုပ်ပြနေရင်တော့ ခွေးက ကိုက်တော့မှာပါ။ ခွေးက သင့်ကို စိုက်ကြည့်ပြီး သမ်းနေတယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။

ခွေးကိုက်မခံရအောင် ဘယ်လိုနေမလဲ။

လေ့ကျင့်ပေးထားတဲ့ခွေးတွေဟာ ကိုက်နိုင်ချေနည်းပါတယ်။ အဲဒါကြောင့်

- ခွေးရှေ့မှာ မျက်စိရှုပ်အောင် မနေသင့်ပါဘူး။

- အခြားအိမ်ကို သွားတဲ့အခါမှာ ဝင်ခွင့်တောင်းပြီးမှ ဝင်သင့်ပါတယ်။ သင်နဲ့ မရင်းနှီးနဲ့ ခွေးကို တွေ့တဲ့အခါ ခွေးက သင့်ရဲ့လက်ကို အနံ့ခံချင်တတ်ပါတယ်။ အဲဒီအခါ လက်သီးဆုပ်ပြီး အနံ့ခံခိုင်းလိုက်ပါ။

- အိပ်နေတဲ့ခွေး၊ အစားစားနေတဲ့ခွေး၊ ခွေးပေါက်လေးတွေကို စောင့်ရှောက်နေတဲ့ခွေး၊ ဒဏ်ရာရနေတဲ့ခွေးတွေနဲ့ ဝေးဝေးနေသင့်ပါတယ်။

- ကလေးငယ်တစ်ယောက်တည်းကို ခွေးနဲ့ မထားခဲ့သင့်ပါဘူး။

- ခွေးက သင့်အနားကို ကပ်လာရင် ငြိမ်ငြိမ်နေပြီး ခွေးနဲ့ မျက်လုံးချင်းမဆုံမိအောင် ရှောင်ပါ။

- ခွေးကိုက်ရတဲ့အခါ ချက်ချင်းကုသမှုခံယူသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments