ကလေးတွေ လိမ်ညာပြောရတဲ့ အဓိကအကြောင်းအရင်း (၈) ချက်

ကလေးတွေက အသက် ၃ နှစ်ကျော်ဝန်းကျင်ခန့်ဆိုရင် လိမ်ညာပြီး ပြောတတ်နေပါပြီ။ ကလေးတွေက တမင်လိမ်ပြောတာ ဖြစ်နိုင်သလို အခြားသောအကြောင်းအရင်းတွေကြောင့်လည်း လိမ်ပြောတာဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် ကလေးတွေ လိမ်ပြောရတဲ့ အဓိကအကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အပြုအမူအသစ်ကို စမ်းသပ်လိုခြင်း

အမှန်တရားကို လိမ်ညာပြီးပြောလိုက်တာက ကလေးတွေအတွက် အသစ်အဆန်းတစ်ခုဖြစ်နေပြီး လိမ်ပြောပြီးနောက် ဘာတွေဖြစ်လာမလဲ ဆိုတာကိုလည်း ကလေးတွေက သိချင်ကြပါတယ်။

အဲဒါကြောင့် အပြုအမူအသစ်အဖြစ် လိမ်ပြောကြည့်ကြပါတယ်။ ဒါပေမယ့် ကလေးတွေက အသက် ၃ နှစ်ကျော်အရွယ်အထိ လိမ်ပြောတယ်ဆိုတဲ့ စကားအဓိပ္ပါယ်ကို နားမလည်သေးပါဘူး။

၂။ လူကြီးတွေဆီကနေ အပြုအမူတွေကို လေ့လာခြင်း

ကလေးတွေ လိမ်ပြောတတ်လာရခြင်းထဲက အကြောင်းအရင်းတစ်ချက်ကတော့ လူကြီးတွေ လိမ်ပြောတာကို ကြားနေလို့ပါ။ ကလေးအနီးမှာရှိတဲ့လူကြီးတွေက လိမ်ပြောတာကို ကြားပြီးနောက် အတုယူတတ်လာပါတယ်။

နောက်တစ်ချက်ကတော့ ကလေးတွေကို လိမ်တတ်အောင်လို့ သင်ပေးတာပါ။ ကလေးတွေက ဖြူစင်ပေမယ့် ကလေးတွေ မပြောချင်တဲ့အရာကို ဇွတ်ပြောခိုင်းရာကနေ လိမ်ပြောတတ်လာပါတယ်။

၃။ ကလေးတွေက မုသားဖြူကို ပြောကြပါတယ်။

ကလေးတွေက တစ်ခါတရံမှာ အခြားသူတွေ စိတ်ချမ်းသာအောင် လိမ်ပြောတတ်ကြပါတယ်။ သူတို့လိုချင်တဲ့အရာကို ရပြီးနောက်မှာတော့ စိတ်ထဲကမပါလည်း ပြောတတ်လာကြပါတယ်။ မုသားဖြူကိုတော့ အသက် ၆ နှစ်ဝန်းကျင်မှာ ပြောတတ်လာကြပါပြီ။

၄။ အပြစ်ပေးတာမခံချင်လို့ လိမ်ပြောခြင်း

ကလေးတွေက အပြစ်တစ်ခုခုလုပ်ထားပြီးနောက် အပြစ်ပေးခံရတော့မယ်ဆိုတာ သိလာပါပြီ။ အဲဒါကြောင့် အပြစ်ပေးတာမခံချင်လို့ လိမ်ပြောတာ၊ အခြားသူကို လွှဲချတာတို့ လုပ်တတ်လာကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာလည်း အချို့ကလေးတွေက အပြစ်ကို ဝန်ခံတတ်ကြပါတယ်။

၅။ သူတိုလိုချင်တာရှိလို့ လိမ်ညာခြင်း

ကလေးတွေက ကျောင်းမသွားချင်တဲ့အခါ၊ ကျောင်းမှာ မတည့်တဲ့သူရှိတဲ့အခါ၊ အရုပ်အသစ်လိုချင်တဲ့အခါ စတဲ့အခြေအနေတွေမှာ လိမ်ပြောတတ်ကြပါတယ်။ နောက်တစ်ချက်ကတော့ သူတို့မလိုချင်တာရှိလို့ လိမ်ပြောတာပါ။

ကလေးတွေက မိဘတွေဆီကနေ ဂရုစိုက်မှုတွေ လုံလုံလောက်လောက်မရရှိတဲ့အခါမှာလည်း လိမ်ပြောတတ်လာကြပါတယ်။ လိမ်ညာပြီးပြောရင် မိဘတွေရဲ့ဂရုစိုက်မှု၊ ယုယမှု ရရှိလာမယ်လို့ ကလေးအချို့က ယုံကြည်ကြပါတယ်။

၆။ ပုံပြင်ရှည်တွေ ပြောခြင်း

ကလေးတွေက အသက် ၃ နှစ်ကျော်လာရင် စိတ်ကူးယဉ်မှုတွေ၊ စိတ်ကူးပုံဖော်မှုတွေ တိုးတက်လာပါပြီ။ အဲဒါကြောင့် "ငါ့ကြောင်လေးက သူ့မိသားစုအကြောင်း ပြောပြတယ်။ မင်းနားထောင်ကြည့်ပါလား" ဆိုပြီး ရွယ်တူချင်း စိတ်ကူးယဉ်ပုံပြင်တွေ ပြောပြတတ်လာပါပြီ။ ဒီလိုပြောတာက လိမ်ပြောတာမဟုတ်ဘဲ ကလေးတွေစိတ်ထဲက စိတ်ကူးယဉ်မှုတွေကို ဖော်ပြတာပါ။

၇။ တစ်ဖက်သားအထင်ကြီးအောင်လို့ လိမ်ပြောခြင်း

တစ်ခါတရံမှာ ရွယ်တူချင်းဆီကနေ အထင်ကြီးတာလိုချင်လို့ ကလေးတွေက လိမ်ပြောတတ်ကြပါတယ်။ ဒါ့အပြင် ချဲ့ကားပြောတာ၊ အပိုထပ်ဆောင်းပြောတာတွေကို ပြုလုပ်တတ်ကြပါတယ်။ ဒီလိုပြောတာက ကလေးတွေအတွက်တော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးပြီး ပေါင်းသင်းဆက်ဆံရေး တိုးတက်လာတယ်လို့ ခံယူထားကြပါတယ်။

၈။ လွှတ်ခနဲ ပြောမိခြင်း

ကလေးတွေ လိမ်ပြောရခြင်းအကြောင်းအရင်းတွေထဲက‌ နောက်တစ်ချက်ကတော့ မထင်မှတ်ဘဲ လွှတ်ခနဲ ပြောမိသွားတာပါ။ အထူးသဖြင့် ADHD ရှိတဲ့ကလေးတွေက လွှတ်ခနဲ ပြောမိတတ်ကြပါတယ်။ ဒီလိုအခြေအနေမှာတော့ ကလေးကို စဉ်းစားချိန်ရအောင် အချိန်ပိုပေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments