ကလေးတွေက အသက် ၁ နှစ်ကနေ ၃ နှစ်အရွယ်အတွင်းမှာ ဂျီကျတတ်လာပါတယ်။ ကလေးတွေအတွက် ဂျီတာက သူတို့ရဲ့ခံစားချက်တွေကို ဖော်ပြတာပါ။ ကလေးတွေက ဂျီကျတဲ့အခါ အော်တာ၊ ပစ္စည်းတွေကို ရိုက်တာ၊ အသက်မရှူဘဲနေတာ၊ ခေါ်လို့မရဘဲ ပေကပ်နေတာ စတာတွေကို ပြုလုပ်တတ်ကြပါတယ်။
ဒီအသက်အရွယ်မှာ ကလေးတွေက သူတို့ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်ကြသေးပါဘူး။ အဲဒါကြောင့် မိဘတွေအတွက်တော့ အခက်တွေ့စေမှာပါ။ ကလေးတွေ ခဏခဏဂျီကျတဲ့အခါမှာတော့ ဒီလိုအချက်လေးတွေကို ပြုလုပ်ပေးပါ။
၁။ ဒီတိုင်းပဲ ထားလိုက်ပါ။
ကလေးတွေကို ဂျီမကျအောင်လို့ အော်တာက မထိရောက်တဲ့နည်းလမ်းပါပဲ။ ကလေးကို ဂျီကျရင် ဒီတိုင်းပဲ ထားပေးလိုက်ပါ။ သူ့ဘာသာသူ ငြိမ်သွားပါလိမ့်မယ်။
ဂျီကျပြီးတော့ စိတ်ခံစားချက်တွေကို ဖော်ပြတာက အလုပ်မဖြစ်ကြောင်း ကလေးတွေ နားလည်သွားပြီး နောက်လည်း ဂျီကျတော့မှာ မဟုတ်ပါဘူး။ ကလေးတွေ စိတ်တည်ငြိမ်သွားတဲ့အခါမှာ သေသေချာချာ ရှင်းပြဆုံးမပါ။
၂။ အခြားနေရာကို ခေါ်သွားပါ။
အော်တာ၊ ငိုတာ၊ ခြေဆောင့်တာတွေက ရန်မူတာနဲ့ လုံးဝကွဲပြားပါတယ်။ ကလေးတွေက ရန်မူတဲ့အခါ ထုရိုက်တာ၊ ကိုက်တာ၊ ပစ္စည်တွေကို ပစ်ပေါက်တာတို့ လုပ်လေ့ရှိပါတယ်။ အဲဒါကြောင့် ကလေးတွေအတွက် အဆင်မပြေတဲ့နေရာကို ရောက်ပြီး ဂျီကျနေရင် တိတ်ဆိတ်တဲ့အခြားနေရာကို ခေါ်သွားလိုက်ပါ။
၃။ အာရုံပြောင်းပါ။
ကလေးတွေကို အချိန်တိုအတွင်း အာရုံပြောင်းလို့လွယ်ကူပါတယ်။ သင့်ကလေးက အများရှေ့မှာ အရမ်းဂျီကနေရင် အရုပ် သို့မဟုတ် စားစရာတစ်ခုခုနဲ့ အာရုံပြောင်းလို့ရပါတယ်။ ဒါပေမယ့် သင့်ကလေးကို အခြားကလေးနဲ့ နှိုင်းယှဉ်ပြီးပြောတာကတော့ အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး။
၄။ တိတ်ဆိတ်တဲ့နေရာမှာ ငြိမ်ငြိမ်လေးထိုင်နေဖို့ပြောပါ။
မူကြိုကျောင်းတွေမှာတော့ ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ သင့်ကလေးက အရမ်းဂျီကျပြီး ပြောမရဖြစ်နေရင် တိတ်ဆိတ်တဲ့နေရာမှာ စိတ်ပြေသွားတဲ့အထိ ခဏသွားထိုင်နေဖို့ ပြောပါ။ သင့်ကလေးက ပုံဆွဲရတာကို သဘောကျရင် ပုံဆွဲစာအုပ်ပေးပြီး အေးဆေးတဲ့နေရာမှာ ခဏထားထားလိုက်ပါ။
၅။ အခြားနည်းလမ်းပြောင်းသုံးပါ။
ကလေးတွေက သူတို့မကြိုက်တဲ့အရာတွေကို တွေ့နေရရင်လည်း ဂျီကျတတ်ပါတယ်။ အဲဒီအခါ ပုံမှန်အတိုင်း ရှင်းမပြဘဲ သူတို့မကြိုက်တဲ့အစားအစာ၊ မကြိုက်တဲ့လူတွေက ပျော်ရွှင်အောင် လုပ်ပေးနိုင်ကြောင်း စိတ်ရှည်ရှည်ရှင်းပြပါ။
၆။ ကြိုတင်သတိပေးပါ။
ကလေးတွေက အချိန်အကြာကြီးဆော့ရတာကို သဘောကျကြပါတယ်။ သူတို့ကစားနေတာကို ရပ်ခိုင်းလိုက်ရင် စိတ်ကောက်သွားတတ်ကြပါတယ်။ အဲဒါကြောင့် ကစားဖို့ အချိန်စေ့တော့မယ်ဆိုရင် ကြိုတင်သတိပေးထားလိုက်ပါ။
၇။ အတည်မယူလိုက်ပါနဲ့။
ကလေးတွေက သူတို့လိုချင်တာ မရရင် "အမေ့ကို မုန်းတယ်၊ အဖေ့ကို မချစ်ဘူး" စသဖြင့် ပြောတတ်ကြပါတယ်။ အဲဒီစကားတွေက သူတို့ပြောတဲ့အတိုင်း ဆိုလိုတာမဟုတ်ပါဘူး။
သူတို့စိတ်အလိုမကျတဲ့အခါမှာ လက်ရှိခံစားချက်ကို ဖော်ထုတ်ပြတာပါ။ ဒါပေမယ့် မိဘတွေအတွက်တော့ စိတ်မကောင်းဖြစ်စေရတဲ့စကားတွေပါ။ အဲဒါကြောင့် ဒီလိုစကားတွေကို လစ်လျူရှုထားလိုက်ပါ။
Zombie (lovemedia)
0 Comments