ဘုရင်ကြီး၏ အိပ်မက် ၃ ခု

ရှေးတုန်းက ရုရှားပြည်ကြီးမှာ ဘုရင်တပါး အုပ်စိုးနေပါတယ်။ အဲဒီဘုရင်ကြီးဟာ တခါတော့ အိပ်မက်တယ်တဲ့။ အိပ်မက်ကလည်း သိပ်ဆန်းကြယ် တာပဲတဲ့။

ဘယ်လိုလဲ ဆိုတော့ (မြေခွေးတကောင်ဟာ နန်းတော် အမိုးကနေ တွဲလောင်းကျနေ) သတဲ့။ ဘုရင်ကြီးလည်း မနက်မိုးလင်းတော့ သူ့မှူးမတ်၊ ဝန်ကြီး၊ ပညာရှိတွေကို ခေါ်ပြီး အိပ်မက်ရဲ့ အဓိပ္ပါယ်ကို မေးသတဲ့။

ဖြေသမျှ အဖြေတွေ ကိုလည်း ဘုရင်ကြီးဟာ လုံး၀ မကျေနပ် ဘူးတဲ့။ ဒါနဲ့ပဲ သူကျေနပ်အောင် အဖြေထုတ်ပေး နိုင်သူကို တိုင်းပြည်ထဲမှာ ရှာပါလေရောလား။ အိပ်မက် အဓိပ္ပါယ်ကို မှန်ကန် ကျေနပ်အောင် ဖြေဆိုနိုင်ရင် ဆုတော်၊ လာဘ်တော် ချီးမြှင့်မယ်။ ထို့နောက် လူတိုင်း နန်းတော်ကို လာပြီးတော့ အိပ်မက် အဓိပ္ပါယ်ကို ပြောစေ သတဲ့။

မကြာပါဘူး၊ လယ်သမားအဖိုးကြီး အိုင်ဗင် ဟာလည်း အိပ်မက် အဓိပ္ပါယ်ကို ပြောဖို့အတွက် နန်းတော်ဆီကို ချီတက် လာခဲ့တာပေါ့လေ။ လမ်းတနေရာမှာ မြွေတကောင်နဲ့ တွေ့တော့ မြွေက မေးတယ်လေ။

"အဖိုးကြီး၊ အသင် ဘယ်သွားမလို့လဲ"

"အေးကွ၊ ဘုရင့်နန်းတော်ကို သွားမလို့ဟ။ ဘုရင့်အိပ်မက်ကို အဖြေပေးရ မယ်တဲ့။ ငါလည်း ဘာသိမှာလဲကွာ" လို့ အဖိုးကြီးက ညည်းညည်းညူညူ ပြောလိုက်တယ်တဲ့။

ဒီအခါမှာ မြွေက စဉ်းစားတယ်။ အဖိုးကြီးဟာ အသက်လည်း ကြီးပြီ။ ဆင်းရဲတာလည်း အရမ်းပဲ၊ ဘုရင်ကြီး ဆီက ဆုတော်လာဘ်တော်တွေ ရရင် ချမ်းသာသွားမှာပဲ လို့။ မြွေက

"ဒါဆို ကျုပ်ကို ဒီဆုတွေထဲက တဝက် ပေးမလား။ အဖြေကို ပြောပြမယ်လေ" လို့ ပြောတယ်။ အဖိုးကြီးဟာ မြွေရဲ့ စကားကို မယုံပေမယ့် သူလည်း ဘာဖြေရမှန်း မသိတာမို့ မြွေပြောတာကို လက်ခံလိုက်သတဲ့။

မြွေက အဖြေကို ဒီလို ပြောပြသတဲ့။ "မြေခွေးဟာ နန်းတော် အမိုးကနေ အမြီးတန်းလန်းနဲ့ စောက်ထိုး ကျနေတာက တနိုင်ငံလုံးမှာ မြေခွေးလို ကောက်ကျစ်မှုတွေ၊ ယုတ်မာမှုတွေ၊ သစ္စာနဲ့ ကတိမတည်မှုတွေ ပေါများနေတဲ့ အဓိပ္ပါယ်ပဲဗျ" လို့ ပြောပြသတဲ့။

အဖိုးကြီးလည်း နန်းတော်ကို ရောက်တော့ မြွေပြောပြလိုက်တဲ့ အတိုင်း ဘုရင်ကြီးကို ဖြေဆိုပြသတဲ့။ ဘုရင်ကြီးရော၊ ပညာရှိတွေကပါ သိပ်ကို သဘောကျ နှစ်ခြိုက်ကျပြီး အဖိုးကြီးကို ဆုလာဘ်ငွေကို အများကြီး ပေးလိုက်ကြသတဲ့။

ဒီအခါမှာ အဖိုးကြီးဟာ ဆုငွေတွေ ရလာတာနဲ့ အမျှ မြွေကို ကတိအတိုင်း ခွဲမပေးချင် တော့ဘူးလေ။ ဒါနဲ့ပဲ တခြားလမ်း ကနေ သူ့အိမ်ကို ပြန်သွားသတဲ့။ မြွေကတော့ အဖိုးကြီးများ လာလေမလားလို့ စောင့်မျှော်ရင်း ပေါ်မလာနိုင်တော့မှ သူ့မြွေတွင်း ထဲကို ပြန်ဝင်သွားသတဲ့။

ဒီလိုနဲ့ နောက်ရက် အတန်ငယ် ကြာလာတဲ့အခါ ဘုရင်ကြီးဟာ အိပ်မက်တခုကို မက်ပြန်ပါရော။ (အိပ်မက်ကတော့ နန်းတော်အမိုးကနေ ဓားတစင်း တွဲလောင်း ကျနေပြန်သတဲ့)

ဒီအခါမှာ ဘုရင်လည်း သူ့ပညာရှိနဲ့ အမတ်တွေကို ဖြေခိုင်းပြန် တယ်တဲ့။ ဘယ်သူမှ ကျေနပ်အောင် မဖြေနိုင်တာမို့ အရင်အဖြေ မှန်ဘူးတဲ့ အဖိုးကြီး အိုင်ဗင်ကို အခေါ် လွှတ်ခိုင်းသတဲ့။ အဖိုးကြီးလည်း ဟိုတခါက မြွေပြောပြလို့သာ ဖြေနိုင်တာ မဟုတ်လား။

ဒီတခါလည်းမြွေဆီက အဖြေတောင်းမှ ဖြစ်မယ် ဆိုတော့ တွေးမိတာပေါ့။ ဒါနဲ့ပဲ မြွေနဲ့ အရင်တွေ့ခဲ့တဲ့ နေရာဆီ အရောက်သွားပြီး တွေ့တာပေါ့လေ။ မြွေလည်း အဖိုးကြီးကို ထွက်ပြီးတွေ့သတဲ့။

"ဘာကိစ္စရှိလို့လဲ အဖိုးကြီး"

"ဘုရင်ကြီးရဲ့ အိပ်မက်ကို သင်ဖြေပေးပါအုံး။ ဟိုတခါက ကျုပ်မှာ ကြွေးဆပ်စရာ ရှိနေလို့ သင့်ကို တဝက် ခွဲမပေးတာပါ။ ဒီတခါတော့ တကယ် ပေးပါ့မယ်၊ စိတ်ချ" အဖိုးကြီးဟာ မြွေကို လီဆယ်ပြီး တောင်းပန် ပြောတော့တာပေါ့။ မြွေကတော့ ဒါကို ဘာမှမပြောပါဘူး။ ဘုရင်ကြီးမက်တဲ့ အိပ်မက်က ဘယ်လို အိပ်မက်လဲ လို့သာ အဓိကထား မေးသတဲ့။

အဖိုးကြီးက ပြောပြတော့ မြွေက "ဒါက ဘာမှ မဟုတ်ပါဘူး။ ရန်သူတွေ ပေါများတဲ့ အဓိပ္ပါယ်ပါပဲ။ မကြာခင်မှာ သွေးချောင်းစီးမယ့် သဘောပါပဲ။ ဒါကြောင့် ဘုရင်ကြီးအနေနဲ့ တိုင်းပြည်အတွင်းက ရန်သူတွေကိုရော၊ ပြည်ပက ရန်သူတွေကိုရော ကြိုတင်ပြင်ဆင် နှိမ်နှင်းနိုင်မှ ဖြစ်မယ်လို့ ဆိုလိုတာပါ" လို့ဖြေတယ်။ ထိုအခါ အဖိုးကြီးလည်း နန်းတော်ဆီမှာ အဖြေသွားပေး၊ ဆုငွေရယူပြီး ပြန်လာတာပေါ့။

ဒီတစ်ခါတော့ မြွေရှိတဲ့ လမ်းကပဲ ပြန်လာခဲ့သတဲ့။ ဒါပေမယ့် ဆုငွေတဝက်ကို ခွဲဝေ ပေးဖို့တော့ စိတ်ကူးမိလို့ မဟုတ်ပဲ မြွေကို တွေ့ရင် အသင့်ပါလာတဲ့ ဓါးနဲ့ ခုတ်သတ်ဖို့ကို ကြိုတင် ကြံစည်လာသတဲ့။ ဒီလိုနဲ့ အဖိုးကြီးနဲ့မြွေ တွေ့ကြရော။ မြွေက အဖိုးကြီးဆီက ကတိအတိုင်း ဆုငွေ တဝက်တောင်းတာပေါ့။

"ဟေ့၊ ဘာလို့ ပေးရမှာတုံးကွ၊ မပေးဘူးကွ။ မင်းကငါ့ကို ဘာလုပ်နိုင်မှာ မို့လို့လဲ၊ ဒီမယ် ဓါးကြည့်ထား" ဆိုပြီး အဖိုးကြီးလည်း ဓါးကို ဒေါသတကြီး ဆွဲထုတ်လိုက်တာနဲ့ မြွေဟာ အလျင်အမြန်ပဲ သူ့တွင်းထဲ ပြေးဝင်သွားတော့တာ ပေါ့ကွယ်။

မကြာပါဘူး။ ဘုရင်ကြီးက ပြည်တွင်းရန်၊ ပြည်ပရန်တွေ အားလုံးကို နှိမ်နင်း အောင်မြင်ပြီး တိုင်းပြည်ဟာ ပြန်လည် တည်ငြိမ်အေးချမ်း လာတော့တာပေါ့။ အဲဒီလို အေးချမ်းပြီးကာစ အချိန်မှာပဲ အိပ်မက်တခု ထပ်မက် ပြန်တယ်။

(နန်းတော်အမိုးပေါ်မှာ သိုးကလေးတကောင် တွဲလောင်း ကျနေသတဲ့) "အဖိုးကြီး အိုင်ဗင်ကို ဒီအိပ်မက် အဓိပ္ပါယ် ဖော်ဖို့ သွားခေါ်ကြစမ်း" ဘုရင်ဟာ အဖိုးကြီး အိုင်ဗင်ကိုပဲ ခေါ်စေသတဲ့။

ဒီတခါတော့ အဖိုးကြီး ဒုက္ခရောက်ပြီပေါ့။ အိုင်ဗင်ဟာ မြွေကို ငါကြည့်ပြီး တောင်းပန်ရမှာပဲ ဆိုပြီး မြွေရှိရာဆီ ထွက်လာခဲ့သတဲ့။ အကျိုးအကြောင်း ပြောပြတာပေါ့။ သူမိုက်မှားမိခဲ့သမျှ ကိုလည်း နောင်တ ရတဲ့အကြောင်း မြွေကို ဝန်ချ တောင်းပန်သတဲ့။ မြွေက အဖိုးကြီးကို ဘာမှ အပြစ်မတင်ပဲ

"ဒီအိပ်မက်ရဲ့ အဓိပ္ပါယ်က တနိုင်ငံလုံးဟာ သိုးကလေးလို ရိုးသား အေးချမ်းပြီး သာယာဝပြောတဲ့ အဓိပ္ပါယ်ပဲ" လို့ ပြောလိုက်တယ်။ ဒါနဲ့ပဲ အဖိုးကြီးလည်း နန်းတော်ဆီ ပြေးပြီး ဘုရင်ကြီးဆီကို သံတော်ဦး တင်တော့တာပေါ့။ ဘုရင်ကြီးလည်း အလွန်အားရကျေနပ်ပြီး ဆုငွေတွေကို အရင်ကထက် ပိုမိုပြီး ချီးမြှင့်လိုက်သတဲ့။

ဒီတခါတော့ အဖိုးကြီး အိုင်ဗင်ဟာ ဆုငွေတွေကို မြွေဆီကို တန်းတန်းမတ်မတ် ယူသွားပြီး အားလုံးကို ပုံပေးလိုက်သတဲ့။ ဒါပေမယ့် မြွေက မယူဘူးတဲ့။

"ဒီဟာတွေဟာ ကျုပ်အတွက် ဘာမှ အသုံးမဝင်ပါဘူး၊ သင်ပဲ အားလုံးကို ပြန်ယူသွားပါ" လို့ မြွေက ပြောတော့ အဖိုးကြီးလည်း သူအပြစ်တွေကို ခွင့်လွှတ်ဖို့ အကြိမ်ကြိမ် ပြောတာပေါ့။

မြွေကလည်း "တနိုင်ငံလုံးဟာ မြေခွေးလို ကောက်ကျစ် သစ္စာမဲ့ချိန်မှာ သင်ဟာလည်း သစ္စာမဲ့ခြင်းသာ ဖြစ်တယ်။ တနိုင်ငံလုံး ရန်စွယ်ငေါငေါနဲ့ လက်နက်ကိုင်နေ ကြချိန်မှာ သင်ဟာ ကျုပ်ကို ဓါးနဲ့ ချိန်ရွယ်ပြီး ခြိမ်းခြောက်ခြင်းသာ ဖြစ်တယ်။ အခုအခါ မှာတော့ တနိုင်ငံလုံးဟာ သိုးကလေးလို ရိုးသားအေးငြိမ်းချိန်မှာ သင့်စိတ်နှလုံးဟာလည်း ရိုးသားအေးချမ်းခြင်း ပါပဲ။ ဒါကြောင့် ကျုပ်ဟာ အသင့်ကို အပြစ်မယူပါဘူး။ ခွင့်လွှတ်ပါတယ်" လို့ပြောပြီး မြွေဟာ သူ့တွင်းထဲကို ပြန်ဝင်သွားပါသတဲ့။ ကိုရွှေသိမ်းမင်း

Post a Comment

0 Comments