ဝဋ်ကြွေးဆပ်သူ

တခါတုန်းက ရွာတရွာမှာ လင်မယား နှစ်ယောက် ရှိပါတယ်။ အမျိုးသားဟာ သိပ်ကို ကြမ်းတမ်းတဲ့ စရိုက် ရှိတဲ့ အတွက် တနေ့ တနေ့ သူ့အမျိုးသမီးကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်နှက်တတ် ပါတယ်။

သူအလုပ်က ပြန်လာပြီ ဆိုတာနဲ့ မျက်နှာက တည်တင်းလို့ အမျိုးသမီးကို ဘယ်လို အပြစ် ရှာရမလဲ ဆိုတာပဲ တွေးနေတတ် ပါတယ်။

အပြစ်ကလေး တစုံတရာ တွေ့တာနဲ့ နီးရာတုတ် ဆွဲပြီး ရိုက်နှက်တော့တာ ပါပဲ။ အမျိုးသမီးကလည်း သူ့ကို သိပ်ကြောက်ရ ပါတယ်။ သူ အိမ်ပြန်လာတာနဲ့ အပြစ်ရယ်လို့ ရှာမတွေ့နိုင်အောင် ကြိုးစားပြီး အဆင်သင့် ဖြစ်အောင် တအိမ်လုံး ရေအိုးတွေကို ပြည့်အောင် ခပ်၊ တခြံလုံး အမှိုက်တွေ ရှင်း၊ ထမင်း ဟင်းတွေ ကိုလည်း အဆင်သင့် ခူးခပ်ပေးထား ပါတယ်။

သို့ပေမယ့် အပြစ်ကတော့ မလွတ်ပါဘူး။ ထမင်းကို သူပြန်မလာခင် စောစောလေး ကြိုခူးထား မိရင်လည်း "ဒီလောက် အကြာကြီးက ထမင်းခူး ထားတော့ ထမင်းတွေက အေးကုန်တာပေါ့။ တနေကုန် ပင်ပန်းနေတာ ဒီထမင်းအေးကြီး ငါက စားရမလား၊ ဒီလောက်တောင် နားမလည်တဲ့ မိန်းမ" ဆိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်ပြီး တွေ့ကရာနဲ့ အမျိုးသမီးကို ရိုက်နှက်တော့တာ ပါပဲ။

သူပြန်လာခါနီးမှ အပြေးအလွှား ထမင်းခူးထား ပြန်တော့လည်း "ယောက်ျားက မောမော ပန်းပန်းနဲ့ ပြန်လာတာ ဒီထမင်းပူကြီး စားပြီး ငါ့ကို သေစေချင် လို့လား" ဆိုပြီး ရိုက်ပြန်တာပါပဲ။

အမျိုးသမီးခမျာ မှာလည်း ထိုအမျိုးသားက ဘယ်လောက်ပဲ ရိုက်ရိုက် သံယောဇဉ် ကလည်း မကုန်နိုင်၊ စိတ်ကလည်း မပြတ်နိုင်၊ နေ့စဉ် ရိုက်နှက် နှိပ်စက်နေတဲ့ ဒါဏ်ကိုလည်း ခံရတာ သိပ်ကြောက်လှ တာမို့ ဆုတ်လည်းဆူး၊ စားလည်း ရူးဘဝနဲ့ နေ့စဉ် အမျိုးသား ပြန်လာခါနီးပြီ ဆိုရင် တုန်နေအောင် ကြောက်နေရ ရှာတော့တာ ပါပဲ။

ပတ်ဝန်းကျင် ကတောင် မခံမရပ် နိုင်အောင် ဖြစ်ကြရပါတယ်။ "ဒီလောက် နှိပ်စက်နေတဲ့ ယောက်ျားကို နင်ထားခဲ့ ပါတော့လား" ဆိုလည်း မထားခဲ့နိုင် ပါဘူး။ သူမ မပြတ်နိုင်ပါဘူး။ ဒါနဲ့ နောက်ဆုံး ကြံရာ မရတော့တဲ့ အခါ ရွာဦး ဘုန်းတော်ကြီးကျောင်းက ဆရာတော်ကြီးထံ အကျိုးအကြောင်း သွားပြီး လျှောက်ရရှာ ပါတယ်။ နောက်ဆုံးတော့လည်း အားကိုးရာက သံဃာရတနာပါပဲ။

အကြောင်းစုံကို သိရတဲ့ အခါ ဆရာတော်ကြီးက မေးပါတယ်။ "ဒကာမရဲ့ ယောက်ျားက ဘယ်အချိန်တွေမှာ အရိုက် များတတ် သလဲ" "ရိုက်တာတော့ အချိန်တိုင်း လိုလိုပါပဲ ဘုရား။ သို့ပေမယ့် သူ ထမင်းစား ခါနီးရင် ပိုပြီး ရိုက်တတ်ပါတယ် ဘုရား"

ဒါနဲ့ပဲ ဆရာတော်ကြီးက အနီးအနားမှာ ရှိနေတဲ့ အုန်းလက် အရိုးတွေကို စုစည်းပြီး လုပ်ထားတဲ့ အုန်းတံမြက်စည်းကို ပေးပြီး "ရော့ နင့်ယောက်ျား ထမင်းစားဖို့ စားပွဲနားမှာ ထိုင်တာနဲ့ အဲဒီတံမြက်စည်းကို အနားမှာသာ ချထားပေးလိုက်" ဒီလိုပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲကို ကြွဝင်သွား ပါတော့တယ်။

အမျိုးသမီးခမျာလည်း ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကို မသိ နားမလည် သော်လည်း "အကြောင်းတော့ ရှိမှာပဲ" ဆိုပြီး တံမြက်စည်းလေး ပိုက်လို့ အိမ်ကို ပြန်လာခဲ့ပါတယ်။

ဆရာတော်ကြီး မိန့်ခဲ့တဲ့ အတိုင်း သူ့ယောက်ျား ထမင်း စားခါနီးလို့ အပြစ် တခုခု ရှာတော့မယ် ဆိုတာနဲ့ အမျိုးသမီးက တံမြက်စည်းလေးကို မသိမသာ အနားကို တိုးပေးထား လိုက်တယ်။ အမျိုးသားကလည်း အနားမှာ အဆင်သင့် ရှိနေတဲ့ တံမြက်စည်းနဲ့ ကောက်ရိုက်တော့ တာပါပဲ။

ဒီလိုနဲ့ တလလောက် ကြာလာတဲ့ အခါမှာ အမျိုးသားရဲ့ ရိုက်ပုတ် နှိပ်စက်မှုတွေက တဖြည်းဖြည်း နည်းနည်း သွားပြီး နောက်ဆုံး လုံးဝ မရိုက်တော့ ပါဘူး။ အမျိုးသမီးက စမ်းသပ်ကြည့် ပါတယ်။

ထမင်းကို စားလို့ လုံးဝ မကောင်းအောင် ပျော့အောင် ချက်ကြည့်တယ်၊ မနက်ကတည်းက ချက်ထားတဲ့ ထမင်းအေးကြီး ချကျွေး ကြည့်တယ်၊ ဘယ်လိုပဲ စမ်းစမ်း မရိုက်တော့ ပါဘူး။

အဲဒါနဲ့ပဲ နောက်ဆုံး အမျိုးသမီးက သူ့အမျိုးသားကိုပါ ခေါ်ပြီး ကျေးဇူးရှင် ရွာဦးကျောင်း ဆရာတော်ကြီးထံ အကြောင်းစုံ သွားပြီးလျှောက်ထားတဲ့ အခါမှာတော့ ဆရာတော်ကြီးက မိန့်ပါတယ်။ "အဲဒါ ဝဋ်ကြွေး ကျေအောင် လုပ်ပေးလိုက်တာ" တဲ့။ ဆရာတော်ကြီး ဆက်ပြီး မိန့်တာက

"တို့ ဘုရားရှင် လက်ထက်တော်တုန်း ကလည်း ဒီလိုပဲ ဒကာတို့ ဒကာမတို့၊ အတိတ်ဘဝက နွားဖြစ်ခဲ့ဖူးတဲ့ လင်ယောက်ကျားနဲ့ နွားရှင် ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတို့ အကြင်လင်မယား အဖြစ် ပြန်လည် ဆုံကြတဲ့ အခါမှာ အတိတ်က နွားရှင် ဖြစ်ခဲ့စဉ်က နေ့စဉ် ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးကို နွားဖြစ်ခဲ့ဖူးတဲ့ အမျိုးသားက နေ့တိုင်း ရိုက်နှက်နေတာမို့ ဘုရားရှင်က အခု ဘုန်းကြီးပေးတဲ့ နည်းလေး ညွှန်ကြားပေးတော် မူခဲ့တယ်။

တုတ်တချောင်းနဲ့ တချက်ခြင်း ရိုက်နေတော့ ဝဋ်ကြွေးက တော်တော်နဲ့ မကျေဘူးပေါ့။ အုန်းလက်ရိုး တံမြက်စည်းက တချောင်းကို အုန်းလက်ပေါင်း ရာချီပြီး စုစည်းထားတာမို့ တချက်ရိုက်တာနဲ့ အနည်းဆုံး အချက် ငါးဆယ်လောက် ကျေပါတယ်။

ဒါကြောင့် ဘုန်းကြီးလည်း ဒကာမက လာပြီး လျှောက်ထားတော့ ဘုရားပေးတဲ့ နည်းလေး အတိုင်းပဲ ပေးလိုက်တာပါ။ ကဲ ခုတော့ ဝဋ်ကြွေးတွေလည်း ကျေသွားကြပြီမို့ ပျော်ပျော် ရွှင်ရွှင် နေကြပေရော့" ဒီလောက်ပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲ ကြွဝင်သွား ပါတော့တယ်။

ကဲ စာဖတ်ပရိသတ်လည်းပဲ ဒီနည်းလေးကို နည်းယူပြီး သုံးကြမယ် ဆိုရင်တော့ တခါတရံ ကိုယ့်မှာ အပြစ်မရှိပဲ အပြစ်တင် ခံရတဲ့ အခါ အပြစ်ပြန်ပြီး မတင်ပါနဲ့၊ ဝဋ်ကြွေး မကျေ ဖြစ်ပါလိမ့်မယ်။ များများလေးသာ တင်ပါစေ ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေလိမ့်မယ်။

ကိုယ်တန်ဖိုး အထားဆုံး ကိုယ့်သိက္ခာတရားကို ရစရာ မရှိအောင် နှိမ်ချတဲ့ စကားတွေ အပြောခံရတဲ့ အခါလည်း ကြုံရ ပါလိမ့်မယ်။ ပြန်မပြောပါနဲ့ ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ်။ များများလေးသာ ပြောပါစေ၊ ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ်။

ကိုယ်က ကျေးဇူးပြုဖူးသူက ကိုယ့်ကျေးဇူးကို အခါခါ စော်ကားတာ မျိုးလည်း ကြုံရပါလိမ့်မယ်။ ကျေးဇူးရှိလို့ ကျေးစွပ်တယ်လို့ မပြောလိုက်ပါနဲ့ ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ်။ များများလေးသာ စော်ကား ပါစေ၊ ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ်။ Crd

Post a Comment

0 Comments