အားနည်းချက်ရှိသူ

တခါက ရွာတရွာမှာ ရေထမ်းတဲ့ လူတယောက် ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံးကို ပခုံး တဘက် တချက်မှာ ထမ်းပြီး ရေသယ်လေ့ ရှိတယ်တဲ့။ အိုးတလုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး။ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ် လာတိုင်း စိမ့်တာပေါ့။

ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတဝက်ပဲ ပါသတဲ့။ ကျန်တဲ့ အိုးတလုံး ကတော့ အပြစ် အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်း ကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့် ပါတာပေါ့။

ဒီလိုနဲ့ အိမ်ရောက်ရင် အိုးတလုံးနဲ့ တဝက်ပဲ ရေသယ် လာလိုက်တာ နှစ်နှစ်လောက် ကြာသွားသတဲ့။ ဒီတော့ အိုး အကောင်းလေးက သူ့ကိုယ်သူ သိပ်ဂုဏ်ယူ သတဲ့။

"ငါက အပြစ် အနာအဆာ မရှိဘူး။ ဒါကြောင့် များများ သယ်နိုင်တယ်" လို့ အထင် ရှိနေတယ်တဲ့။ အက်နေတဲ့ အိုးကလေးက စိတ်ထဲမှာ တော်တော်လေး သိမ်ငယ်နေ ရှာတယ်။

"အော် ငါ့မှာ အားနည်းချက် ရှိတယ်။ သူများလို အပြည့် မသယ်နိုင်ဘူး၊ တဝက်ပဲ သယ်နိုင်တယ်" ပေါ့။ ဝမ်းနည်းလည်း ဝမ်းနည်း နေတယ် တဲ့။

ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမ်းသမားကို ရင်ဖွင့် ရှာတယ်။ "သခင်ရယ် ကျွန်တော် သခင့်ကို တောင်းပန်ချင် ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။

သခင်ကတော့ သခင့်ဘက်က အပြည့်အဝ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေးကြောင့် သခင် သယ်သမျှ ရေတွေ အပြည့်မရဘူး၊ တဝက်က အလဟဿ ဖြစ်ရတယ်" လို့ ဝမ်းနည်း ပက်လက်နဲ့ ပြောမိတယ်။

အဲဒီအခါမှာ ရေထမ်းသမားက ဘယ်လို ပြန်ပြောသလဲ ဆိုတော့ "အိုးကလေး မင်းကြည့်လိုက်စမ်း။ ရေခပ်လမ်း တလျှောက်မှာ မင်းရှိတဲ့ ဘက်ခြမ်း တလျှောက်လုံး ပန်းတွေ ပွင့်နေတာ မင်း သတိပြုမိရဲ့လား" တဲ့။

"ငါက မင်း ရေစိမ့်နေတယ် ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်းမှာ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ် လုံးလုံး ရေခပ်လမ်းက အပြန်မှာ မင်းက ဒီ ပန်းပင်လေးတွေကို ရေမှန်မှန် လောင်းပေးခဲ့တယ်။

အခုဆို ကြည့်စမ်း လှပတဲ့ ပန်းတွေ ပွင့်နေပြီ။ အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေနဲ့ အလှဆင် နိုင်ပြီ။ မင်းသာ မရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်းပါ" တဲ့။

သင်ခန်းစာ။ ။ လူတိုင်းမှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီအားနည်းချက် ကလေးတွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်။ ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။

ဒီ အားနည်းချက် အတွက် သဘာဝ တရားကြီးက အစား တခုခုလည်း ပြန်ပေးတတ် ပါတယ်။ ဒါပေမယ့် မြင်သာချင်မှလည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှလည်း ရမယ်။ အရှင်ဇာနေယျ (မေတ္တာ အလင်းရောင်)

Post a Comment

0 Comments