ခေါင်းဆောင် နှစ်ဦး

တရံရောအခါ ဗာရာဏသီပြည်အနီး၌ လက်သမားရွာကြီး တရွာ ရှိသည်။ ထိုရွာတွင် လက်သမား တထောင် နေထိုင်သည်။ သူတို့သည် ထိုရွာ၌ ကြာမြင့်စွာ နေထိုင်လာခဲ့ရာမှ လုပ်ငန်းများ မအောင်မြင် ဖြစ်လာကြသည်။

ကြွေးမြီများ ထူလာကြသည်။ သို့ဖြင့် ထိုရွာ၌ ဆက်လက် နေထိုင်ရန် မသင့်တော် သောကြောင့် ဧရာမလှေကြီးတစင်း ပြုလုပ်ကာ မိသားစုများ ကိုပါ တင်ဆောင်၍ ရေလမ်းခရီးဖြင့် ထွက်ခွာလာ ခဲ့ကြသည်။

သူတို့သည် သမုဒ္ဒရာ အလယ်သို့ ရောက်သောအခါ ကျွန်းငယ် တခုကို တွေ့ရှိကြသည်။ ထိုကျွန်းငယ်မှာ ဆန်ရေစပါးနှင့် သီးနှံမျိုးစုံ ပေါများသည်။ ထိုကျွန်းတွင် သင်္ဘော ပျက်သဖြင့် ဦးစွာ ရောက်နှင့်နေသော ယောက်ျား တယောက်ကို သူတို့ တွေ့သည်။ ထိုသူက

"အဆွေတို့၊ သည်ကျွန်းမှာ အစားအစာ ပေါများသည်။ ဘေးအန္တရာယ်လည်း မရှိ။ သို့ရာတွင် သည်ကျွန်းကို နတ်များစောင့်သည်။ နတ်တို့သည် လူသားတို့၏ ကျင်ကြီး ကျင်ငယ် တို့ကို အလွန် စက်ဆုပ်ကြသည်။ အဆွေတို့ ဤကျွန်းတွင် နေလိုပါက ကျင်ကြီးကျင်ငယ် များကို အရမ်း မစွန့်ပါနှင့်။ သဲများကို ယက်၍ တွင်းပြုပြီးမှ စွန့်ပါ။ ထို့နောက် သဲဖြင့်ပြန်၍ ဖုံးအုပ်ပါ" ဟူ၍ သတိပေး ပြောဆိုသည်။

လက်သမားတို့သည် ထိုကျွန်းမှာပင် အခြေချ နေထိုင်ရန် ဆုံးဖြတ်လိုက် ကြသည်။ လက်သမား တထောင်တွင် ခေါင်းဆောင်အကြီးအမှူး နှစ်ယောက် ရှိသည်။ ခေါင်းဆောင်တဦးက လက်သမား ငါးရာကို အုပ်ချုပ်၍ ကျန်ခေါင်းဆောင် တဦးက ကျန်လက်သမား ငါးရာကို အုပ်ချုပ်သည်။ ခေါင်းဆောင်နှစ်ဦးတွင် တဦးသည် ပညာရှိသည်။ တဦးကား ပညာမဲ့သည်။

လက်သမားများသည် ကျွန်းပေါ်တွင် အခြေချ နေလာရာမှ အတန်ကြာသော် ပညာမဲ့ခေါင်းဆောင်နှင့် ငယ်သားများသည် ကြံရည်ကို သေအရက် ပြု၍ သောက်စားမူးယစ် ကြသည်။ သီဆို ကခုန် ကြသည်။ ထို့နောက် ကျင်ကြီးကျင်ငယ် တို့ကို စည်းကမ်းတကျ မစွန့်ကြတော့။ ပြန်၍လည်း ဖုံးအုပ်ခြင်း မပြုကြ။

ထိုအခါ ကျွန်းစောင့်နတ် တို့သည် လွန်စွာ အမျက်ထွက် ကြသည်။ ၁၅ ရက် လွန်မြောက်လျှင် သမုဒ္ဒရာရေကို တက်စေ၍ ကျွန်းဆေးအံ့၊ လူအများကို သေစေအံ့ ဟု စီစဉ်ကြသည်။ ထိုနတ်တို့တွင် ကြင်နာတတ်သော နတ်တပါး ပါသည်။

ထိုနတ်က လူအများကို မပျက်စီး စေလို။ ကျွန်းနေ လက်သမားများထံ လာရောက်၍ ဘေးဖြစ်မည့် အကြောင်းစုံကို ပြောပြသည်။ ၁၅ ရက် ရက် မတိုင်မီ ထွက်ပြေးကြရန်လည်း နှိုးဆော်သည်။

ထို့နောက် ရက်စက်သော နတ်တပါး ရောက်လာပြန်သည်။ ထိုနတ်က လက်သမားတို့အား ပထမ ပြောသွားသော နတ်သားသည် "သင်တို့ကို မလိုမုန်းထား၍ ပြောဆိုခြင်း ဖြစ်သည်။ ဤကျွန်းတွင်သာ နေကြပါ။ တစုံတရာ ဘေးမရှိပါ" ဟု ပြောဆိုပြန်သည်။

ဤတွင် ပညာရှိ ခေါင်းဆောင်က စဉ်းစားချင့်ချိန် ပြီးလျှင် "အဆွေတို့ လှေတို့ကို အသင့်စီရင်၍ ထားကြမှ သင့်မည်။ ပထမနတ်၏ စကားမှန်သော် ရေတက်သောအခါ လှေဖြင့် ထွက်ခွာကြမည်။ ဒုတိယနတ်၏ စကားမှန်သော် လှေတို့ကို သင့်တော်ရာ၌ ထား၍ ဤကျွန်းတွင်ပင် ဆက်လက်နေကြမည်" ဟု အဖော် လက်သမားတို့ကို ဆို၏။

ထိုစကားကို ပညာမဲ့ ခေါင်းဆောင်က လက်မခံ။ "အဆွေ သင်သည် အလုပ်ပို လုပ်လိုသူ ဖြစ်သည်။ ပထမနတ်သားသည် ငါတို့ကို မုန်း၍ ဆိုခြင်းဖြစ်သည်။ ဒုတိယနတ်သား သည်ကား ချစ်၍ဆိုခြင်း ဖြစ်သည်။ ဤသာယာသော ကျွန်းကို ငါတို့ အဘယ့်ကြောင့် စွန့်ရအံ့နည်း။ လှေပြုလုပ်ရန် မလို" ဟု ဆို၏။

ဆိုသည့် အတိုင်းလည်း မိမိ၏ ငယ်သားငါးရာ တို့ကို လှေ မပြုလုပ်ရန် ညွှန်ကြား၏။ သူ၏ ငယ်သားများကလည်း သူတို့ဆရာစကားကို နားထောင်ကာ ဘာမှမလုပ်။ သောက်စား မူးယစ်၍သာ နေကြလေ၏။

ပညာရှိခေါင်းဆောင် ကမူ မိမိ၏ ငယ်သားများကို လှေပြုလုပ်စေသည်။ စားရေရိက္ခာ အပြည့်အစုံ ရှာဖွေ၍ လှေပေါ်သို့ တင်စေသည်။ ငယ်သားများကလည်း ပညာရှိ ခေါင်းဆောင်၏ စကားကို နာယူကာ အစစအရာရာ အသင့် ပြုလုပ်ထား ကြသည်။

၁၅ ရက် စေ့သော် ကြင်နာတတ်သော ပထမနတ် ပြောသည့် အတိုင်းပင် သမုဒ္ဒရာရေတို့သည် ကျွန်းပေါ်သို့ တရိပ်ရိပ် တက်လာသည်။ ခါးလယ်ခန့် ရောက်သောအခါ ပညာရှိခေါင်းဆောင်နှင့် ငယ်သားငါးရာတို့သည် လှေကြီးပေါ်သို့ တက်၍ လှော်ခတ်ထွက်ခွာသွား ကြလေသည်။

ပညာမဲ့ ခေါင်းဆောင်နှင့်ငယ်သားများမူကား မမှုကြ။ "ကျွန်းဆေးခြင်းမျှသာ ဖြစ်သည်။ ရေတို့သည် ခါးလယ်အထိသာ ရောက်နိုင်သည်။ ထို့ထက်တိုး၍ မရောက်နိုင်" ဟု ဆိုကာ အေးဆေးစွာ နေကြသည်။

သို့ရာတွင် သူတို့ ထင်သကဲ့သို့ မဟုတ်။ သမုဒ္ဒရာရေသည် ခါးလယ်မှပခုံး၊ ပခုံးမှ ဦးခေါင်း၊ ဦးခေါင်းမှ ထန်းတဖျား တိုင်အောင် တက်လေတော့သည်။ သည်တွင် ပညာမဲ့ ခေါင်းဆောင်နှင့် တကွ ထိုသူကို ဆည်းကပ်သူ ငယ်သား ငါးရာစလုံး ရေနစ် သေဆုံး သွားကြလေ၏။ ပညာရှိကို မှီဝဲ ဆည်းကပ်ခြင်းသည် မြတ်သော မင်္ဂလာတပါးပင် ဖြစ်သည်။ Pink

Post a Comment

0 Comments