လကိုကိုင်မည့် ဘုရင်ကြီး

တခါတရံ လူတို့သည် မြင့်မြင့်တွေးပြီး ဝေးဝေးရောက်နိုင် လိမ့်မည်ဟု ထင်တတ်ကြသည်။ ယခုပုံပြင်လေးသည် ဒိုမီနီကန်သမ္မတနိုင်ငံမှ ပုံပြင်လေး တပုဒ်ဖြစ်သည်။ ခေါင်းဆောင်မှု ဆိုသည်မှာ ဘုရင်ခေတ်၌ သာမဟုတ် မည်သည့် ခေတ်တွင်မဆို အရေးကြီးလှ ပေသည်။

စိတ်ကူးဖြင့် ခေါင်းဆောင်လုပ်၍ မရပါ။ ခေါင်းဆောင်ကောင်းတို့ မည်သည်မှာ စိတ်ကူးယဉ်ပြီး အလုပ် မလုပ်ကြပါ။ လက်တွေ့ဖြင့်ဘဝကို ဖြေရှင်းတတ်ကြသူများ ဖြစ်ကြပါသည်။

ရှေးအခါက ဘုရင်ကြီးတပါးသည် ပင်လယ်ကမ်းခြေတွင် လမ်းလျှောက်ရင်း ဤသို့ တွေးမိသည်။ သူ့စိတ်ထဲတွင် လမင်းကြီးကို ကိုင်ကြည့်ရလျှင် ကောင်းမှာပဲဟု စိတ်ကူးတွေ ဝင်လာသည်။

"ငါဘုရင်ပဲ။ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ လိုချင်တာ မှန်သမျှ အကုန်ရ ရမှာပေါ့။ လမင်းကြီးကို ကိုင်ကိုကိုင်ကြည့် နိုင်ရမယ်" ဟု ကြုံးဝါး လိုက်သည်။

နောက်တနေ့တွင် သူသည် ကျွန်းရှိ လက်သမားခေါင်းဆောင်ကို နန်းတော်အတွင်းသို့ ခေါ်လိုက်လေသည်။ "မောင်မင်း ငါကိုယ်တော်မြတ်အတွက် မျှော်စင်ကြီးတခု ဆောက်ပေးရမယ်။ ဘယ်လောက် မြင့်ရမလဲ ဆိုရင် လကို ရောက်တဲ့အထိ မြင့်ရမယ်" ဟု အမိန့်တော် ချလိုက်လေသည်။

လက်သမားလည်း မျက်လုံးပြူးသွားပြီး "လကို အရောက်လား ဘုရား။ တကယ် လကို ပြောတာလားဘုရား" ဟု ပြန်မေးလိုက်လေသည်။

"ကျုပ်ပြောတာ မကြားဘူးလား။ တကယ့်လပေါ့။ ကျုပ် အဲဒီလကို ကိုင်ကြည့်ချင်တယ်။ ခုချိန်ကစပြီး တည်ဆောက် စေ မောင်မင်း"

လက်သမားဆရာကြီးသည် အိမ်ပြန်သွားပြီး အခြားလက်သမားများနှင့် တိုင်ပင်ကြည့်သည်။ ခေါင်းကုတ်လိုက်၊ ခေါင်းရမ်းလိုက်နှင့် သူတို့ဘုရင်ကြီးက သူတို့ကို ကျီစားနေသည်ဟု ထင်ကြသည်။ နောက်ရက် အနည်းငယ် အကြာတွင် နန်းတော်မှဆင့်ခေါ်သဖြင့် လက်သမားဆရာကြီးသည် ပြန်ရောက်လာရ ပြန်သည်။

"မောင်မင်း နန်းတော်ဆောက်နေတာ မမြင်ရသေးပါလား။ ဘာကြောင့် ဒီလောက် ကြာနေရတာလဲ" ဟု ငေါက်ငန်းလိုက်သည်။

"စိတ်မဆိုးပါနဲ့ အရှင်မင်းကြီး။ လအရောက် မျှော်စင်ဆောက်ဖို့ ဆိုတာ ကျွန်တော်မျိုးကြီးတို့လည်း ဘယ်လို လုပ်ရမယ်မှန်း မသိလို့ပါ" ဟု လျှောက်တင် လိုက်လေသည်။

"ဒါတွေ ငါမလိုချင်ဘူး။ ဆောက်ဆိုရင် ခုဆောက်လိုက်။ မောင်မင်း သုံးရက်သာအချိန်ရမယ်။ သုံးရက် ပြည့်လို့မှ လကို ငါကိုယ်တော် မကိုင်ရရင် ဘာဖြစ်သွားမယ် ဆိုတာ မှန်းသာ ကြည့်လိုက်တော့မောင်မင်း" ဟု ပြောလိုက် လေသည်။

လက်သမားဆရာကြီးလည်း တုန်လှုပ် ချောက်ခြားစွာဖြင့် သူ့လူများဆီသို့ ပြန်လာခဲ့သည်။ သူတို့သည် မျှော်စင်ဆောက်ရန် ခေါင်းတွေ ကုတ်ပြီး စာရွက်တွေပေါ် ပုံစံတွေ ထုတ်ကြသည်။ ဦးနှောက်ကို မည်သို့ ညှစ်ထုတ်သည်ဆိုစေ အဖြေကတော့ ထွက်မလာကြ။ နောက်ဆုံးသူတို့ ဤသို့ ဆုံးဖြတ်လိုက် ကြသည်။ နန်းတော်အတွင်းသို့ လက်သမားဆရာကြီး ပြန်သွားသည်။

"ကျွန်တော်မျိုးတို့မှာ မျှော်စင်ကို အမြန်ဆုံး အကောင်အထည် ပေါ်စေမည့် စိတ်ကူးရပါပြီ ဘုရား။ သို့သော် သေတ္တာတွေ အများကြီး လိုနေပါသည် ဘုရား။ တိုင်းပြည်အတွင်းရှိ သေတ္တာတွေ အမြန်ဆုံးရမှသာ ဖြစ်ပါလိမ့်မယ် ဘုရား" ဟု လျှောက်ထားလိုက်လေသည်။ ဘုရင်ကြီးက "ကောင်းပြီ မောင်မင်း။ မောင်မင်း လိုတာ ရစေရမယ်" ဟုပြောလိုက်သည်။

ဘုရင်ကြီးသည် ကျွန်းပေါ်ရှိ အိမ်တိုင်းမှ သေတ္တာများကို နန်းတော်သို့ ယူလာရန် အမိန့်ထုတ် လိုက်လေသည်။ ပြည်သူတို့လည်း အရွယ်အစား အမျိုးမျိုးရှိသည့် သေတ္တာများကို နန်းတော်သို့ ယူလာပေးကြသည်။ မရှိ ရှိသည်ကို ယူလာပေးကြသဖြင့် ဖိနပ်သေတ္တာ၊ ပန်းထည့်သည့် သေတ္တာ၊ ဦးထုပ်သေတ္တာပါ မကျန် အကုန်ရောက် လာသည်။

လက်သမားဆရာကြီးကလည်း ရောက်လာသမျှသော သေတ္တာများကို အဆင့်ဆင့် ထပ်ကာ ပုံလိုက်သည်။ ရှိသမျှ သေတ္တာတွေအကုန်သာ ထပ်ပြီးသွားသည်။ လဆီသို့ မရောက်နိုင်သေး။ သူက ဘုရင်ကြီးထံ ထပ်သွားပြီး နောက်ထပ် သေတ္တာများ ထပ်ပေးရန် လျှောက်ထားပြန်သည်။

သို့ဖြစ်ရာ နောက်ထပ်အမိန့် ထပ်ထုတ်ပြီး သေတ္တာလုပ်ရန် ကျွန်းပေါ်ရှိ သစ်ပင်ဟူသမျှကို ခုတ်ပြီး နန်းတော် အတွင်းသို့ ယူဆောင်လာစေသည်။ လက်သမားဆရာကြီးလည်း သေတ္တာတွေ ထပ်လုပ်ကာ ထပ်ပြီး ပုံပြန်သည်။

တနေ့ ဘုရင်ကြီးက "မောင်မင်း ဒီလောက်ဆို ရပြီနဲ့ တူတယ်" ဟု ပြောလိုက်သည်။ လက်သမားဆရာကြီးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် "အရှင်မင်ကြီး ကျွန်တော်မျိုး ဦးစွာ တက်ကြည့်ပါရစေ" ဟု ခွင့်တောင်းလိုက်သည်။

သူက ဘုရင်ကြီး အသက်အန္တရာယ်ကို စိုးရိမ်၍ ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော်ဘုရင်က "အောင်မာ ဒါကို ငါကိုယ်တော်မြတ်ကြံတာ။ လကို ပထမဦး ထိရမယ့် သူဟာ ငါပဲ ဖြစ်ရမှာပေါ့" ဟု စိတ်ဆိုးဆိုးနှင့် ပြန်ဟောက်လိုက်လေသည်။

ဤသို့ဖြင့် ဘုရင်ကြီးသည် သေတ္တာပုံပေါ်သို့ တဆင့်ပြီးတဆင့် တက်သွားလေ တော့သည်။ ငှက်တွေကို သူဖြတ်ကျော်သွားသည်။ တိမ်တွေက အောက်တွင် ကျန်ခဲ့သည်။ ထိပ်ဆုံးသို့ ရောက်လျင် သူသည် လက်ကို ဆန့်တန်းလိုက်သည်။ လကို မမီနိုင်သေးပေ။

လကို မီနိုင်ရန် အနည်းငယ် လိုနေသေးသည်။ လက်မ အနည်းငယ် ခန့်သာ လိုတော့သည်။ သူက အောက်ကို ငုံ့ကြည့်ပြီး "ဟေ့ နောက်ထပ် သေတ္တာတလုံးလောက် ထပ်ဆင့်လိုက်ဦးဟေ့" ဟု ပြောလိုက်သည်။

လက်သမားဆရာကြီးသည် ရှိသမျှ သစ်သားအားလုံးကို သေတ္တာအဖြစ် ပြောင်းလိုက်ရသဖြင့် သစ်သား အစအနပင် မကျန်နိုင်လောက်အောင် ဖြစ်သွားသည်။ "မရှိတော့ပါ အရှင်မင်းကြီး။ အောက်ကိုသာ ပြန်ဆင်းလာတော်မူပါ" ဟု အော်လိုက်လေသည်။

ဘုရင်ကြီးသည် စိတ်ဆိုးလွန်းသဖြင့် ဆတ်ဆတ်တုန်ကာ သေတ္တာပေါ်တွင် ခုန်လိုက်ရာ သေတ္တာပုံကြီးသည် တုန်သွားလေတော့သည်။ "ဟေ့ ငါတော့ မဆင်းနိုင်ဘူးကွ။ ဒီမှာ ထိတော့မယ်။ ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး" ဟု ဘုရင်ကြီးက ပြောသည်။

ထို့နောက် ဘုရင်ကြီးသည် စိတ်ကူးပေါက်ပြီး "ဒီမှာ နားထောင်ကြစမ်း။ ဘာလုပ်ရမယ် ဆိုတာ သိပြီ။ သေတ္တာတွေကို အောက်ကနေ တလုံးစီ ပြန်ထုတ်ပြီးတော့ အထက်မှာ ပြန်ထပ်လိုက်ရင် ရပြီပေါ့" ဟု ပြောသည်။ လက်သမားတွေက တယောက်မျက်နှာ တယောက် ငေးကြည့်နေ မိကြသည်။

"ဟေ့ အရူးတွေ ဘာကြည့်နေကြတာလဲ။ သက်သက် အချိန်ဖြုန်းနေတယ်။ အောက်ဆုံးက တလုံးကိုထုတ်၊ အထက်ကို ရောက်အောင် လုပ်ကြလေ" ဟု အသံကုန်ဟစ်ကာ အမိန့်ပေးလိုက်လေသည်။

ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည့် လက်သမားဆရာကြီးသည် နောက်ဆုံးတွင် "ကိုင်း ကိုင်း ရှိစေတော့။ သူ့ဆန်စား ရဲမှ ဖြစ်တော့မယ်။ သူ့အမိန့် နာခံလိုက်တာ အကောင်းဆုံးဖြစ်မယ် ထင်တယ်" ဟု ပြောလိုက်ပြီး အောက်ဆုံးမှ သေတ္တာကို ဆွဲထုတ်လိုက်လေသည်။ ပုံပြင်၏ နိဂုံးကို မပြောလိုတော့ပါ။ Crd မောင်ခေတ် Pink

Post a Comment

0 Comments