လိပ်ကလေးကပေးတဲ့ သင်ခန်းစာ

မိခင်လိပ်မကြီး တကောင်က လိပ်ငယ်ကလေးတွေ အကောင် ပေါက်စေဖို့ လှိုင်းနဲ့ ဝေးတဲ့ သဲသောင်ပြင်ကြီး ပေါ်မှာ ဥတွေကို ဥချလို့ နေတယ်။

နောက်ပြီးတော့ သဲတွေနဲ့ သူ့ရဲ့ ဥတွေကို ဖုံးထား ခဲ့ပြီး ပင်လယ်ထဲ ကိုပဲ ပြန်ဆင်းလို့ လာခဲ့တယ်။ ဥတွေက တဆင့် အကောင်ငယ်လေးတွေ ပေါက်ဖို့အတွက် ကိုတော့ မိခင် လိပ်မကြီးက အဝေးကနေပဲ မေတ္ထာ ပို့ပြီး နေရှာတယ်။

ဥခွံထဲ ကနေ အကောင်အဖြစ် ထွက်လာတာနဲ့ လိပ်ကလေးတွေဟာ သူတို့ရဲ့ ဘဝမှာ တကောင်ထဲ ရပ်တည်ရ တော့မယ်။ သူတို့ကို ကူညီပေးမယ့်သူ ဆိုတာ လောကမှာ မရှိကြဘူး။

သူတို့ ဘဝရဲ့ ရပ်တည် ရှင်သန်မှု အခက်အခဲဟာ သူတို့ရဲ့ ဘဝ အစမှာ ကတည်းက စတင်ခဲ့ ကြရတယ်။ အပေါ်ကို ရောက်နိုင်ဖို့ သဲတွေကို စတင် ထိုးဖောက် ခဲ့ရတယ်။

ပင်လယ်ထဲကို ရောက်နိုင်ဖို့ ကိုလည်း သဲသောင်ပြင် ကနေ တဖြေးဖြေးခြင်း ဖြတ်သန်း သွားလာ ခဲ့ကြ ရတယ်။ အဲဒီလို သွားလာ နေစဉ် အခိုက်မှာ သူတို့ကို ထိုးချီပြီး စားသောက်ဖို့ ငှက်တွေ ကလည်း အရံသင့် စောင့်မျှော်လို့ နေကြလေရဲ့။

ငှက်တွေရဲ့ ဘေးအန္တရာယ်ကို ကြောက်ရလို့ သူတို့ တတွေဟာ နောက်ကြောင်းကို လုံးဝ လုံးဝ ပြန်လို့ မလှည့်ကြဘူး။ သူတို့တတွေ ပေါက်ဖွား ခဲ့ရာ တွင်းထဲ မှာလည်း ပုန်းအောင်းလို့ မနေကြဘူး။

သူတို့ အလိုအပ်ဆုံး ပန်းတိုင် ဖြစ်တဲ့ ပင်လယ်ကြီး ရှိရာ အရပ်ဆီကို ဦးတည်ပြီး "ဇွဲ လုံ့လ ဝီရိယ" အပြည့်နဲ့ သွားနေကြ တုန်းပဲ။ အောင်နိုင်သူတွေ မှန်သမျှ ကတော့ သူတို့ လိုရာခရီး ပင်လယ်ကြီးထဲကို ရောက်ရှိလို့ သွားကြတယ်။

ပိုပြီး ကြိုးစား ပိုပြီး တော်တဲ့ သူတွေက ဧရာမ လိပ်ကြီးတွေ အဖြစ် စာရင်းဝင် လို့ သွားကြရ တာပေါ့။ ဘဝမှာ တယောက်ထဲ ဆိုပြီး စိတ်ပျက် အားငယ် လို့ဖြင့် မနေပါနဲ့။ လိပ်ကလေးရဲ့ ဘဝကို အတု ယူပြီး ကြိုးစားပါ ရုန်းကန်ပါ ရှင်သန် နေထိုင်ပါ။

လက်ရှိ ဘဝ စိတ်ဖိစီးမှုနဲ့ အရာရာက ဖိနှိပ် ခံရခြင်း ကနေ လွတ်မြောက်ဖို့ ကြိုးစား ရုန်းကန်ထွက် လိုက်ပါ။ အပေါ်ကနေ ဖိနှိမ်လို့ ထားတဲ့ သူတွေကို ရှိသမျှသော သင့်ရဲ့ ခွန်အား အစွမ်းအစ တွေနဲ့ အားအင် ရှိသမျှ တွန်းလှန် ထုတ်လိုက်ပါ။

မနာလို ဝန်တိုစိတ် ရှိတဲ့သူတွေ အားလုံးက သင့်ကို ချောက်တွန်းဖို့ ချောင်းနေတတ်တယ်။ အဲ့ဒီလို လူတွေကို သတိထားလို့ ရှောင်ကျဉ်ပါ။ သူတို့ကို ကြောက်ပြီးတော့ ပုန်းအောင်း လို့တော့ မနေပါနဲ့။ သတ္ထိရှိရှိ ရင်ဆိုင်ပါ။

သူတို့ကြောင့် သင်သွားမဲ့ ဦးတည်ချက်ကို မပြောင်းလဲ လိုက်ပါနဲ့။ မဆုတ် မနစ်သော "ဇွဲ လုံ့လ ဝီရိယ" အပြည့် အဝနဲ့ ကြိုးစားလိုက်မယ် ဆိုရင် ဧရာမ ကြီးမြတ်သော မဟာ လူသားတွေလည်း ဖြစ်လို့ လာနိုင် ပါတယ်။ ဓမ္မအလင်းရောင်

Post a Comment

0 Comments