တခါသော် ပညာရှင် တဦးက လူအများ အတွက် အသုံးဝင် အကျိုး ရှိနိုင်သော ထိုင်ခုံ သုံးလုံးကို တီထွင်မှု ပြုခဲ့လေသည်။ (၁) ကျန်းမာရေးခုံ (၂) ခွန်အားဗလခုံ (၃) ဉာဏ်ပညာခုံ။
ထိုထိုင်ခုံ သုံးလုံးမှာ သူ့နေရာနှင့်သူ အသုံးဝင် ပေလိမ့်မည်။ နံပါတ်တစ် ခုံက ကျန်းမာရေး မကောင်းသူများ တိုးတက် ကောင်းမွန်စေရန် ရည်ရွယ်သည်။
နံပါတ်နှစ် ထိုင်ခုံက ခွန်အားနည်းသူ များကို ပြည့်စုံ လုံလောက်သော ခွန်အားများ ဖြည့်တင်းပေးနိုင် ပါသည်။ နံပါတ်သုံး ထိုင်ခုံက လူတို့၏ ဉာဏ်ပညာကို ပို၍ တိုးတက် ကောင်းမွန်ရန် ဖြစ်ပါသည်။
နှစ်ရှည်လများ ထိုင်ခုံသုံးလုံးကို ပြုလုပ်၍ ပြီးစီးခြင်းကို ရလေသည်။ ထုံးစံအတိုင်း ထိုင်ခုံဖွင့်ပွဲကို ကြီးကျယ် ခမ်းနားစွာ ဖွင့်လှစ်ရန် အတွက် ရေမြေ့သနင်း ပြည့်ရှင်မင်းကိုယ်တိုင် ကြွရောက်လာ လေသည်။
ဖဲကြိုးကို စက်ခလုတ် နှိပ်ချင်ယောင် ဆောင်၍ လက်ဖြင့် ဆွဲဖြတ်သည်။ တွေ့ပါပြီ ထိုင်ခုံ သုံးလုံး။ ထိုင်ခုံများက ဘာမျှ ထူးခြားမှု မရှိ။ သာမန် သစ်သားခုံ များသာ။ ပြည့်ရှင်မင်းက ထိုင်ခုံသုံးလုံးအား မျက်မှောင်ကြုတ် ကြည့်ပြီး "ထိုင်ခုံက ဘာမှလည်း မထူး ခြားပါလား"
ပြည့်ရှင်၏ အမေးကို ပညာရှင်က "မှန်ပါ ထိုင်ခုံများမှာ ကြည့်ရသည်သာ မထူးခြားသော်လည်း အစွမ်းကား ဧရာမ ကြီးမားပါသည် ဘုရား။ စမ်းကြည့်တော်မူပါ"
ပြည့်ရှင်မင်းက မသင်္ကာသော်လည်း ခေါင်းတညိတ်ညိတ် လုပ်ရင်း "ဟုတ်ရင် ဟုတ်ပေါ့ကွာ" ဆိုကာ ခပ်တည်တည်နှင့် ထိုင်ခုံသုံးလုံးဆီ လျှောက်သွားသည်။ ကြွရောက်လာကြသော မင်းပရိသတ် အပေါင်း ကလည်း ငေးမောနေ ကြသည်။
"ထိုင်မယ်နော်"
ဘုရင်ကြီးက ပညာရှင်ထံ ခွင့် တောင်းသည်။ ပညာရှင်က ရိုကျိုးစွာ ခေါင်းညိတ်ပြီး
"ဟုတ်ကဲ့။ ထိုင်ပါခင်ဗျ။ ထိုင် ကြည့်ပါ"
ဘုရင်ကြီးက ထိုင်ခုံသုံးလုံးကို လှည့်ကြည့်ရင်း ဘယ်ထိုင်ခုံက စထိုင် ရနိုးနိုးဖြစ်နေရာ ပထမဆုံး ကျန်းမာရေး ထိုင်ခုံသို့ ထိုင်ချလိုက်သည်။
"ဟာ"
ဘုရင်ကြီး၏ မျက်နှာမှာ ကျေနပ်မှုဖြင့် ဝင်းလက်လာသည်။ နောက် ထိုင်ခုံမှ ထလာပြီး
"ကြည့်စမ်း မနက်က ငါ့ခြေထောက် ကျဉ်နေတာ အခု မကျဉ်တော့ဘူး။ နောက်ပြီး ငါ့နှလုံးခုန်သံလည်း ပုံမှန်ပြန် ဖြစ်ပြီ။ ငါ့မျက်လုံးလည်း မမှုန်တော့ဘူး။ ဟေး ငါကျန်းမာရေး ကောင်းပြီကွ။ နွားနို့သောက်စရာ မလိုတော့ ဘူး"
"ဟေး" ဘုရင်ကြီး၏ စကားကို ပြည်သူများ အားပေးကြသည်။ ကျန်းမာရေး ကောင်းသွားသော ဘုရင်က ပညာရှင်၏ ပခုံးကိုသွားပုတ်ပြီး "တော်တယ်၊ မောင်မင်း ဆုတော်လာဘ်တော် ချီးမြှင့်ရမယ်" ဟု ဆိုကာ "နောက်ထိုင်ခုံတွေ ကကော ဒီလို စွမ်းရဲ့ လား မောင်မင်း" ပညာရှင်က "ရှင်ဘုရင်ကြီး ကိုယ်တိုင်ပဲ စမ်းကြည့်ပါ ခင်ဗျ"
ဘုရင်ကြီးက ခေါင်းတညိတ်ညိတ် လုပ်ရင်း ထိုင်ခုံများဆီ ပြန်သွား သည်။ ပြီးနောက် ခုံနှစ်ခုံကို ဟိုခုံဝင် ထိုင်ရနိုး၊ ဒီခုံ ဝင်ထိုင်ရနိုး ချီတုံချတုံ ဖြစ်နေသည်။ ပြီးမှ မျက်စိ မှိတ်၍ ခုံတလုံးပေါ် ထိုင်ချလိုက်သည်။
"ဟာ"
ဘုရင်ကြီး၏ အာမေဋိတ်သံ။ ပြီးနောက် မျက်နှာကြီး ဝင်းပပြီး
"ငါခွန်အားတွေ တိုးလာပြီ။ ခွန်အားတွေ တိုးလာပြီ။ ကြည့်စမ်း။ ငါ့လက်မောင်းကိုက ငါဆယ့်ရှစ်နှစ်သား တုန်းကလိုပဲ ကြည့်စမ်း ကြည့်စမ်း"
ဘုရင်းကြီးက သူ့လက်မောင်းကို ပင့်ပြသည်။
"ဟေး"
ပြည်သူများက အားပေးကြ ပြန်သည်။ ဘုရင်ကြီးက ပေါ့ပါးလန်းဆန်းစွာ ပညာရှင်နား သွားပြီး
"မောင်မင်း တော်လွန်းသွားပြီ။ ဆုတော် လာဘ်တော် ချီးမြှင့်ရမယ်။ ကဲ နောက်ဆုံးထိုင်ခုံ တလုံးက ဘာလဲ"
"ဉာဏ်ပညာခုံပါ ဘုရား" ဘုရင်ကြီး ခေါင်းညိတ်ပြီး "ဉာဏ်ပညာခုံ ဟုတ်လား၊ ကဲ ထိုင်ကြည့်တာပေါ့" ဟု ဆိုကာ နောက်ဆုံးခုံပေါ် ဝင်ထိုင်လိုက်သည်။ "ဟာ" ဘုရင်ကြီး အာမေဋိတ်သံ။
ပြည်သူများက သူတို့အား ဘာမြွက်ကြား လေမလဲ ဟု နားစွင့်နေသည်။ ဘုရင်ကြီးနှုတ်က ထွက်လာသည်က
"ဘာမှ မထူးဘူး"
ထိုစကားကြားတော့ ပညာရှင် ပျာတောက် သွားတယ်။ ခုံဆီ သွားပြီး ချွတ်ယွင်းချက်များ ရှာကြည့်သည်။ ချွတ်ယွင်းမှု ဘာကိုမျှ မတွေ့ရ။ သေချာအောင် အထပ်ထပ် စစ်ဆေးသည်။ လုံးဝ ပြည့်စုံမှ
"တခါလောက် ပြန်ထိုင်ကြည့်ပါ အရှင်မင်းကြီး" ဘုရင်ကြီးက ပြန်ဝင်ထိုင်သည်။
"အဲ"
ဘုရင်ကြီး မျက်လုံး ပြူးသွား သည်။ နောက် ကြောင်တောင်တောင်နှင့် ပညာရှင်ကို ပြန်ကြည့်ပြီး
"ဘာမှပြောင်းမသွားဘူး"
ပညာရှင် ပျာပျာသလဲ ဖြစ်သွား၏။ သူ့ခုံ၏ မှားယွင်းမှုများ ရှာသည်။ ပြင်သည်။ ပြန်ပြီး သေချာမှ
"ပြန်ထိုင်ကြည့်ပါ အရှင်"
ဘုရင်ကြီး ပြန်ထိုင်ကြည့်သည်။ ခေါင်းကို ယမ်းခါကာ
"ထူးပါဘူးဟာ"
ပညာရှင်ခုံကို အထပ်ထပ် ပြန်စစ်သည်။ ချွတ်ယွင်းချက် မတွေ့ရ။ နောက်မှ အဖြေရှာ တွေ့ပြီး ဘုရင်ကြီး၏ ခေါင်းကိုဆွဲယူ ကြည့်လိုက် သည်။ ဘုရင်ကြီး၏ ဦးခေါင်းကို အသေအချာကြည့်ပြီးမှ သက်ပြင်းချကာ ဤသို့လျှောက်၏။
"လေးမြတ်သော ရေမြေ့သခင် ဘုရင်ကြီးခင်ဗျာ။ ဤခုံများမှာ မစွမ်း မဟုတ်။ စွမ်းပါသည်။ ကျန်းမာရေး မကောင်းသူကို ကောင်းစေ၏။ မသန်သူ ကိုလည်း ဤခုံက စွမ်းစေပါ၏"
"ဒါဖြင့် ဟိုခုံကကော စွမ်းလို့ လား၊ ဘာမှမစွမ်းဘဲ" ဘုရင်ကြီး၏ ဖြတ်ပြောသော စကားကို ပညာရှင်က
"အရှင်မင်းကြီး အမှန် ဆိုရသော် ထိုင်ခုံကလည်း စွမ်းပါသည်။ သို့သော် ခုံများ၏ ထုံးစံအရ ဉာဏ်ပညာ အနည်းငယ် ရှိသူကိုသာ ဉာဏ်ပညာပို တိုးပွားအောင် ပြုလုပ်၍ ရပါသည်။ အရှင်မင်းကြီး ကဲ့သို့ ဉာဏ်ပညာလုံးဝ မရှိသူကို ဉာဏ်ပညာ တိုးပွားပေးရန် မည်သည့် မည်သို့သော ထိုင်ခုံအရှိန် အဝါဖြင့် ပေးစွမ်း၍ မရနိုင်ခြင်းပင် ဖြစ်ပေလေတော့၏"
"မီးရှို့ပစ်လိုက်"
ပညာရှင်၏ စကား မှန်ပေလိမ့်မည်။ ပြည်သူတွေ အတွက် အသုံးဝင်နိုင်သော ထိုင်ခုံ သုံးလုံးမှာ ဉာဏ်ပညာ မရှိသော ဘုရင်ကြောင့် မီးလောင်တိုက်သွင်း ခံလိုက်ရ လေတော့သတည်း။ အကြည်တော်
0 Comments