ဟိုးရှေးရှေးတုန်းက နတ်သမိးအိုကြီး တယောက်မှာ သားသုံးယောက် ရှိတယ်ကွဲ့။ သားတွေဟာ အစွမ်းအစတွေ တယောက်တမျိုးစီ ရှိကြပြီး အလွန်တော်ကြပေမဲ့ တယောက်နဲ့ တယောက် မတည့်ကြဘူးတဲ့ကွယ်။
အကိုကြီးဖြစ်တဲ့ စိန်လက်ဝါးဟာ အလွန်မာကျော သံမာတဲ့ လက်ဝါးတဖက် ရှိသလို၊ အကိုလတ် ရွှေသံလွင်ရဲ့ သံပုလွေလေးဟာလည်း အလွန်နာမည်ကြီးတယ်။ အရေးကြုံလာရင် ရွှေသံလွင်ဟာ သူ့သံပုလွေလေးကို မှုတ်လိုက်တာနဲ့ ဘယ်သူမဆို မကမခုန်ပဲ မနေ နိုင်ဘူးတဲ့။
ညီထွေးလေး ဉာဏ်ကျယ်ကတော့ သူ့နားနှစ်ဖက်ကို အလွန်အားကိုးသတဲ့။ သူ့နားဟာ အလွန် ကြည်လင် လွန်းတာကြောင့် မည်မျှဝေးကွာတဲ့ အရပ်က ဖြစ်စေ၊ မည်သည့်အသံကို ဖြစ်စေ နားစွင့်လိုက်ရုံနဲ့ ကြားနာနိုင်စွမ်းရှိတယ်။
တနေ့မှာတော့ သူတို့အမေ နတ်သမီးအိုကြီးဟာ စုတေချိန် နီးလာတာကြောင့် ညီအကို သုံးယောက်ကို ခေါ်ပြီး သင့်သင့်မြတ်မြတ် နေကြဖို့ပြောသတဲ့။ အစွမ်းနဲ့ ခွန်အား ကြီးသလောက် စိတ်ကြီးဝင်တဲ့ အကိုကြီးနဲ့ ဇီဇာကြောင်တဲ့ အကိုလတ်တင် မက ညစ်ကျယ်ကျယ် လုပ်တတ်တဲ့ ညီထွေးတို့ဟာ မိခင် စိတ်ချမ်းသာအောင် ကောင်းပါပြီ သူတို့တည့်အောင် နေပါ့မယ်လို့ ပြောသတဲ့။
နတ်သမီးကြီးဟာ ညီအကို သုံးယောက်ကို ကြာပန်းလေး တပွင့် ထုတ်ပေးပြီး ဒီကြာပန်းလေးကို အရေးကြုံလာရင် သုံးပါ၊ သုံးယောက်စလုံး ရဲ့ စောင့်ရှောက်မှုရှိမှ ဒီကြာပန်းက အစွမ်းရှိမယ်လို့ ပြောပြီး စုတေသွား ပါရောတဲ့ကွယ်။ နတ်သမီးကြီး စုတေသွားပြီးတဲ့အခါ ညီအကို သုံးယောက်ဟာ ကတိမတည်ပဲ ရန်ဖြစ်နေကြသတဲ့။
သူတို့တွေဟာ ကြာပန်းကို ထိမ်းသိမ်းဖို့ အငြင်းပွားကြတယ်။ အကိုကြီးက ကြာပန်းဟာ ဘာမှ ထူးခြားဟန်လည်းမရှိ ညှိူးနွမ်း မသွားတာကလွဲလို့ ဘာမှ ထူးထူးခြားခြား အစွမ်းလည်း မရှိတာမို့ အပိုအလုပ်တခု လုပ်တာပဲလို့ ယူဆပြီး ညီလတ်ကို ထိမ်းသိမ်းခွင့် လွှဲသတဲ့။
ဇီဇာကြောင်သလောက် မလိုအပ်ပဲ အပိုဆာဒါး လုပ်တတ်တဲ့ ညီလတ်ဟာ ကြာပန်းကို ထိမ်းသိမ်းသော်ငြားလည်း သင့်တော်တဲ့ ထားရာနေရာကို ရှာဖွေရင်း စိတ်ရှူပ်သတဲ့။ နောက်ဆုံး စဉ်းစားမရတာနဲ့ပဲ စိတ်ရှူပ်ပြီး ပန်းခြံတခုထဲမှာ ပစ်ထားတာကြောင့် ညီထွေးက တွေ့ပြီး သူ့အိပ်ထဲ ကောက်ထည့်ပြီး တခြားပစ္စည်းတွေနဲ့ အတူ ရောနှော ထားလိုက်ပါရောတဲ့။ အဲဒီနောက် သူတို့ဟာ တယောက် တနေရာစီ ထွက်သွားကြသတဲ့။
ရဲစွမ်းသတ္တိ ရှိသလောက် အစွမ်းအစကြီးတဲ့ အကိုကြီးဟာ တိုင်းပြည်တပြည်က စစ်တပ်တခုမှာ ဝင်အမှုထမ်းသတဲ့။ စိန်လက်ဝါးရဲ့အစွမ်းအစကြောင့် စစ်ပွဲတိုင်းမှာ အနိုင်ရ အောင်မြင်ပြီး ဘုရင်မင်းမြတ်ရဲ့ အထူးအားကိုး မြှောက်စားခြင်း ခံရတဲ့ စစ်သည်တယောက်ဖြစ်လာသတဲ့။
တနေ့မှာတော့ အကိုကြီး ပါဝင်တဲ့ စစ်တပ်ဟာ မာယာပရိယာယ် များလှတယ်လို့ နာမည်ကြီးတဲ့ တိုင်းပြည် တပြည်နဲ့ စစ်မက်ပြုဖို့ရာ ကြုံလာပါရောတဲ့။ မိမိအစွမ်းအစကို အထင်ကြီးကိုးစားတဲ့ အကိုကြီးစိန်လက်ဝါးလည်း စစ်ထွက်ဖို့ရာ ပြင်ဆင်ပြီး ခရီးအပြင်းကို နှင်လာတာပေါ့ကွယ်။
စစ်မြေပြင် မရောက်ခင်မှာ အကိုကြီးဟာ လမ်းခရီးက မြို့ငယ်လေးတခုမှာ တထောက် နားတယ်။ မြို့ထဲက လူစည်ကားရာ အရပ်မှာ ကပွဲသဘင် ကျင်းပနေတယ်။ အဲဒီ ကပွဲသဘင်မှာ အင်မတန် ချောမောလှပတဲ့ ကချည်သည်ဟာ ဆန်းပြားလှတဲ့ ကကွက်တွေနဲ့ တင်ဆက်သတဲ့။
ကကွက်တွေဟာ ဆန်းပြားလှပ လွန်းတာကြောင့် အကိုကြီးအပါအဝင် ရဲမက်တစုဟာ ကချည်သည်ရဲ့ ကကွက်တွေနဲ့ အလှအပ အဆန်းအပြားတွေမှာ မိန်းမော တွေဝေ နေကြတယ်ကွဲ့။ ကကွက်တခု အရောက်မှာတော့ ကချည်သည်ဟာ အမိုးမြင့်ကို ပျံတက်သွားပြီး ငွေမှူန်တွေကို အကိုကြီးတို့ ရဲမက်တအုပ်ရှိရာကို ဖြန့်ကြဲချလိုက်ပါရောတဲ့။
အကိုကြီးနဲ့ သူ့ရဲမက်တွေဟာ မေ့မျောသွားလိုက်ကြတာ ဘာဆိုဘာမှကို မသိကြတော့ပါဘူးတဲ့။ သတိရသွားတဲ့ အခါမှာတော့ အကိုကြီးဟာ အကျဉ်းထောင် တခုထဲမှာ ရောက်နေပြီး ခိုင်ခန့်တဲ့ သံကြိုးကြီးတွေနဲ့ ချည်နှောင်ခံထားရ ပါရောတဲ့ကွယ်။
သံကြိုးတွေနဲ့ တုတ်နှောင်ခံထားရတဲ့ အကိုကြီးဟာ ငြိမ်ငြိမ်မနေဘဲ ကြိုးတွေကို ခွန်အားနဲ့ ရုန်းသတဲ့။ ဒါပေမဲ့ကြိုးတွေဟာ ခိုင်ခန့်လွန်းတာကြောင့် မပြတ်တောက်ပဲ အကျဉ်းတိုက်ထဲမှာ သံကြိုးရိုက်ခတ်သံတွေဟာ ဟိန်းဟိန်းမြည်အောင် ပေါ်ထွက်နေတာပေါ့။
သံကြိုးရိုက်သံတွေကြောင့် အိပ်မပျော်နိုင်တဲ့ မာယာတိုင်းပြည်ရဲ့ ဘုရင်မဟာ ရဲမက်တယောက်ကို စေလွှတ်ပြီး အကိုကြီးကို အကျဉ်းတိုက်က လွှတ်စေဖို့ ပြောသတဲ့။
အဲဒီနောက်မှာတော့ ဘုရင်မဟာ အကိုကြီးရဲ့ ခွန်အားကို အသုံးချပြီး သားရဲတိရစ္ဆန် သတ်ပွဲတွေမှာ ဝင်ရောက် သတ်ဖြတ်ခိုင်းတယ်။ အကိုကြီးဟာ အလွန် ခွန်အားကြီးမားလှတာကြောင့် သားရဲတိုက်ပွဲတွေမှာ တဖြည်းဖြည်း နာမည်ကြီးလာ ပါရောတဲ့ကွယ်။
တနေ့မှာတော့ အကိုလတ်ရွှေသံလွင်ဟာ နာမည်ကြီးလှတဲ့ သားရဲတိုက်ပွဲကို လောင်းကစားဖို့ရာ ရောက်ရှိလာပါရောတဲ့ကွယ်။ သားရဲတိုက်ပွဲမှာ နာမည်ကြီးလှတဲ့ သားသတ်သမားဟာ အကိုကြီး စိန်လက်ဝါး ဖြစ်နေတာကို တွေ့ရှိသွားတဲ့ အကိုလတ်ဟာ အံ့သြလွန်းလို့ မှင်သက်နေမိသတဲ့။
အကိုကြီးဟာလည်း ခွန်အားဗလနဲ့ ပြည့်ဝသော်လည်း အကြိမ်ကြိမ် သားရဲတွေကို သတ်ဖြတ်ရတာကြောင့် ပင်ပန်း ဆင်းရဲ နေရှာတာပေါ့ကွယ်။
ဒုက္ခရောက်နေရှာတဲ့ အကိုကြီးဟာ အကိုလတ်ရွှေသံလွင်ကို မြင်တဲ့အခါ အလွန်ပဲ ဝမ်းသာရှာတယ်ကွယ့်။ ဒါကြောင့် သူ့ကို ကယ်တင်ဖို့ရာ သူ သတ်ဖြတ်လိုက်တဲ့ ခြင်္သေ့ကြီးရဲ့ ခန္ဓာအောက်မှာ ဝပ်ပြီး သနားစဖွယ် အကိုလတ်ကို ငေးကြည့်နေရှာသတဲ့။ အကိုလတ်လည်း အကိုကြီးကို သနားသွားပြီး ကယ်တင်ဖို့အတွက် သူ့ပုလွေလေးကို ထုတ်ပြီး မှုတ်ပါရောတဲ့ကွယ်။
အကိုလတ်ရဲ့ ပုလွေသံလေးကြောင့် နန်းရင်ပြင်မှာ သားရဲ သတ်ပွဲ ကြည့်တဲ့ ပရိတ်သတ်တွေဟာ မနေနိုင်တော့ပဲ ကခုန်ကြပါရောတဲ့။ အကိုလတ်လည်း ပရိတ်သတ်တွေ အလစ်မှာ အကိုကြီးရှိရာ သတ်ကွင်းထဲ လှိမ့်သွားပြီး အကိုကြီးရဲ့ အနှောင်အဖွဲ့တွေကို ဖြေပေးကာ ညီအကိုနှစ်ယောက် ထွက်ပြေးကြတာပေါ့ကွယ်။
ဒီလိုနဲ့ ပြေးလာလိုက်ကြတာ မာယာနိုင်ငံရဲ့ နယ်နိမိတ် အစွန်မှာရှိတဲ့ တောအုပ်ကလေးထဲကို ရောက်လာပါရောတဲ့။ ပြေးလွှား လာရလို့မောပန်းနေကြတဲ့ ညီအကိုနှစ်ယောက်ဟာ တောအုပ်ထဲက စမ်းချောင်းလေးဘေးမှာ တထောက်နားဖို့ ပြင်ကြတယ်တဲ့။
အဲဒီနောက်မှာတော့ ညီအကို နှစ်ယောက်ဟာ မောပန်းလွန်းလို့ ကြည်အေးနေတဲ့ စမ်းရေတွေကို တဝကြီး သောက်လိုက်မိတယ်။ သောက်ပြီးတဲ့ အခါမှာတော့ သူတို့ဟာ ရုတ်တရက် မြေခွေးလေးတွေအဖြစ် ပြောင်းလဲသွားပါရောတဲ့ကွယ်။
အမှန်တော့ မာယာ တောအုပ်ထဲမှာ ရှိတဲ့ စမ်းရေအိုင်တွေဟာ မာယာဘုရင်မရဲ့ မှော်ဆေးရေကြောင့် အဆိပ်သင့်နေတာပေါ့ကွယ်။ အဲဒီနောက်မှာတော့ မာယာဘုရင်မရဲ့ ရဲမက်တွေဟာ တောအုပ်လေးထဲ ရောက်လာပြီးမြေခွေးလေး နှစ်ကောင်ကို ဖမ်းဆီးကြတယ်ကွဲ့။ ဒါပေမဲ့လည်း မြေခွေးလေးတွေဟာ အစွမ်းကုန် ပြန်လည်ခုခံပြီး ထွက်ပြေးကြတာကြောင့် ဖမ်းမမိဖူးတဲ့။
တနေရာ အရောက်မှာတော့ ရဲမက်တယောက် ပစ်လိုက်တဲ့ လှံတံဟာ မြေခွေးလေး ရွှေသံလွင်ကို ထိပြီး ဒဏ်ရာအနာတရ ရသွားပါရောတဲ့ကွယ်။ မြေခွေးလေး နှစ်ကောင်ဟာ ရဲမက်တွေ ပြန်လှည့်သွားချိန်ထိ ချောက်ကပါးအောက်က ကျောက်ဂူထဲမှာ ခိုအောင်းနေရှာတယ်။ ဒဏ်ရာ ပြင်းထန်တာကြောင့် သွေးအလိမ်းလိမ်း ထွက်နေတဲ့ မြေခွေးလေး ရွှေသံလွင်ဟာ အော်ဟစ်ညည်းညူ နေရှာတယ်။
ဒါကို မနေနိုင်တဲ့ မြေခွေးလေး စိန်လက်ဝါးဟာ ကျောက်ဂူ အောက်ခြေမှာရှိတဲ့ မြေပြင်က မြက်ခြောက်တွေကို စုပြီး ဒဏ်ရာကို အုံပေးကာ သူ့ညီလေးကို ကုသပေးရှာတယ်။ ဒါပေမဲ့ မသက်သာရှာဘူးပေါ့ကွယ်။ နောက်ဆုံးမှာတော့ ကြံရာမရတဲ့ မြေခွေးလေးဟာ သေအံ့မူးမူး ဖြစ်နေရှာတဲ့ သူ့ညီငယ်လေးကို ပိုက်ပြီး တိုးတိုးလေး ငိုညည်းမိသတဲ့။
အဲဒီလို ညည်းလိုက်တဲ့အသံကို ကုန်သည်အဖွဲ့မှာ ပါလာတဲ့ ညီထွေးဉာဏ်ကျယ်က ကြားပြီး အသံလာရာဆီကို လိုက်ရှာလိုက်တာ နောက်ဆုံးတော့ မြေခွေးလေးတွေ ခိုအောင်းနေကြတဲ့ တောအုပ်ထဲကို ရောက်လာပါရောတဲ့ကွယ်။ ညီထွေးဟာ တောအုပ်ထဲ ရောက်တဲ့အခါ အကိုမြေခွေးလေးနှစ်ကောင် ရှိရာ ကျောက်ဂူကို ရှာမတွေ့ပဲ တဝဲဝဲ လည်နေရှာသတဲ့။
ခရီးနှင်ရင်း ညီထွေးဟာ ကြာပန်းရေအိုင်ကြီး တအိုင်ကို ဖြတ်ကျော်ရင်း ရေအိုင်အလည်မှာ ရေအိုင်စောင့်ဘီလူးနဲ့ တွေ့သတဲ့။ ဘီလူးက ညီထွေးကို ဖမ်းပြီးစားဖို့ လုပ်ပါလေရော။ ညီထွေးက "ဘီလူးကြီးရယ်၊ ကျွန်တော့်အကို နှစ်ယောက်တော့ ဒုက္ခရောက်နေရှာတယ်။ ကျွန်တော့်အကို နှစ်ယောက်ကို လိုက်ရှာပါရစေဗျာ။ ပြီးမှ ဘီလူးကြီးစိတ်ကြိုက် ကျွန်တော့်ကို စားသောက်နိုင်ပါတယ် ခင်မျာလို့" တောင်းပန်သတဲ့။
ဘီလူးကြီးလည်း "ကောင်းပြီလေ သင့်ဂတိကို သင်မမေ့ပါစေနဲ့" လို့ ပြောပြီး လွှတ်လိုက်သတဲ့။ အဲဒီလိုနဲ့ ညီထွေးလည်း ခရီးဆက်ရင်း တော အုပ်ထဲမှာ အကိုဖြစ်သူနဲ့ ကွဲကွာလာတဲ့ မြွေမင်းသမီးနဲ့ တွေ့ပါရောတဲ့ကွယ်။ မြွေမင်းသမီးက သူ့အကိုကို ရှာပေးဖို့ ညီထွေးကို အကူညီတောင်းပေမဲ့ အကိုတွေရဲ့ အသံတွေကိုသာ ကြားနေရတဲ့ ညီထွေးက နားထောင်ပေးလို့ မရဖူးတဲ့ကွယ်။
ဒါနဲ့ မြွေမင်းသမီးဟာ အကူညီရဖို့ ညီထွေးနောက်က လိုက်ပါလာခဲ့တယ်။ နောက်ဆုံးမှာတော့ ညီထွေးဟာ အကိုဖြစ်သူ မြေခွေးလေးတွေ ခိုအောင်းရာ ကျောက်ဂူကြီးကို ရှာတွေ့သွားသတဲ့။ ရှာတွေ့တဲ့အချိန်မှာ မြေခွေးလေးတွေ ဖြစ်နေရှာတဲ့ သူ့အကို နှစ်ယောက်ကို ဘယ်လို ကယ်ရမလဲလို့ စဉ်းစားမရဘူးတဲ့ကွယ်။
နောက်ဆုံးမှာတော့ သူတို့အမေ ပေးခဲ့တဲ့ ကြာပန်းလေးကို သတိရပြီး ညီအကိုသုံးယောက် လုံး ကြာပန်း လေးကို ပွေ့ပိုက်ထား လိုက်ကြသတဲ့ကွယ်။
မကြာခင်မှာပဲ ကြာပန်းလေးရဲ့ အစွမ်းကြောင့် အကိုကြီး စိန်လက်ဝါးရော၊ အကိုလတ်ရွှေသံလွင်ရော မြေခွေးလေးတွေ အဖြစ်ကနေ လွှတ်မြောက်ပြီး ဒဏ်ရာတွေလည်း သက်သာသွား ပါရောတဲ့ကွယ်။ ဒါပေမဲ့ ညီထွေးခမျာတော့ ဝမ်းမသာနိုင်ပဲ မှိုင်တွေနေရှာတယ်။
အကိုတွေက ညီထွေးရေ ဘာကြောင့် မှိုင်နေရသလဲကွယ်လို့ မေးကြတဲ့အခါ၊ ညီထွေးတော့ အကိုတို့ကို ကယ်ပြီးရင် ဘီလူးကြီးဆီကို ကတိအတိုင်း သွားရတော့မှာ မို့လို့ပါ လို့ ပြန်ပြောသတဲ့။
အကိုလတ်က ညီထွေးလေးကို သနားသွားပြီး အကိုတို့ ရှိပါတယ်၊ ညီထွေးလေးကို ဘီလူးကြီး မစားစေရပါဘူး။ အကိုတို့ ဘီလူးကြီးကို တိုက်ခိုက်ပါ့မယ် လို့ ပြောတယ်။ ဒါပေမဲ့ ညီထွေးက လက်မခံဖူးတဲ့ ယောက်ျားကောင်းဆိုတာ ကတိတည်ရမယ် ဘီလူးကြီး စားချင်လည်း စားပါစေဆိုပြီး ညှိုးငယ်စွာနဲ့ ဘီလူးကြီးဆီ ထွက်သွားတော့တယ်။
ဘီလူးကြီးဆီ ရောက်တဲ့အခါ ဘီလူးကြီးက အရမ်း အံ့သြသွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ညီထွေးနောက်က တကောက်ကောက် လိုက်လာတဲ့ မြွေမင်းသမီးဟာ သူနဲ့ ကွဲကွာသွားတဲ့ သူ့နှမလေး ဖြစ်နေလို့ပါပဲတဲ့။
ညီငယ်ကလည်း အကြောင်းစုံ ပြောပြတဲ့အခါ ဘီလူးကြီးက သင့်ကြောင့် ကျွန်ုပ် နှမလေးနဲ့ ပြန်ဆုံရတယ်၊ ကျွန်ုပ် သင့်ကို မစားတော့ပါ၊ ပျော်ရွှင်စွာနေပါတော့လို့ ဆိုပြီး ပြန်လွှတ်လိုက်တယ် တဲ့ကွယ်။ ညီအကိုသုံးယောက်ဟာလည်း အဲဒီနေ့က စပြီး တယောက်နဲ့ တယောက် ချစ်ခင်ပျော်ရွှင်စွာနဲ့ အတူတကွ နေထိုင်သွားကြပါရောတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကလေးတို့လည်း ဒီပုံပြင်လေးထဲကလိုပဲ ကိုယ်စွမ်းကိုယ်စတွေ ကိုယ်စီ ရှိကြသော်လည်း အချင်းချင်း မတည့်ကြတဲ့ ညီအကိုသုံးယောက်ကို သင်ခန်းစာ ယူကြရမယ်ကွဲ့။
အရေးအကြောင်း ရှိလာရင် ကူညီသူဟာလည်း ကိုယ့်မောင်နှမ သားချင်းတွေပဲဆိုတာ သိကြရမယ်နော်။ ခွန်အားနဲ့ အစွမ်းအစ မည်မျှပင် ကြီးမားသော်လည်း သတိမမူရင် ကျရှုံးတတ်တယ် ဆိုတာလည်း မှတ်သားထားရမယ်နော်။ MaZuHtike
0 Comments