အထင်နှင့် အမြင်

တခါတုန်းက ဆင်းရဲသား ရပ်ကွက် တခုထဲကို အပျိုကြီးတယောက် အိမ် ပြောင်းလာတယ်။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ ဆင်းရဲနုံချာတဲ့ မိသားစုလေး တစု ရှိပါတယ်။ မုဆိုးမ တယောက်နဲ့ သူ့ကလေး နှစ်ယောက်ပေါ့။

အပျိုကြီးက "မတတ်နိုင်ဘူးလေ ဒီနေရာ ရောက်မှတော့ ဒီလို လူမျိုးတွေနဲ့ ပတ်သတ်ရဦး မှာပေါ့" လို့ သူ့ဘာသာ တွေးပြီး စိတ်ပျက် သွားမိတယ်။ အဲဒီညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။

မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင် ထွန်းဖို့ သူ့ဖယောင်းတိုင် ထုပ်ကို လိုက်ရှာတာပေါ့။ ခဏနေတော့ သူရှာတွေ့သွားတယ်။ တွေ့ပြီးတော့ သိပ်မကြာပါဘူး တစုံတယောက်က သူ့အိမ်တံခါး လာခေါက်တာကို ကြားလိုက်မိတယ်။

တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ် တယောက်က စိတ်လှုပ်ရှားတဲ့ အသံနဲ့ "အန်တီ အန်တီတို့ အိမ်မှာ ဖယောင်းတိုင် ရှိလား" လို့ မေးလိုက်တယ်။

အမျိုးသမီးက "အင်း ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင် ပါလားနော်။ ဒါပေမယ့် ခဏခဏ လာတောင်းနေမှာ စိုးရတယ်။ ပေးလို့မဖြစ်ဘူး" လို့ တွေးပြီး "မရှိဘူး" လို့ အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။

အဲဒီအချိန်မှာ ကလေးငယ်က ပြုံးပြီး "ထင်သားပဲ အန်တီက အခုမှ အိမ်ပြောင်းလာတာ ဆိုတော့ ဖယောင်းတိုင် မပါလောက်ဘူး ဆိုပြီး မှောင်မှောင်မဲမဲထဲမှာ အန်တီ ကြောက်နေမှာ စိုးလို့ သမီးက ဖယောင်းတိုင် လာပိုတာ" လို့ ပြောတယ်။

ပြီးတော့ ကလေးငယ်ဟာ အဖာတွေ ထပ်နေတဲ့ အင်္ကျီအိတ်ထဲက ဖယောင်းတိုင်လေးကို ထုတ်ပေး လိုက်တယ်။ အမျိုးသမီး ကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီး ဘာမှ ပြန်မပြောနိုင်အောင် ဆွံ့အ သွားခဲ့ရ ပါတော့တယ်။

ကိုယ့်ထက်သာ မနာလို၊ ကိုယ့်ထက် နိမ့်ပါးသူအား နိမ့်ချ ဆက်ဆံသူ အဖို့ကတော့ အထင်နဲ့ လက်တွေ့ အမြင်ဟာ လွဲချော်နေမှာပါ။ လူပီသဖို့ ရုပ်လှဖို့ထက် စိတ်လှဖို့က ပိုအရေးကြီးပါတယ်။ ငွေချမ်းသာဖို့ထက် စိတ်စေတနာ ချမ်းသာဖို့ ပိုအရေးကြီးပါတယ်။

ငွေချမ်းသာပေမယ့် ယူသောလက် ဖြစ်နေတတ်တယ်။ ဆင်းရဲပေမယ့် ပေးသောလက်လည်း ဖြစ်နိုင်တယ်။ ပေးသောလက် ဖြစ်ဖို့ ငွေချမ်းသာဖို့ မလိုပါဘူး၊ မြင့်မြတ်တဲ့ စိတ်ထား ရှိဖို့သာ လိုပါတယ်။

မြင့်မြတ်သော စိတ်အသိဉာဏ်ပညာမပါပဲ ပိုင်ဆိုင်မှုတွေ များသထက် များပြားလာသူ တချို့မှာ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာ ကြပါတယ်။

ဂရုဏာတရားတွေ ပျောက်ကွယ်လာ ကြတယ်။ သံသယ မျက်လုံးတွေနဲ့ ကြည့်တတ်လာ ကြတယ်။ လူသား အချင်းချင်း ပုံမှန် ဆက်ဆံရေးတွေ ကွယ်ပျောက်လာ တတ်ကြပါတယ်။

ကျွန်တော်တို့ နေနေတဲ့ လူပတ်ဝန်းကျင်ကြီးက ငွေရှိမှ လူရာဝင်၊ ငွေမရှိလို့ ကတော့ အသက်ရှူတာတောင် အပစ်မလွတ်ပါဘူး။ စားနိုင် သောက်နိုင်သူကို ပိုကျွေးချင်ကြပြီး ငတ်ပြတ်နေတဲ့ သူကိုတော့ စေတနာ မထားတတ်ကြတာ သဘာဝလို ဖြစ်နေကြပါပြီ။ လူတိုင်းတော့ မဟုတ်ပါဘူး။ Crd

Post a Comment

0 Comments