အတွေး

တခါတုန်းက စီးပွားရေး လုပ်ငန်းရှင် တယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့ လူတယောက်ရဲ့ ခွက်ထဲကို တဒေါ်လာ ထည့်လိုက်ပါတယ်။ ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ ရထားပေါ် ကို ပြေးတက် သွားပါတယ်။

နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောက သူ ငွေထည့်ပေးခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံ တချောင်းကို နှိုက်ယူလိုက် ပါတယ်။ ပြီးတော့ သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီး ပြောပါတယ်။

နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ်။ "ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေး လုပ်ငန်းရှင် တယောက်ပဲလေ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့် မျှတတဲ့ ဈေးနှုန်းသတ် မှတ်ထားတာပဲ မဟုတ်လား။ ကြိုးစားပါ" လို့ ပြောပြီး ရထားပေါ် တက်သွားခဲ့ ပါတယ်။

နောင်နှစ်ပေါင်း များစွာ ကြာတဲ့အခါ လူမှုရေး ပွဲလမ်းသဘင် တခုမှာ သားသား နားနား ဝတ်စားထားတဲ့ သူတယောက်က စီးပွားရေး လုပ်ငန်းရှင်ကြီးထံ လာပြီး သူ့ကိုယ်သူ မိတ်ဆက် ပါတယ်။

"ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့် ခင်ဗျားကို ကျွန်တော် ဘယ်တော့မှာ မေ့မှာ မဟုတ်ပါဘူး။ ခင်ဗျားနဲ့ မတွေ့မီ အချိန် အထိတော့ ကျွန်တော်ဟာ ခဲတံလေးတွေ ရောင်းတဲ့ သူတောင်းစား တယောက်ပါပဲ။

ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲ လို့ ပြောသွားခဲ့တဲ့ အချိန်က စပြီး ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ်" လို့ ပြောခဲ့ပါတယ်။

သူဟာ သူ့ကိုယ်သူ သူတောင်းစားပဲ လို့ တွေးတော ထားတဲ့ အမြင်ကနေ ရုတ်တရက် စကားတခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ်။ သူ့ကိုယ်သူ အဲ့ဒီအချိန်က စပြီး သူဟာ စီးပွားရေး လုပ်ငန်းရှင် တယောက်ပဲ လို့ တွေးတော ခဲ့တယ်။ စီးပွားရေး လုပ်ငန်းရှင် တယောက်လို စတင် ကျင့်သုံး ပြုမူခဲ့တယ်။ သူ့အတွေးတွေဟာ သူ့ဘဝရဲ့ ပဲ့တင်သံတွေ ပါပဲ။

မိမိအတွေး ပုံရိပ်ထဲမှာ "ငါဟာ သူတောင်းစားပဲ" လို့ တွေးပါ များရင် "ငါဟာ သူတောင်းစားပဲ" ဆိုတဲ့ အသံသာ အထပ်ထပ် ပြန်ကြားနေရ မှာပါ။ "ငါဟာ လုပ်ငန်းရှင်ပဲ" လို့ တွေးလိုက်တာနဲ့ "ငါဟာ လုပ်ငန်းရှင်ပဲ" ဆိုတဲ့ အတွေး ပဲ့တင်သံ ပြန်လာမှာ အသေအချာ ပါပဲ။

နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလို သင်လည်း သူတပါးကို အကောင်းမြင်ပြီး စိတ်ခွန်အား ဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင် ပါတယ်။ လူတွေရဲ့ ခန္ဒာကိုယ်ထဲမှာ ပါရမီတွေ၊ အစွမ်းအစတွေ ရှိနေကြ ပါတယ်။

ဒါတွေကို သင်က နှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစ တွေဟာ အငြိမ် မနေနိုင်ပဲ စွမ်းအားတွေ အဖြစ် ထွက်ပေါ်ကာ သူ့ဘဝ တခုလုံးကို ပြောင်းလဲသွားစေ နိုင်ပါသေးတယ်။

ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ ဘဝတွေကို တိုးတက် အောင်မြင်သွားအောင် စေတနာ စိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ် ဆိုရင် သင့်ကူညီမှုရဲ့ ပဲ့တင်သံတွေဟာ သင့်ထံ ပြန်လာမှာ မလွဲမသွေ ပါပဲ။

တခြားသူတွေရဲ့ ဘဝကို မြှင့်တင်ပေးခြင်း အားဖြင့် သင်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက် အောင်မြင်လာမှာ ဖြစ်တယ် ဆိုတာ အာမခံပါတယ်။ ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမှာပဲ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments