လက်ဖက်ရည်ခွက်လေးတွေက ပေးတဲ့ ဘဝသင်ခန်းစာ

တခါတုန်းက တက္ကသိုလ် တခုမှာ အတူတူ တက်ခဲ့တဲ့ သူငယ်ချင်း သုံးယောက် ရှိပါသတဲ့။ တနေ့တော့ သူတို့သုံးယောက် ပြန်ဆုံမိ ကြပြီး စကားလက်ဆုံ ကြရာကနေ ပင်စင်ယူသွားပြီး ဖြစ်တဲ့ သူတို့ရဲ့ တက္ကသိုလ်တုန်းက ဆရာကြီးဆီ အလည်သွားဖို့ အကြံရ သွားပါတယ်။

သူတို့ သွားလည်တော့ ဆရာကြီးက နွေးထွေးစွာ ကြိုဆိုပါတယ်။ သူတို့အားလုံး စကားပြောရာ ကနေ သူတို့ ဘဝမှာ၊ အလုပ်မှာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှု တွေအကြောင်း ရောက်သွားပါတယ်။

ဆရာကြီးက လာလည်တဲ့ သူ့တပည့်တွေကို လက်ဖက်ရည်နဲ့ ဧည့်ခံဖို့ မီးဖိုချောင်ထဲကို ဝင်သွားပါတယ်။ ခဏအကြာမှာ လက်ဖက်ရည် အိုးနဲ့ အတူ ခွက်များကို ကိုင်ပြီး ထွက်လာပါတယ်။

ဆရာကြီး သယ်လာတဲ့ ခွက်များထဲ မှာတော့ ကြွေခွက်၊ ပလပ်စတစ်ခွက်၊ ဖန်ခွက် စသဖြင့် အစုံအလင်ပါပဲ။ တချို့ခွက်များကတော့ သာမန် ခွက်များ ဖြစ်ပြီး တချို့ခွက်များ ကတော့ ဈေးကြီးပြီး လက်ရာလည်း အတော် မြောက်ပါတယ်။

ဆရာကြီးက တပည့်တွေကို လက်ဖက်ရည် သုံးဆောင်ဖို့ ဖိတ်ခေါ် လိုက်ပါတယ်။ တပည့်တွေက လက်ဖက်ရည်ခွက် များကို စတင်ပြီး သုံးဆောင်ချိန် မှာတော့ ဆရာကြီးက စကားစ ပြောပါတယ်။

"မင်းတို့တွေ အားလုံး ပုံစံခပ်တုံးတုံး ခွက်တွေကို မသုံးပဲနဲ့ လှပတဲ့ ခွက်တွေကိုပဲ ရွေးချယ် ကြတာကို သတိထားမိ ကြလား၊ အဓိက မင်းတို့မှာ ဖိအားတွေ ဝင်လာတဲ့ အကြောင်းအရင်း ကတော့ မင်းတို့တွေဟာ အချိန်တိုင်းမှာ အကောင်းဆုံးတွေပဲ လိုချင်ကြပြီး မင်းတို့အတွက် တကယ် အသုံးဝင်လား၊ မဝင်လားကို တခါမှ သေသေချာချာ မစဉ်းစားကြတာ ပါပဲ။

မင်းတို့ လှတဲ့ ခွက်လေးတွေကို ရွေးလိုက်ပေမယ့် လက်ဖက်ရည်ရဲ့ အရသာ ကတော့ ဒီအတိုင်းပါပဲ။ မင်းတို့ တကယ် သောက်ချင်တာက လက်ဖက်ရည် ဖြစ်ပေမယ့် မင်းတို့အားလုံး လက်ဖက်ရည် အကြောင်းကို မေ့ပြီး ခွက်အကောင်းစားကို အရင်ရအောင် ကြိုးစားကြတယ်။

ပြီးတော့ ဘယ်သူ့ခွက်က ပိုကောင်းလဲ ဆိုတာ တယောက်နဲ့ တယောက် အကဲခတ် နေကြတယ်။ လက်ဖက်ရည် အရသာတောင် တခါတလေ မေ့နေတတ် ကြပါတယ်။

ကဲ အခု စဉ်းစားကြည့်၊ လက်ဖက်ရည်ဆိုတာ မင်းတို့ရဲ့ဘဝကို ဆိုလိုတာပါ။ ခွက်ကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ ရာထူး၊ ပိုက်ဆံတွေပါ။ ခွက်နဲ့ တူတဲ့ အလုပ်အကိုင်၊ ရာထူး၊ ပိုက်ဆံတွေက ဘဝကို ထည့်ထားတဲ့ ခွက်တခုပါ။ အဲ့ဒါတွေက ခွက်ကလေး ထဲက ဘဝရဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။

ကမ္ဘာမှာ အပျော်ဆုံး လူသားတွေက အကောင်းဆုံးသော အရာအားလုံးကို ပိုင်ဆိုင်ခြင်း မရှိပါဘူး။ သူတို့တွေက သူတို့ဆီမှာ ရှိတဲ့ အရာတွေကို အကောင်းဆုံး ဖြစ်အောင် လုပ်လေ့ ရှိပါတယ်။

ဒါကြောင့် ရိုးရိုးရှင်းရှင်းနေပါ။ ရက်ရက်ရောရော ချစ်ပါ။ နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ပါ။ ကြင်ကြင်နာနာ ပြောဆိုပါ။ ပြီးရင်တော့ လက်ဖက်ရည်ကို သုံးဆောင်ပါတော့။

ဒီပုံပြင်လေးက ဘဝမှာ မကြိုးစားဖို့ ပြောတာ မဟုတ်ပါဘူး။ လောကကြီးမှာ မျှမျှတတ အာရုံစိုက် တတ်ဖို့ကို ဆိုလိုတာပါ။ အကောင်းဆုံး ကြိုးစားပါ။ ဒါပေမယ့် လောဘတွေ အရမ်းမတက်မိ ပါစေနဲ့။ ကိုယ့်မှာ ရှိတာတွေကို အကောင်းဆုံး ဖန်တီးပါ။ Motion

Post a Comment

0 Comments