အဲဒီလို အကိုမျိုး

ကျွန်တော့်ရဲ့ သူငယ်ချင်း ပေါလ်မှာ ခရစ္စမတ် လက်ဆောင်အဖြစ် သူ့အကိုကြီး ထံမှ ကားတစီး ရသည်။ ခရစ္စမတ် အကြိုနေ့မှာ သူ့ရုံးခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေး တယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ် ကြည့်နေတာ မြင်ရသည်။

ကြည့်ရုံနှင့် အားမရသေး ဟန်ဖြင့် ကောင်လေးက မေးသည်။ "ဒါ အကို့ ကားလား" တဲ့။ ပေါလ်က ခေါင်းညိတ်ပြီး "အေးကွ၊ ငါ့အကိုက ခရစ္စမတ် လက်ဆောင်ပေးတာ" ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည်။

"ဟာ ခင်ဗျား အကိုက ခင်ဗျားကို အလကား ပေးတာ ဟုတ်လား။ ခင်ဗျား ပိုက်ဆံ တပြားမှ မကုန်ဘူးပေါ့။ ဟာဗျာ ကျွန်တော်သာ ဆုတောင်းလို့ ရမယ် ဆိုရင်" ဆိုပြီး ကောင်လေး ရပ်နေသည်။

ဆုတောင်းလို့ ရရင် ကောင်လေး ဘာဆုတောင်းမလဲ ဆိုတာ ပေါလ် တွေးနေမိသည်။ သူ့မှာလည်း အဲဒီလို အကိုမျိုး တယောက်ရပါစေလို့ ဆုတောင်းမှာ ပဲပေါ့။ သို့သော် ကောင်လေးထံမှ နောက်ထပ် ကြားလိုက်ရသော စကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။

"ကျွန်တော် အဲဒီလို အကိုမျိုး ဖြစ်ချင်လိုက်တာဗျာ" တဲ့။ ကောင်လေးကို သူ အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ်သွားသည် မသိ။

"မင်း ငါ့ကား လိုက်စီးကြည့်မလား" ဟု မေးမိသည်။

"ဟုတ်ကဲ့၊ စီးချင်တာပေါ့ ခင်ဗျာ"

ကားစီးပြီး ခဏလေး ကြာတော့ ကောင်လေးက ပေါလ်ဘက်သို့ လှည့်ကာ "အကိုရေ ကျွန်တော်တို့ အိမ်ဘက် လှည့်မောင်ပေးလို့ ရမလားဗျ" ဟု မေးသည်။ သူ့မျက်လုံးတွေ တောက်ပနေတာ ကြည့်ပြီး ပေါလ်ပြုံးမိသည်။

ကောင်လေးစိတ်ထဲ ဘာရှိနေသလဲ သူတွေးမိသည်။ သူ ကားသစ်ကြီး စီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်း တွေကို ကြွားချင်ပုံပဲ။

သို့သော် သည်တခါလည်း ပေါလ် မှားပြန်ပါသည်။ "ဟို လှေကားနှစ်ဆင့်နဲ့ အိမ်ရှေ့ ရပ်ပေးပါဗျာ" ကောင်လေးက ဆိုသည်။ လှေကားထစ်တွေ သူပြေးတက်သွားသည်။ ခဏလေးကြာတော့ ပြန်လာနေသံ ကြားရသည်။ တက်သွားတုန်းကလို မမြန်။ သူက ကလေးတယောက်ကို ချီယူလာခြင်း ဖြစ်သည်။ ခြေမသန်သော သူ့ညီလေး။

သူက ညီလေးကို အောက်ဆုံး လှေကားထစ်မှာ ထိုင်ခိုင်းသည်။ သူ့လက်တဖက်က ညီလေးကို တင်းတင်း ဖက်ထားပြီး ကားကို ပြသည်။ "ဟောဒီမှာ တွေ့လား ညီလား၊ အပေါ်ထပ်မှာ တုန်းက အကိုကြီး ပြောတာလေ၊ ဒါ သူ့အကိုကြီးက ခရစ္စမတ်လက်ဆောင် ပေးတာတဲ့၊ သူ့ ပိုက်ဆံတပြားမှ မကုန်ဘူး။

နောက်ကျရင် အကိုကြီးလဲ ညီလေးကို ဒါမျိုးကား တစီး ဝယ်ပေးမယ်။ အဲဒီအခါ ကျတော့ ညီလေးကို အကိုကြီးပြောတဲ့ ခရစ္စမတ် အရောင်းဆိုင် တွေမှာ ပြထားတဲ့ အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေး လိုက်ကြည့် နိုင်မှာပေါ့ကွ" တဲ့။ သူက အားပါးတရ ပြောနေသည်။

ပေါလ်က ကားထဲက ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကို ချီ၍ ကားရှေ့ခန်းထဲ ထည့်သည်။ အကိုလုပ်သည့် ကောင်လေးက ဝမ်းသာအားရ သူ့ညီလေးဘေးမှ ဝင်ထိုင်သည်။ အဲသည့်နေ့က သူတို့သုံးယောက် လျှောက်လည် ကြသည့် အတွေ့အကြုံမှာ သုံးယောက်လုံး အတွက် တသက် မမေ့နိုင်စရာ ဖြစ်ခဲ့သည်။

အထူးသဖြင့် ပေါလ်အဖို့ သင်ခန်းစာ တခု မှတ်မှတ်သားသား ရခဲ့သည်။ ယူရခြင်း အရသာထက် ပေးရခြင်းကြောင့် ဖြစ်သော ပီတိက ပို၍ နှစ်သက်ဖွယ် ချိုမြိန်လှ၏ ဟူသော အသိတရား။ ဖေမြင့် (အဲသည်လို အစ်ကိုမျိုး)

Post a Comment

0 Comments