ဝဋ်ကြွေးတွေကို ရှောင်လိုက်ပါ

ကိုယ့်ဘက်ကတော့ ဘယ်သူ့အပေါ်မှာ မဆို အရိုးသားဆုံးနဲ့ အဖြူစင်ဆုံး ဆက်ဆံခဲ့တာပဲ။ ကိုယ်ရိုးသားသလို သူတို့ဘက်က မရိုးသား တာတော့ မတတ်နိုင်ဘူး။ သူတို့ဗီဇမို့ ကိုယ့်ဘဝရဲ့ မှတ်တမ်းထဲက ဖျက်ပစ်လိုက်တယ်။

ကိုယ့်ဘက်က ဟန်ဆောင်မှု မရှိ အရိုးခံတိုင်း ဆက်ဆံခဲ့တာပဲ။ သူတို့ဘက်က လိမ်ညာပြီး ဆက်ဆံခဲ့တာတော့ မတတ်နိုင်ဘူး။ သူတို့စရိုက်နဲ့ သူတို့မို့ ကိုယ့်ဘဝရဲ့ သမိုင်းထဲက ဖယ်ထုတ် ပစ်လိုက်တယ်။

ကိုယ့်ဘက်က ယုံကြည်မှု အပြည့်နဲ့ ဆက်ဆံခဲ့တာပဲ။ ယုံကြည်မှုကို အလွဲသုံးစား လုပ်သွားတာ သူတို့ရဲ့ စာရိတ္တမို့ မတုဖက်ချင်ဘူး။ ကိုယ့်ဘဝရဲ့ သတိထား ဆက်ဆံရမဲ့သူ စာရင်းထဲ သိမ်းထားလိုက်တယ်။

ကိုယ့်ဘက်ကတော့ စာနာမှုအပြည့်နဲ့ ဆက်ဆံပေးခဲ့တာပဲ။ ကိုယ်ခြင်းစာစိတ် မရှိ လှည့်စားသွားတာ သူ့တို့ရဲ့ စိတ်ရင်းမို့ ကိုယ့်ဘဝရဲ့ မှတ်တမ်းထဲ လူလိမ်တွေ အဖြစ် သေသေ ချာချာ စားရင်းပြုစုထားခဲ့ ပါတယ်။

လူတယောက်က ကိုယ့်အပေါ် ယုံကြည်တဲ့ ဆက်ဆံရေး ရရှိဖို့ကို အချိန် တော်တော်ကြာ တည်ဆောက်ရ ပေမဲ့ ကိုယ့်ဘက်က မရိုးသားတဲ့ အပြုအမှုကြောင့် လူလိမ် တယောက်အဖြင့် ယုံကြည်မှုတွေကို တခဏ အတွင်း ဖျောက်ဖျက် ပစ်နိုင် ပါတယ်။

ဒါကြောင့် လူလူခြင်း ဆက်ဆံရေးမှာ ရိုးသားပါ၊ ကိုယ်ခြင်းစာနာ စိတ်ထားပါ၊ ငဲ့ညှာ သနားတတ်တဲ့ စိတ်တွေကို မွေးမြူပါ၊ ကိုယ်ရဲ့ မတော်တဆ လုပ်ရပ်သော် လည်းကောင်း၊ တမင် ကြံစည်၍သော် လည်းကောင်း အမှားတခုကို ကျူးလွန်မိရင် တဖက်လူအတွက် ထိခိုက် နာကျင် သွားနိုင်သလို မိမိကိုယ်တိုင်လည်း နောင်တ ရတတ်ပါတယ်။

လူတယောက် အပေါ် မကောင်းကြံမယ် ဆိုရင် ကိုယ်လုပ်လိုက်မဲ့ လူက လူကောင်းလား လူဆိုးလား၊ ကိုယ့်အပေါ် အကျိုး ပြုဖူးသူလား၊ ကိုယ်တခုခု လုပ်လိုက်လို့ တဖက်လူ ဘယ်အတိုင်းတာထိ ထိခိုက်သွားနိုင်လဲ၊ ကိုယ့်အတွက်ရော အကျိုးအမြတ် ဘာပြန်ရနိုင်မှာလဲ ဆိုတာတွေကို အရင် တွေးတောပါ။ ဝဋ်ကြွေး ဆိုတာ သူပေးတာ မဟုတ်ဘူး၊ ကိုယ်ကိုတိုင် လုပ်ယူမှ ရတဲ့ အရာဆိုတာလည်း မမေ့ပါနဲ့။

ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတဲ့ ဝဋ်ကြွေး ဆိုတာ အနိုင်ရတုန်း ပြုံးနိုင်ပေမဲ့ တပတ်ပြည့်လို့ ကိုယ်ထံ ပြန်လာရင် ထိန်းမနိုင် သိမ်းမရ ရင်ဆိုင်ရတတ် ရပါတယ်။

ထိခိုက် နစ်နာသွားသူတွေ အတွက် အချိန်တခု ရောက်ရင် အရင်လို ပြန်ဖြစ်သွားပြီး အပြစ်လုပ်တဲ့ သူတွေအတွက် ဝဋ်ကြွေး ဆိုတာ သံသရာ အဆက်ဆက်ထိ သယ်ဆောင် သွားရမဲ့ အရာမို့ သိပ်ကို ကြောက်စရာ ကောင်းလှပါတယ်။

အရှုံး ပေးလိုက်တိုင်းလည်း ကိုယ် "မရှုံး" ခဲ့ဘူး၊ လှည့်စား ခံလိုက်ရတိုင်း ကိုယ် "မညံ့" ဘူး၊ အလိမ်ခံရတိုင်းလည်း ကိုယ် "မအ" ခဲ့ဘူး၊ ဝဋ်ကြွေးကို ရှောင်လွဲခဲ့တာပါ။

အဲ့ဒီလို ခါးသီးမှုတွေ ကြုံလာတိုင်း ကိုယ့်ရဲ့ ဖြူစင်မှုတွေ လူတွေ အားလုံး သိသွားခဲ့တယ်။ ကိုယ်မရှုံးဘူး။ လှည့်စားမှုတွေ ကြုံလာလေလေ ကိုယ့်ရဲ့ ရိုးသားမှုဂုဏ် လူတွေ ပိုသိလေ။ အလိမ် ခံရလိုက်တိုင်း ကိုယ့်အပေါ် စာနာစိတ် ထားတဲ့သူတွေ ပိုပေါများလာလေပါ။

ဒါကြောင့် အဆိုးဆုံးတွေ ရင်ဆိုင် လိုက်ရသည်ထား၊ အရှုံး မရှိခဲ့သလို ကိုယ့်ကိုယ်ကိုလည်း ရိုးသားမှု အတွက် ဂုဏ်ယူလိုက် ပါတယ်။ ကိုယ့်ရိုးသားမှု ဂုဏ်နဲ့ ကိုယ့်သမိုင်းရေးတဲ့ အထဲ လူလိမ် လူညာတွေကို ဖျက်ထုတ်ခဲ့ရ လို့လည်း ပျော်ရွှင်တဲ့ ဘဝ ကြည်လင်သန့်စင်တဲ့ စိတ်တွေကို ပိုင်ဆိုင် နိုင်ခဲ့ပါပြီ။ MayNoe

Post a Comment

0 Comments