တခါတုန်းက ငါးကလေး တကောင်ဟာ လိပ်လေး တကောင်ကို ကူးခတ်ရင်း တွေ့တော့ မေးသတဲ့။ "မင်းက ဘာလို့ တခုခု ကြုံလာတာနဲ့ အခွံထဲကို ခေါင်းဝှက်ထားဖို့ပဲ စဉ်းစားတာလဲ"
လိပ်ကလည်း ငါးကလေး မေးတဲ့ မေးခွန်းကို အေးအေး ဆေးဆေးပဲ ပြန်ဖြေပါတယ်။ "ငါ့က တိတ်ဆိတ်တဲ့ ဝန်းကျင်တခုကို လိုချင်လို့လေ၊ မမြင်ချင်တာ မမြင်ရအောင် နေတတ်သလို နေတာလေ"
ဒီတော့ ငါးကလေးက "သူများတွေ မင်းကို ငကြောက်လို့ ပြောနေတာ မင်း ပြန်မကြားမိ ဘူးလား" လို့ မေးတော့ လိပ်ကလေးက ငါးကလေးကို တချက် ပြုံးပြရင်းနဲ့ အခုလို ပြန်ဖြေသတဲ့။
"ဒီအချက်က မင်းနဲ့ငါ မတူတာပဲ။ ငါတို့ လိပ်မျိုးတွေက မင်းတို့တွေထက် ဘာကြောင့် အသက် ရှည်ရသလဲ သိလား။ ငါတို့တွေက အရာအားလုံးကို လိုက်ခံစားမနေဘူး။
တို့တွေက ဘဝမှာ ဘာအရေးကြီးသလဲ ဆိုတာကို ပိုအဓိက ထားတယ်။ သူများတွေရဲ့ အပြောတွေကို အမြင်တွေကို လိုက်ဂရုစိုက်ပြီး မခံစားနေဘူးလေ။
တခုခု ကြုံလာလို့ ငါ့ရဲ့အခွံထဲ ခေါင်းဝှက်လိုက်တဲ့ အခါ ငါ့ကို ငကြောက်လို့ ပြောကြတယ်။ ဘယ်သူတွေ ဘာပြောပြော ငါမရှက်ဘူးလေ။ သူတို့ ရှက်နေလို့ ငါ့အန္တရာယ်က အေးမသွားဘူးလေ။
အဓိကက ငါ လုံခြုံနေဖို့ လိုတယ်။ သူများရဲ့ အမြင်တွေ အပြောတွေကို ကြောက်လို့ ငါ့အန္တရာယ်တွေ ငါမရှောင်ရင် ငါပဲ ခံရမှာလေ။ အဲဒီတော့ ပြောချင်တာ ပြောကြပါစေ ငါ့ရဲ့ မှန်ကန်တဲ့ ခံယူချက် အတိုင်းပဲ နေလိုက်တယ်"
ကိုယ့်ကို နှစ်သက်တဲ့ သူက ကိုယ်ဘယ်လောက် မကောင်းတာဘဲ လုပ်လုပ် အမြင် ကြည်နေပေမယ့်၊ ကိုယ့်ကို မနှစ်သက်တဲ့ သူကို ဘယ်လိုပဲ ကောင်းတာ လုပ်ပြ လုပ်ပြ သူတို့ရဲ့ စိတ်ထဲမှာ အကောင်း မမြင်နိုင်ပါဘူး။
ဒီတော့ သူတို့ရဲ့ အမြင်တွေ အပြောတွေထက် ကိုယ့်လုပ်ရပ်က မှန်နေရင် ရပါပြီ။ ဘယ်သူတွေ ကိုယ့်နောက်ကွယ်မှာ ဘာပြောပြော လိုက် ရှင်းပြနေစရာ မလိုပါဘူး။
တချိန်မှာတော့ အချိန်က အမှန်တရား တွေကို ကိုယ့်ကိုယ်စား ပြောပေး ပါလိမ့်မယ်။ မာရင်ရင်
1 Comments
Ok
ReplyDelete