စိတ်ချမ်းသာအောင် နေထိုင်နည်း

(၁) သိသလောက် မပြောပါနဲ့

ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိုင်ပါဘူး။ လူတယောက်ရဲ့ လက်ခံ နားလည်မှု ဆိုတာ အရွယ်နဲ့ ဆိုင်သလို သူကြုံတွေ့ခဲ့ ရသော ဘဝအတွေ့အကြုံ၊ အတွေးအခေါ်နဲ့ ဆိုင်ပါတယ်။

အသက် ၁၈ နှစ် အရွယ် လူငယ်တယောက်ကို မိန်းမယူတာ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့၊ တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူး လို့ ထင်ပါတယ်။

ပါးစပ်မှာ ခဲဖျက် မပါသလို စကား ဆိုတာကလည်း တန်ဖိုးထားတတ်သူ နဲ့သာ တွေ့မှာ ကိုယ့်ရဲ့ စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။

(၂) အမြင်မတော်ရင် မျက်နှာလွဲနေပါ

အမြင်မတော်တာ တွေ့တိုင်း၊ မှားနေတာ တွေ့တိုင်း မပြောပါနဲ့။ အမြင်မတော် တိုင်းသာ ပြောနေမယ် ဆိုရင် မိတ်ဆွေဟာ ရွာပြင် အထုတ်ခံရ ပါလိမ့်မယ်။

ဘာလို့လဲ ဆိုတော့ လူအများစုက ကိုယ်လုပ်တာ ကိုယ်မှန်တယ် ထင်နေပြီး အမှန်တရားကိုထောက်ပြရင် သူတို့ကို အရှက်ခွဲတယ် ဆိုပြီး သင့်ကို အမြင်စောင်း ကြပါလိမ့်မယ်။

လူအများ ရှေ့မှာ ဖက်နမ်းနေပြီး အမြင်မတော်သော အပြုအမူများ လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို "မင်းတို့ မရှက်ကြဘူးလားကွာ" လို့ သွားပြောရင် သင့်ကို အထင်လွဲ သွားပါလိမ့်မယ်။

(၃) ကြားတိုင်း မယုံပါနဲ့

နားဆိုတာက အကြားအာရုံ ဖြစ်သောကြောင့် သင့်နားထဲကို ဟုတ်တာ မဟုတ်တာ၊ မှန်တာ မမှန်တာ အကုန် ကြားနေရ ပါလိမ့် မယ်။ ကြားနေတိုင်း လိုက်ခံစား နေရင် သင့်မှာ နှလုံးသားအပို မပါသလို ဦးနှောက်လည်း အပို မပါဘူးလေ။

လူတချို့က သင့်ကို တမျိုး ပြောမယ်၊ နောက်လူ တချို့က သင့်ကို တမျိုး လာပြောကြ ပါလိမ့်မယ်။ ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပြီး နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ။

မြင်ရင် မြင်တယ်လို့ မှတ်၊ ကြားရင် ကြားတယ်လို့ မှတ်ပြီး လောကမှာ ဖြစ်ပျက်နေတဲ့ အရာ တော်တော်များများကို လက်ခံလာ နိုင်ရင် ပါးစပ်ကလည်း သင့်တော်သော၊ အမုန်းမပွားသော၊ အများ လက်ခံနိုင်သော စကားကို ပြောဆိုလာ ပါလိမ့်မယ်။

နှုတ်ကို စောင့်စည်းလာ နိုင်ခြင်းကြောင့် လူမုန်း နည်းလာမယ်။ အမြင်ကျယ်ကျယ် ကြည့်လာနိုင်ပြီး အကောင်းမြင်စိတ် များလာရင် သူရော မိမိပါ အေးချမ်းလာ ပါလိမ့်မယ်။

နားက ကြားခဲ့သမျှကို ဟိုဘက်နားက ဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင် ကိုယ့်ရင်ထဲမှာ ခံစားချက် နည်းလာသလို အခြားသူကို အပြစ်မြင်မှုလည်း လျော့နည်းလာပြီး ကိစ္စ တော်တော်များများမှာ ငြိမ်းချမ်း ပျော်ရွှင်လာ ပါလိမ့်မယ်။ နေတတ်ရင်၊ လက်ခံ တတ်ရင် အရာအားလုံးက ကျေနပ်စရာတွေချည်း ပါပဲ။

Post a Comment

0 Comments