သတိထားရမည့် စကားတခွန်း

လူတိုင်းလိုလို နေ့စဉ်နဲ့အမျှ စကားတွေ ပြောနေကြတာပါ။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော၊ ရောနှောပြီး ပြောနေကြတာပါပဲ။ တချို့စကားတွေဆို ပါးစပ်ကထွက် ပြီးရောဆိုပြီး ပြောချလိုက်တာပါ။ ကိုယ်ဘာပြောလိုက်တယ် ဆိုတာ ကိုတောင် ကိုယ်မသိလိုက် ရှာပါဘူး။

စကားပြောရင် ရှေ့ကြည့် နောက်ကြည့် ပြောရပါမယ်။ ရှေ့မလွတ် နောက်မလွတ်တွေ မပြောရပါဘူး။ အဲ့ဒါတွေက ကိုယ့်ကို ဒုက္ခရောက်စေ တတ်ပါတယ်။ သူကြိုက်မှန်းမသိ မကြိုက်မှန်း မသိနဲ့ ရမ်းသန်းပြီး ပြောနေတာက နှစ်ဦးနှစ်ဖက် အတွက် အကျိုး မရှိပါဘူး။

စကားဆို ပျားသကာလို ချိုသာရမယ်တဲ့။ စကားပြောရင် နားဝင်အောင် ပြောဖို့ အရေးကြီးဆုံး ပါပဲ။ အချို ကြိုက်တဲ့သူကို အချိုအကြောင်း ပြောရသလို အချဉ် ကြိုက်တဲ့သူကို အချဉ်အကြောင်း ပြောရပါတယ်။

သူ့ အားသန်းရာကို ပြောပြီးမှ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပြောရမယ်။ အဲဒီလိုမှ မဟုတ်ပဲနဲ့ ကိုယ်ပြောချင်တာပဲ စွတ်ပြောနေမယ် ဆိုရင် နားထဲရောက်မှာ မဟုတ်ပါဘူး။ ဒီဘက်နားက ဝင်ပြီး ဟိုဘက်နားက ထွက်သွားပါလိမ့်မယ်။

လူတွေနဲ့ ပေါင်းသင်း ဆက်ဆံတဲ့ အခါ စကားပြောတာက သိပ်အရေးကြီး ပါတယ်။ ဘယ်လောက်ပဲ ပညာတတ် နေပါစေ၊ စကားပြောတတ်သူနဲ့ ယှဉ်လာရင် စကား ပြောတတ်သူက ထိပ်တန်း ရောက်တာပါပဲ။ ထိပ်တန်း ရောက်ဖို့ ဆိုရင် စကားပြောတတ်ဖို့ကို အရင် လေ့ကျင့်ရပါမယ်။ စကား မပြောတတ်ရင် ထိပ်တန်းရောက်လဲ ခဏလေးပါပဲ။ ကြာရှည် ခံမှာ မဟုတ်ပါဘူး။

လက်ကြောင့်ကျေ နှုတ်ကြောင့် သေတဲ့။ စကားတခွန်းကြောင့် ကိုယ့်ဘဝ တခုလုံးပါ အသက်မဲ့သွား နိုင်ပါတယ်။ အပင်မြင့်လေ လေတိုက်လေ ဆိုသလို ပါပဲ။ အမြင့်ရောက်လေ စကားပြောတာကို စဉ်းစားဆင်ခြင် နိုင်ရပါမယ်။ စကားတခွန်းကြောင့် ကိုယ်ကြိုးစားထား သမျှ အရာအားလုံး ပျက်စီးပြီး ကိုယ့်နာမည်ပါ ပျက်သွားနိုင်ပါတယ်။

နှုတ်ကောင်းတော့ ပြည်စိုတဲ့။ စကားပြောတတ်ရင် ကိုယ်စွမ်းနိုင်သလောက် ကြိုးစားလို့ ရပါတယ်။ စကားတခွန်း ကြောင့်လည်း နာမည်ကောင်းတွေ ရနိုင်ပါတယ်။ စကားတခွန်းရဲ့ တန်ဖိုးက အများကြီး သိသာပါတယ်။ စကားကို ရေလို မသုံးပါနဲ့။ ရွှေလိုသုံးပါ။

စကားများတော့ အမှားပါတယ်။ စကားနည်းတော့ အမှား နည်းပါတယ်။ စကားပြောတော့မယ် ဆိုရင် မပြောခင် အရင် စဉ်းစားသင့် ပါတယ်။ ကိုယ်ပြောမယ့် စကားက ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ မှန်သလား မှားသလား ဆိုတာ အရင် စဉ်းစားသင့် ပါတယ်။

စကားကို ချွေတာပြောပါ။ စကား မဖောင်းပွ ပါနဲ့။ စကားက ကိုယ့်မိတ်ဆွေလည်း ဖြစ်နိုင်ပါတယ်။ အခက်မသင့်ရင် ကိုယ့်ရန်သူ ဖြစ်သွားနိုင်ပါတယ်။ ကိုယ်ပြောမယ့် စကားတခွန်းက မှန်နေတယ် ဆိုရင်တောင်မှ သူ့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်အတွက်လည်း အကျိုးမရှိဘူး ဆိုရင် မပြောသင့်ပါဘူး။

တချို့စကား တွေက ရင်ထဲမှာပဲ သိမ်းထားတာ အကောင်းဆုံးပါ။ မတတ်သာလို့ ပြောမိခဲ့ရင် စကားပြောတွေက အဆိပ် ဖြစ်သွားနိုင်ပါတယ်။ စကားပြောရင် သတိထားပြီး ပြောသင့်ပါတယ်။

စကား ပြောတတ်ဖို့ စကားများများ ပြောဖို့ မလိုပါဘူး။ စာများများ ဖတ်လာရင် စကားပြောတတ် လာပါလိမ့်မယ်။ စကား ပြောတတ်ဖို့အတွက် စာများများ ဖတ်ဖို့ လိုပါတယ်။ Crd

Post a Comment

0 Comments