ခေါင်းပြားအောင် အိပ်ပါ

တခါက လယ်မြေတွေ ပိုင်တဲ့ သူဌေးကြီးက သူ့လယ်တွေကို ကြီးကြပ်ဖို့ လူတယောက် ရှာနေတယ်။ သူ့ရွာက လူ အတော်များများဟာ အလုပ်ကြမ်း မလုပ်ချင် ကြလို့ သူဌေးကြီးဟာ လူရှာမရ ဖြစ်နေတယ်။

တနေ့မှာ အသက်ကြီးကြီး လူကောင် ပိန်သေးသေးနဲ့ လူတယောက် သူ့ဆီမှာ အလုပ် လာလျှောက်တယ်။

သူဌေးကြီးက သူ့ကို ဒီအလုပ်ကို လုပ်နိုင်မလားလို့ မေးတယ်။ သူက "မုန်တိုင်း ကျရင်တောင် အိပ်ပျော်ပါတယ်" လို့ ပြန်ဖြေတယ်။

သူဌေးကြီးဟာ သူ့အဖြေကို သဘောမကျ ပေမယ့် အလုပ်လျှောက်သူ မရှိလို့ သူ့ကိုပဲ လက်ခံပြီး အလုပ် ခန့်လိုက် ရတယ်။

အဲဒီညမှာပဲ လေပြင်းမုန်တိုင်းကြီး ကျပါတော့တယ်။ သူဌေးကြီးက အိပ်နေတဲ့ သူ့ကို သွားနှိုးပြီး အော်ပြောတယ်။ "ဟေ့လူ ထ ထ။ မုန်တိုင်း ကျနေပြီ။ အပြင်ထွက် ကြည့်လိုက်အုံး"

ဟိုလူက တဖက်ကို လှည့်စောင်း ပြန်အိပ်ရင်း "ကျွန်တော် ပြောထားတယ်လေ။ မုန်တိုင်းကျရင် အိပ်ပျော်ပါတယ်လို့"

သူဌေးကြီးက သူ့ကို ချက်ခြင်း အလုပ် ဖြုတ်ပစ် ချင်တယ်။ ဒါပေမဲ့ လောလောဆယ် အပြင်ဖက်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို သွားကြည့် လိုက်တယ်။

ကောက်ရိုးပုံတွေကို သပ်သပ်ရပ်ရပ် ပုံထားပြီး အပေါ်မှာ မိုးကာတွေနဲ့ အုပ်ထားတယ်။ နွားတွေ အားလုံးကို နွားခြံထဲ မောင်းသွင်းထားပြီး ခြံတံ ခါးကို လုံလုံခြုံခြုံ ပိတ်ထားတယ်။ ကြက်တွေကိုလည်း ကြက်ခြံ အမိုးအောက်မှာ ထည့်ထားပြီးပြီ။

ရှိတဲ့ တဲတွေကို ကြိုးနဲ့ မြေကြီးမှာ ငုတ်စိုက် ချည်ထားတယ်။ မုန်တိုင်းကြောင့် လွင့်ပျံတက် မသွားအောင်ပါ။ အဲဒါတွေကို အလုပ်သမား လူသစ်က နေ့ခင်းကတည်းက လုပ်ထားခဲ့တာပါ။ သူဌေးကြီးဟာ အခုမှ သဘောပေါက် သွားတော့တယ်။

လူသစ်ဟာ စီစဉ်စရာ တွေကို မုန်တိုင်း မလာခင် ကတည်းက စီစဉ်ပြီးသားမို့ မုန်တိုင်းလာချိန်မှာ သူ ကောင်းကောင်း အိပ်နေနိုင်တာကိုး။ သူဌေးကြီးလည်း အိပ်ယာဝင်ပြီး အဲဒီညမှာ ကောင်းကောင်း အိပ်ပျော်သွားပါတယ်။

မည်သည့်အလုပ်ကို မဆို ကြိုတင် ပြင်ဆင်ထားခြင်းက အကောင်းဆုံးသော လုပ်ဆောင်မှု တခုပါပဲ။ BamawTheinPhe

Post a Comment

0 Comments