ငန်းပေါက်ကလေးပိစိ

တခါတုန်းက ငန်းမိသားစု တစုရှိပြီး ကျောက်တုံးကြီး ကြားမှာ နေကြတယ်။ ငန်းဖို၊ ငန်းမနဲ့ ငန်းပေါက်လေး ခြောက်ကောင်တို့ ရှိကြသတဲ့။

သူတို့ထဲက အငယ်ဆုံး ငန်းပေါက်လေးဟာ သိပ်ကို ဆိုးတယ်။ သူ့အကို ငန်းတွေကိုလည်း အနိုင်ကျင့်ပြီး အစာ စားရင် သူများပါးစပ်ထဲက လုယက်ပြီး စားလေ့ ရှိသတဲ့။

တနေ့တော့ ငန်းပေါက်လေးတွေ ဆော့ကစားနေ ကြတာပေါ့။ ငန်းပေါက်လေးဟာ ဆော့ကစား နေရင်းက ကျောက်တုံးကြီးပေါ် တကောင်တည်း တက်ဆော့တယ်။ ငန်းမကြီး ပြန်လာတော့ ကျန်တဲ့ အကောင်လေးတွေက ပိစိကို တိုင်တော့ အဆူ ခံရသတဲ့။

အဲဒီအပေါ်မှာ စွန်တွေ၊ သိန်းငှက်တွေရဲ့ အန္တရာယ် ရှိတယ်။ အဲ့ဒီပေါ်မှာ ဆော့အုံးမလား ဆိုပြီး ငန်းအမေကြီးဟာ ငန်းပိစိကို ရိုက်တာပေါ့။ ငန်းပေါက်လေး ပိစိဟာ ချောင်မှာ သွားငိုနေသတဲ့။

နေ့လည် ရောက်တော့ ဘယ်သူမှ မသိအောင် တကောင်တည်း တောထဲကို ထွက်လာခဲ့တာပေါ့။ ဒီလိုနဲ့ သူဟာ လျှောက်သွားနေရင်းက တနေရာကို ရောက်လာသတဲ့။ အဲ့ဒီနေရာမှာ မြေခွေး ခြေရာတွေကို တွေ့လိုက်ရတယ်။

ဒီတော့ ပိစိဟာ အကြံရ သွားသတဲ့။ ငါ့ကို အဆူခံရအောင် လုပ်တဲ့ ငါ့အကို အမတွေကို ပြန်ဒုက္ခ ပေးရမယ်။ ဒီလိုနဲ့ ပိစိဟာ မြေခွေးရဲ့ ခြေရာအတိုင်း လိုက်သွားတယ်။ တနေရာ ရောက်တော့ သစ်ပင်အောက်မှာ အိပ်နေတဲ့ မြေခွေးကို တွေ့လိုက်ရသတဲ့။

ဒီအခါ မြေခွေးကို နှိုးလိုက်တာပေါ့။ "ခင်ဗျား ငန်းသားစားချင်လား" "စားချင်တယ်" "ဒါဆို ကျွန်တော် လိုက်ပြမယ်" ဆိုပြီး ငန်းပိစိလေးဟာ ရှေ့ကနေ မြေခွေးကို လမ်းပြကာ ခေါ်ဆောင်ခဲ့တယ်။

မကြာခင်မှာ သူ့အမေတွေ ရှိတဲ့ ကျောက်တုံးနဲ့ မလှမ်းမကမ်းက ခြုံတွေနား ရောက်လာသတဲ့။ "ဟိုနားက ကျောက်တုံးကြားမှာ ငန်းလေးတွေ ငါးကောင်တောင် ရှိတယ်။ ပြီးတော့ အသိုက်ထဲမှာ ငန်းဥ တွေလည်းရှိတယ်။ ခင်ဗျား သွားစားပေတော့"

ထိုအခါ မြေခွေးက "နေဦး ပြီးတော့မှ ငါသွားစားမယ်၊ ခုလောလောဆယ် မင်းက ငါ့ပါးစပ်ရှေ့ အရင် ရောက်နေတာ။ မင်းကို အရင်စားမယ်" ဆိုပြီး မြေခွေးက ပိစိကို ပြေးဟပ်လိုက်တယ်။

အဲ့ဒီ အချိန်မှာဘဲ ခြုံနောက်ကနေ ငန်းဖိုနဲ့ ငန်းမကြီး ပြေးထွက်လာပြီး မြေခွေးကို ထိုးဆိတ် တိုက်ခိုက်ကြ တော့တယ်။ မြေခွေးလည်း ငန်းပေါက်ကို ချပြီး တောထဲကို ပြန်ပြေးရတာပေါ့။

အဲ့ဒီနောက် မြေခွေး အစွယ်ကြောင့် ဒဏ်ရာရသွားတဲ့ ပိစိကို ခေါ်လာကြသတဲ့။ ပြီးတော့ ဒဏ်ရာတွေကို ဆေးထည့်ပေးကြတယ်။ ငန်းပေါက်လေးပိစိက မေးတယ်။ "မေမေတို့ ဘယ်တုန်းက ရောက်လာကြ တာလဲဟင်"

ထိုအခါ ငန်းမကြီးက "သားထွက်သွားပြီး ကတည်းက နောက်ကနေ တချိန်လုံး လိုက်ကြည့်နေတာ။ ခုတော့ လောကကြီးအကြောင်း သိပြီလားကွဲ့" လို့ ပြောလိုက်ပါတော့တယ်။

ဒီပုံပြင်ရဲ့ သင်ခန်းစာလေး ကတော့ မိဘတွေက သားသမီးတွေကို ဆူတာ ရိုက်တာဟာ ဒုက္ခမရောက်အောင် စေတနာနဲ့ ပြောကြ ဆုံးမကြတယ် ဆိုတာကို သားသမီးတိုင်း နားလည် သဘောပေါက် စေဖို့ပဲ ဖြစ်ပါတယ်။ Pink

Post a Comment

0 Comments