သိပ်ရှက်ဖို့ ကောင်းပါသည်

တခါက ဓါးမကူး ဆရာတော်ဘုရားကြီးသည် ကျောင်းပေါ်၌ ဘုရားဝတ် တက်နေသည်။ ဘုရားဝတ်တက်လို့ ခဏအကြာ ကျောင်းအောက်မှ ခွေးနှစ်ကောင်က ဆူညံ့စွာ တကောင်နှင့် တကောင် ကိုက်ကြသည်။

အစာ လုကြသည်။ ဘုရား အာရုံပြုသည်။ မရ။ ကြိုးစား အာရုံပြုသည်။ မရ။ ခွေးနှစ်ကောင် ကိုက်ဖြတ် အော်ဟစ်သံများ ဆီသို့သာ စိတ်က ရောက်ရောက်သွားသည်။

မနေနိုင်သည့် အဆုံး တောင်ဝှေးကိုင်ကာ ကျောင်းအောက်သို့ ဆင်း၍ ခွေးများကို မောင်းသည်။ ခွေးများက မောင်း၍ မရ။ ကိုက်မြဲ ကိုက်သည်။ အဲဒါနဲ့ ဒေါသ ထွက်ကာ တောင်ဝှေးနှင့် ခွေးများသို့ ရိုက်မယ် ပြင်ပြီးမှ သတိဝင်လာကာ နှုတ်မှ စကားဆိုသည်။

"ငါနှယ် တောင်ဝှေးနှင့် ဝင်ရိုက်လိုက်လို့ ငါနဲ့ဆို သုံးကောင် ဖြစ်တော့မယ်" တဲ့။

ဆရာတော်ကြီး တွေးပုံလေးကို ကြိုက်သည်။ ငယ်ငယ်ထဲက အသည်းစွဲနေ မိသည်။ ဟုတ်ပါသည်။ အသိဉာဏ် မရှိ၍ ကိုက်သော ခွေးများကို မိမိက အသိဉာဏ်မဲ့စွာ ဒေါသနှင့် ဝင်ရိုက်လိုက်လျှင် မိမိလည်း ခွေးနှင့် ဘာထူးတော့မည်လဲ။

သူတို့ အသိဉာဏ် မရှိလို့ ကိုက်တာကို မိမိက အသိဉာဏ်မဲ့စွာ မပြုမှုသင့်။ ဆရာတော်ကြီးက ပညာဉာဏ် ကြီးကြီးနှင့် ရေနဲ့ ပက်လိုက်ရာ ခွေးများ ထွက်ပြေးသွားသည်။

ယခုလည်း ဖေ့စ်ဘွတ်ခ်မှာ ဆဲခြင်း၊ အလင်္ကာတန်ဆာ ဆင်ထားသော ဗွီဒီယိုများကို တွေ့တွေ့ နေရသည်။ သူဟာသူ ကျောင်းအောက်က ခွေးနှစ်ကောင် ကိုက်သလို ဆဲနေတာကို မိမိက ဝင်ဆဲလျှင် မိမိလည်း ခွေးဖြစ်ပေ လိမ့်မယ်။

မဆဲပါနဲ့။ ခွေးကိုက်ရင် ခွေးကို နိုင်တဲ့ ရေနဲ့ ပက်ရသလို သူတို့ ဆဲရေးခြင်းကို မိမိတို့က ပညာဉာဏ်ရှိရှိ တုန့်ပြန်လိုက်ပါ။

ဆရာကြီး ဦးအောင်သင်း စကားလေး သတိရမိသည်။ ပညာတတ်ရင် ဆဲစရာ မလိုဘူး စကားလုံးနဲ့ သေအောင် သတ်လို့ ရတယ်တဲ့။ ဆဲနေမဲ့ အစား တိတိကျကျ ခိုင်ခိုင်မာမာနဲ့ သမိုင်း အထောက်အထား မှန်စွာ ပညာရှိရှိ တုန့်ပြန် သင့်သည်။

တဆက်ထဲ ဘုရားရှင်ရဲ့ ဆဲလာသူကို တုန့်ပြန်နည်းလေး သတိရမိ ပြန်သည်။ တခါက ပုဏ္ဏား တယောက်ဟာ ဘုရားရှင်ကို အမျိုးမျိုး ဆဲရေးတိုင်းထွာ ပါသည်။ ဘုရားရှင် ကတော့ ဆိတ်ဆိတ် ငြိမ်သက်နေပါသည်။

ပုဏ္ဏားလည်း ဆဲတာ အချိန်ကြာလာတော့ မောလာ၍ ဘုရားရှင် ကလည်း သူဆဲသည်ကို မခံမရပ်နိုင် ဖြစ်တာ မတွေ့ရတော့ ဆဲရတာ ဖီးလ်မလာဘူး ထင်ပါရဲ့။ အဆဲရပ်ပြီး ဘုရားရှင်ကို မေးပါတယ်။

"ရဟန်းဂေါတမ သင့်ကို ငါဆဲနေပါလျက် ဘာလို့ ငြိမ်နေတာလဲ" တဲ့။ ဘုရားရှင်က ထိုအခါမှ

"ပုဏ္ဏား ငါမေးပါရစေဦး။ သင်ဟာ သင့်မိတ်ဆွေတွေ အတွက် လက်ဆောင်မုန့်တွေ ပြုလုပ် ပေးပို့တဲ့အခါ သင့်မိတ်ဆွေတွေက အဲဒီ လက်ဆောင်ကို မယူရင် ဘယ်သူရမလဲ" လို့ မေးလိုက်ပါတယ်။

ပုဏ္ဏားကလည်း "သူတို့ မယူမှတော့ ငါပေးတာ ငါပြန်ယူလာ ရတာပေါ့" လို့ ဖြေပါတယ်။ ထိုအခါ ဘုရားရှင်က အေး အဲဒီအတိုင်းပဲ သင်ပုဏ္ဏားရဲ့ ဆဲရေးခြင်းတွေကို ငါမယူဘူး။ သင့်ရဲ့ ဆဲရေးခြင်း တွေဟာ သင့်ထံသို့ အကုသိုလ် အဖြစ်နဲ့သာ ပြန်သွားလိမ့်မယ်" တဲ့။

စဉ်းစားကြည့်ပါ။ ဘုရားရှင်ရဲ့ တပည့် သားမြေးတွေ ဖြစ်ပြီး ဘုရားရှင်ရဲ့ နည်းကို ဘာလို့ မကျင့်သုံး ကြတာလဲ။ သည်းခံလိုက်ပါ။ ဆဲတာဟာ အသားပဲ့ ပါမသွားပါဘူး။ ဗုဒ္ဓဘာသာတွေက သူ့ဆဲရေးခြင်းကို မယူတဲ့အခါ သူ့ဟာသူ သူဆဲရေးခြင်းတွေကို ပြန်ယူ သွားပါလိမ့်မယ်။

ခုတော့ ဘုရှားရှင်ရဲ့ အဆဲ တုန့်ပြန်နည်းကို မကျင့်သုံးပဲ ဗွီဒီယိုတင်ကာ ဆဲရေးနေတာတွေ ကြည့်၍ ဗုဒ္ဓဘာသာတွေ ကောင်းတော့ ကောင်းပါသည်။ ဘာကောင်းသလဲ ဆိုလျှင် ရှက်ဖို့ ကောင်းပါသည် ဟူ၍သာ။ ဇိနပုတ္တ(ဂန္ထဝင်)

Post a Comment

0 Comments