ရပ်ကွက်တခုမှာပေါ့။ အိမ်နှစ်အိမ် ဘေးချင်းကပ် နေထိုင်ကြတဲ့ လူနှစ်ယောက် ရှိပါတယ်။ တအိမ်မှာ အဘွားအိုတယောက်တည်း နေထိုင်သလို နောက်တအိမ်မှာက သက်လတ်ပိုင်း အရွယ် လူငယ်တယောက် နေထိုင်သတဲ့။
လူရွယ်က နောက်ရင်း ပြောင်ရင်း အဘွားအိုကို တွေ့တိုင်း ပြောတယ်။
"အဘွား အသက်ကလည်း ကြီးပြီ၊ အဘွားအိမ်လေး ရောင်းချင်ရင် ပြောနော်"
"မရောင်းပါဘူးကွယ် အဘွားသေရင် အဘွားမြေးတွေ ရှိပါတယ်"
ဘေးအိမ်မှာ နေတဲ့ လူငယ်က အဲဒါကို မကျေနပ်တာ။ သူက တအိမ်တည်း၊ တဆက်တည်း လိုချင်နေတာ။ အခု အဘွားအိုက မရောင်းဘူး ဆိုတော့ အမုန်းတွေ ပွားပြီး အမြဲ ပြဿနာ ရှာသတဲ့။
အဘွား မနေနိုင်အောင် ငရုတ်သီးတွေ လှော်တယ်။ အဘွားက စောင်ခြုံပြီး နေတယ်။ အဘွား မအိပ်နိုင်အောင် ကာရာအိုကေတွေ ဆိုတယ်။ အဘွားက တရားမှတ် နေတယ်။ အဘွားကို စောင်းမြောင်း ဆဲတယ်။ အဘွားက မကြားသလို ပြုံးနေတယ်။
မုန်းနေသူ တယောက်ဟာ ပြုံးပြတဲ့ ဒဏ်ကို မခံနိုင်ပါဘူး။ သူမျှော်လင့်ထား တာက အမုန်းတရားကို အမုန်းနဲ့ တုံ့ပြန်လိုက်ရင် ရန်ပွဲတွေ ဆင်နိုင်ပြီပေါ့။ ဒါပေမယ့် မမုန်းတတ်တဲ့ နှလုံးသားကို မပြုံးအောင် တားဖို့ဆိုတာ ကလည်း မဖြစ်နိုင်ဘူးပဲ။
ဘယ်လောက်တောင် အမုန်းစိတ်တွေ ပြင်းထန်လာသလဲ ဆိုရင် တနေ့တော့ သူ့အိမ်က အမှိုက်ပုံးကို အဘွားအို အိမ်ထဲမှာ သွားချထားတဲ့ အထိ လွန်ကျူးမိတယ်။ စိတ်ထဲမှာ ဒီအဘွားကြီး ဘုရား မရှိခိုးနိုင်တော့ဘူး လို့ တွက်ဆပြီး ပျော်နေတယ်။
ဒါပေမယ့် နံနက်မိုးလင်းလို့ အိမ်ပြင်ကို ထွက်လိုက်တဲ့ အခါ အမှိုက်ပုံးကို တွေ့လိုက်တဲ့ အဘွားကြီးက ဘာလုပ်တယ် ထင်လဲ။ အမှိုက်တွေကို ထုတ်၊ မြေမြှုပ်သင့်တာ မြှုပ် မီးရှို့သင့်တာကို ရှို့ လိုက်တယ်။ ပြီးတော့ အမှိုက်ပုံးကို ရေနဲ့ ပြောင်အောင် ပွတ်တိုက် ဆေးကြောလိုက်တယ်။
"ဒေါက် ဒေါက်"
"ဘယ်သူလဲ"
"အဘွားပါကွယ်"
သူက စိတ်ဆိုးမာန်ဆိုးနဲ့ တံခါးဖွင့် ပေးလိုက်တယ်။ သားရေ သားအမှိုက်ပုံးက ခွေးဆွဲလာပုံ ရတယ်။ အဘွားအိမ် ဘက်ကို ရောက်လာတယ်။ သားက အလုပ် အရမ်းများတာပဲ။ အမှိုက်မပစ်နိုင်ဘူး ထင်တယ်။ အဘွား အမှိုက်တွေ ပစ်လိုက်ပြီ သိလား။ အမှိုက်ပုံးလည်း ဆေးပေးထားတယ်။
နောက်တခါ အမှိုက် မပစ်အားလို့ ရှိရင် အဘွားခြံရှေ့မှာ လာချထား။ အဘွား ပစ်ပေးမယ်" အဘွားက လှည့်ထွက်မယ် လုပ်ပြီးမှ
"သားရေ ဓမ္မဒါနပါ။ စာအုပ်လေး တအုပ် လှူခဲ့ပါရစေ။ " အဘွားက သူ့ကို စာအုပ်လေးတအုပ် လက်ဆောင် ပေးသွားတယ်။
ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် အမျက် ထွက်တတ်၏။ ပြင်းစွာ ပင်ပန်းခြင်းများ၏။ အနည်းငယ် ပြောဆိုရုံမျှ ဖြစ်သော်လည်း ကပ်ငြိတတ်၏။ အမျက် ထွက်တတ်၏။ စိတ်နာတတ်၏။ ခက်ထန် တတ်၏။ အမျက်ထွက်ခြင်းကို လည်းကောင်း၊ ပြစ်မှားခြင်းကို လည်းကောင်း၊ မနှစ်သက်ခြင်းကို လည်းကောင်း ထင်စွာ ပြုတတ်၏။
ဤသို့ သဘောရှိသော ပုဂ္ဂိုလ်တို့ကို လျစ်လျူရှု ထိုက်၏။ မမှီဝဲထိုက်၊ မဆည်းကပ်ထိုက်၊ မချဉ်းကပ်ထိုက်။ မှီဝဲထိုက်၊ ဆည်းကပ်ထိုက်၊ ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။
သီလရှိသော ပုဂ္ဂိုလ်၊ ကောင်းသော သဘောရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ် သင့်သည်။ ထိုမှီဝဲသော သူ၏ ကျော်စောသတင်းသည် ပျံ့နှံ့၍ ထွက်၏။ (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ပုဂ္ဂလဝဂ်၊ ဇိဂုစ္ဆိတဗ္ဗသုတ်)
သူဟာ အဘွားအို ပေးသွားတဲ့ စာအုပ်လေး ထဲက စာတပိုဒ်ကို ဖတ်လိုက်တယ်။ စာဖတ်တတ်တာပဲ သူ နားလည်တာပေါ့။ အဘွားက သူယုတ်မာသလို ပြန်ပြီး မယုတ်မာတတ်ဘူး ဆိုတာ ပြောင်စင်နေအောင် ဆေးပေးထားတဲ့ အမှိုက်ပုံးလေးကို ကြည့်ရင် သိသာပါတယ်။ ဒါကြောင့် သူဟာ သူလုပ်ခဲ့တဲ့ အပြုအမူအတွက် ရှက်နေမိ ပါတော့တယ်။ တင်ညွန့်
0 Comments