အတုနှင့် အစစ်

တခါတုန်းက သူဌေးကြီး တဦးသည် လူထုဖျော်ဖြေပွဲကြီး တခု ပြုလုပ်ရန် စီစဉ်လေသည်။ ထိုဖျော်ဖြေပွဲမှာ အထူးအဆန်း လုပ်ပြနိုင်သူကို ဆုပေးမည့် အစီအစဉ် ဖြစ်သည်။ လူအများအပြားလည်း ထိုပွဲကို စိတ်ဝင်စား ကြလေသည်။

ပြိုင်ပွဲဝင်လိုသူ များလည်း များပြားလေသည်။ ထိုထဲတွင် လူရွှင်တော် တဦးလည်း ပါလေသည်။ သူသည် အရင်ကတည်းကပင် အထူးအဆန်းများ ပြသခြင်း၌ နာမည် ကြီးလေသည်။

သူသည် ထိုပွဲအတွက် ဘယ်နေရာမှာမှ ပြသချင် မရှိသေးသည့် အထူးအဆန်း တခု ပြမည်ဟု ပြောလေသည်။ ထိုသတင်းကို ကြားသောအခါ တမြို့လုံး အလွန် စိတ်ဝင်စား သွားလေသည်။

ဖျော်ဖြေပွဲ နေ့သို့ ရောက်သောအခါ ထိုလူရွှင်တော်ကို ကြည့်လို၍ လူအများအပြား လာရောက် ကြလေသည်။ မကြာမီ ပွဲစသောအခါ ပြိုင်ပွဲဝင် များလည်း မိမိတို့ စွမ်းသလောက် အထူးအဆန်းများ လုပ်ပြကြသည်။ သို့သော် လူရွင်တော်လောက် စိတ်မဝင်စားကြ။

ခဏကြာသောအခါ ထိုလူရွှင်တော် စင်ပေါ်သို့ တက်လာလေသည်။ သူ့ထံတွင် အဖော်မပါ ဘာမှလည်း မကိုင်ထားပေ။ သူသည် ရုတ်တရတ် သူဝတ်ထားသော ကုတ်အကျီထဲသို့ ခေါင်းကို ငုံ့လိုက်ပြီး ဝက်ကလေး တကောင်လို အော်လိုက်လေသည်။

သူအော်ပုံမှာ ဝက်နှင့် အလွန် တူလှသဖြင့် သူ့အကျီအောက်ထဲတွင် ဝက်တကောင် ဝှက်ထားတာ ဖြစ်မည်ဟု လူတိုင်းက ထင်ကြသည်။

ထို့နောက် သူသည် ခေါင်းကို ကုတ်အကျီ အတွင်းမှ ပြန်ဖော်လိုက်ပြီး သူ့ကို စစ်ဆေးကြည့်ရန် ပြောသဖြင့် စစ်ဆေးကြည့်သော အခါ ဘာမှ မတွေ့ကြပေ။ လူများလည်း အံ့သြပြီး လူရွှင်တော်အား ဆုချလေသည်။

ထိုပွဲကို လာကြည့်သူ ပရိတ်သတ်ထဲတွင် နွားကျောင်းသားလေး တယောက်လည်း ပါသည်။ သူက "ငါ သူ့ထက် သာအောင် လုပ်ပြနိုင် ပါတယ်" ဟု ပြောသည်။ နောက်တနေ့တွင် နွားကျောင်းသားလေးက အဲ့ဒီလူရွှင်တော်ကို နိုင်အောင် ပြိုင်မည်ဟု စိန်ခေါ်လိုက် လေသည်။

နောက်နေ့တွင် လာကြည့်သည့် ပရိသတ်များ ပို၍ များပြားလေသည်။ လူရွှင်တော်ကိုသာ အထင်ကြီး၍ လူရွှင်တော်သာ အနိုင်ရမည်ဟု ထင်မြင်ချက်များ ပေးနေကြသည်။ မကြာမီ ပြိုင်ပွဲစကာ ပြိုင်မယ့်သူနှစ်ဦး စင်ပေါ်သို့ တက်လာကြသည်။

လူရွှင်တော်က ပထမဆုံး ဝက်လို အော်ပြလေသည်။ ဝက်သံနှင့် အလွန်တူ၍ ပရိသတ်များ အားပေးကြသည်။ ထို့နောက် နွားကျောင်းသား အလှည့်သို့ ရောက်လာသည်။

သူသည်လည်း လူရွှင်တော် ကဲ့သို့ပင် အပေါ်အကျီထဲ ခေါင်းငုံ့လိုက်သည်။ သို့သော် သူသည် ဝက်အစစ် တကောင်ကို အကျီထဲဝှက်လာပြီး ဝက်ကလေး နားရွက်ကို လိမ်ဆွဲ လိုက်သည်။ ဝက်ကလေးလည်း နာကျင်၍ အော်လေသည်။

ပရိသတ်များက နွားကျောင်းသား ယှဉ်ပြိုင်ပြီးသောအခါ ဝက်အော်သံ နဲ့လည်း မတူဘူး၊ လူရွှင်တော်ကသာ ပိုတူအောင် အော်နိုင်သည် ဟု ပြောကြ၍ နွားကျောင်းသား ရှုံးသွားလေသည်။

ထိုအခါ နွားကျောင်းသားသည် ဝှက်ထားသော ဝက်ကို ထုတ်ပြပြီး "ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက် ဘယ်လောက်မှန်လဲ ဆိုတာ သိအောင် ဒီမှာကြည့်ကြ" ဆိုပြီး ပရိသတ်များကို ပြောလိုက်လေ တော့သည်။

လူတယောက်ကို အထင်ကြီး လေးစားသွားသောအခါ ဘာပဲလုပ်လုပ် အကောင်းမြင် တတ်သည့် လူသဘာဝကို ထင်ဟပ်စေပြီး တခါတရံ လူများသည် အစစ်ထက် အတုကို ပို၍ အထင်ကြီး ယုံကြည်တတ် ကြသည်။ Ko ye

Post a Comment

0 Comments