ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ အရမ်းချောမောတဲ့ မိန်းမပျိုလေး တဦး ရှိသတဲ့။ သူမက အရမ်းလှတော့ ယောက်ျားပျို တိုင်းက မေတ္တာစကားတွေ ဆိုကြတာပေါ့။ အဲ့ဒါကိုပဲ ထိုမိန်းမပျိုလေးက သူ့ကိုကြိုက်တဲ့ လုလင်ပျိုတွေ များတယ်ဆိုပြီး ကျေနပ်နေသတဲ့။
တနေ့ကြတော့ သူမတို့ရဲ့ ရွာကို မင်းညီမင်းသားတွေက ကြင်ရာရှာ လာရောက်ကြတယ်။ ထိုမိန်းမပျိုလေး ကလည်း သူမကို မေတ္တာရှိ နေကြတဲ့ ရွာက လုလင်ပျိုတွေထက် ရာထူး စည်းစိမ် ရုပ်ရည် ပြည့်စုံတဲ့ မင်းညီမင်းသား တွေကိုပဲ လက်တွဲချင်တော့ သူမကိုယ် သူမ အစွမ်းကုန် ပြင်ဆင်ပြီးတော့ မင်းညီမင်းသားတွေကို ရေလာမြောင်းပေး လုပ်တာပေါ့။
ဒါပေမယ့် မင်းညီမင်းသားတွေက သူမကို စိတ်မဝင်စား ကြပဲ သူတို့မေးတဲ့ မေးခွန်းတွေ၊ သူတို့ စမ်းသပ်တာတွေကို ပြောနိုင် ဖြေနိုင်တဲ့ သူမရွာက မိန်းမပျိုလေးကိုပဲ ရွေးချယ်လိုက် ကြသတဲ့။ အဲ့မှာပဲ ထိုမိန်းမပျိုလေးက တရွာလုံးမှာ သူက အချောဆုံးဖြစ်ပြီး သူမကို မရွေးချယ် ကြတဲ့ အတွက် ရှက်သွားတာပေါ့။
အဲ့လိုနဲ့ အဲ့မိန်းမပျိုလေးက မင်းညီမင်းသားနဲ့ ပေါင်းဖက်ရဖို့ဆို သူ့မှာ အရည်အချင်းရှိမှ ဖြစ်မယ်ဆိုတာ သိပြီး ပညာတွေကို ကြိုးစား သင်ယူပါ တော့တယ်။
ဒီလိုနဲ့ ပညာတွေ တက်မြောက်ပြီး နှစ်တွေ ရာသီတွေ ကုန်လွန်တော့ မိန်းမပျိုလေးတို့ တိုင်းပြည်ရဲ့ အနီးနားက တိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ ဘုရင်မကြီးက သံတမန် ရာထူးအတွက် အမျိုးသမီးတွေကို ရှာနေတာပေါ့။ အဲ့ဒီမှာပဲ မိန်းမပျိုလေးက ရာထူးအတွက် သွားပြီး အစမ်းသပ် ခံသတဲ့။
မိန်းမပျိုလေးရဲ့ ကြိုးစားမှု၊ ပညာအရည်အချင်း ပြည့်ဝမှု တွေကြောင့် ဘုရင်မကြီးက သဘောကျပြီး ခန့်အပ်လိုက် သတဲ့ကွယ်။ အဲ့ဒီမှာပဲ မိန်းမပျိုလေးက သံတမန်အမျိုးသမီး ဖြစ်သွားတာပေါ့။
ဒီလိုနဲ့ မိန်းမပျိုလေးက တာဝန်တွေ ထမ်းဆောင်ရင်း တနေ့ကြတော့ သူနေခဲ့တဲ့ တိုင်းပြည်ကို သံတမန်အဖြစ်နဲ့ ဘုရင်မကြီးက စေလွှတ်သတဲ့။ သူမကိုလည်း ရိုးရိုး သံတမန်အဖြစ် မဟုတ်ပဲ သူ့ရဲ့ညီမအဖြစ် မွေးစားပြီး အဆောင်အယောင်နဲ့ တကွ စေလွှတ်တာတဲ့။
ဒီလိုနဲ့ မိန်းမပျိုလေးက ဘုရင်မကြီးရဲ့ ညီမတော်အဖြစ်နဲ့ သူ့ရဲ့တိုင်းပြည်ကို သံတမန် ရောက်လာတာပေါ့။ အဲ့ဒီမှာပဲ အရင်က သူလိုချင်ခဲ့တဲ့ မင်းညီမင်းသားတွေက မိန်းမပျိုလေးရဲ့ အရည်အချင်းတွေ၊ ရာထူးတွေကို မြင်ပြီး လက်ဆက်ချင် ကြသတဲ့။
ဒါပေမယ့် မိန်းမပျိုလေးက သူမက ဘုရင်မကြီးရဲ့ ညီမ ဖြစ်တဲ့အတွက် ထိုမင်းညီမင်းသားတွေကို နိမ့်ကျတယ် ဆိုပြီး ဘုရင်ကြီးရဲ့ မိဖုရားခေါင်ကြီးပဲ ဖြစ်လိုတယ်တဲ့။
အဲဒီလိုနဲ့ တိုင်းရေးပြည်ရေး ဆွေးနွေးပြီးတော့ မိန်းမပျိုလေးလည်း ဘုရင်မကြီး ရှိတဲ့ တိုင်းပြည်ကို ပြန်ခဲ့တော့သတဲ့။ သူမ တိုင်းပြည်ကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘုရင်မကြီး နတ်ရွာစံသွားသတဲ့။ ထီးမွေနန်းမွေ ဆက်ခံသူကလည်း မရှိတော့ မိန်းမပျိုလေးကိုပဲ ဘုရင်မကြီး ဘွဲ့အပ်နှင်းလိုက် ကြတာပေါ့။
ဘုရင်မကြီး ဖြစ်ပြီး မကြာခင်မှာပဲ သူနေထိုင်ခဲ့ဘူးတဲ့ တိုင်းပြည်က ဘုရင်ကြီးက သူ့ကို လက်ဆက်ဖို့ ကမ်းလှမ်းလာသတဲ့။ လက်မခံရင် စစ်ဖြစ်ပြီး နိုင်ငံပါ သိမ်းမယ် ဆိုပြီး ခြိမ်းခြောက်တာပေါ့။ အဲ့မှာပဲ မိန်းမပျိုလေးက သူလို ဘုရင်မက တခြားသူရဲ့ မိဖုရား လုပ်ပြီး ဘာလို့ အလုပ်အကျွေး ပြုနေရမှာလဲ ဆိုပြီး ဘုရင်ကြီးကို ငြင်းလိုက်တယ်တဲ့။
ပြီးတော့ မိန်းမပျိုလေးက ထက်မြက်လွန်းတော့ စစ်ပွဲ ဖြစ်ပေမယ့်လည်း ဘုရင်ကြီး ဘက်ကပဲ ရှုံးနိမ့်သွားသတဲ့။ မိန်းမပျိုလေးလည်း ဘုရင်မကြီး အဖြစ်နဲ့ပဲ တိုင်းပြည်ကို သာယာ အေးချမ်းအောင် အုပ်ချုပ်သွား သတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ပုံပြင်လေးထဲက မိန်းမပျိုလေးက ပထမတော့ သူမက သူ့ထက်မြင့်တဲ့ သူမျိုးကို လက်ဆက်ချင်ပေမယ့် အဲ့ဒီအမြင့် နေရာကို ရောက်တော့ ဒီထက် မြင့်တဲ့သူကိုပဲ လက်ဆက်ချင် ပြန်တယ်။
သူလက်ဆက်ချင်တဲ့ အမြင့်ကသူရဲ့ အနေအထားကို သူရောက်ပြန်တော့ အဲ့ထက် ပိုမြင်တဲ့ အမြင့်ဆုံးသူကို လက်ဆက်ချင်ပြန်ရော။ အဲ့ဒီလိုနဲ့ အမြင့်ဆုံး ဆိုတာကို သူမ ရောက်သွားရတဲ့အခါ သူမအရင်က မက်မောခဲ့တဲ့ အမျိုးသားတွေကို မိန်မပျိုလေးက မမက်မော တော့ဘူးတဲ့။
ဒီပုံပြင်လေးထဲက မိန်းမပျိုလေးလိုပဲ မိန်းခလေး ဆိုတာ ကိုယ့်ရဲ့လက်ရှိ အနေအထားထက် သာအောင် ပိုကောင်းအောင် အမြဲတမ်း ကြိုးစားနေရ ပါမယ်။ ကိုယ်က ပိုပြီး အမြင့်ရောက်လေ ကိုယ်မက်မောခဲ့တဲ့ အရာတွေက ကိုယ့်ကို ပြန်ပြီး မက်မော လာ ကြရတယ်။ မိဖုရား မဖြစ်ချင်ပါနဲ့၊ ဘုရင်မ လုပ်ပါ။
ပညာမတက်လည်း၊ အရည်အချင်း မရှိလည်း အချိန်တန် ယောက်ျားက ရှာကျွေးမှာပဲ ဆိုတဲ့ စကားကို ခေါင်းထဲက ထုတ်ထားပြီး ကိုယ့်ရဲ့ ရုပ်ရည်ထက် ကိုယ့်ရဲ့ အရည်အချင်းနဲ့ ပညာကိုပဲ အသုံးချပြီး ကြိုးစားသင့် ပါတယ်။ ကိုယ့်အလုပ်၊ ကိုယ့်ကျောင်း၊ လက်ရှိ ရှိနေတဲ့ ရာထူး အဆင့်လောက်နဲ့ ကျေနပ် မနေသင့်ပါဘူး။ Crd
0 Comments