ပြိတ္တာဖြစ်မည့် ဈေးရောင်းနည်း

မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ ဈေးသည် အမျိုးသမီး လေးယောက် ရှိပါတယ်။ သူတို့ရဲ့ ဈေးရောင်းမှုဟာ မှန်ကန်မှု မရှိပါဘူး။ အလေး ခိုးသလို စဉ်းလဲ ကောက်ကျစ်တဲ့ နည်းတွေနဲ့ ရောင်းတော့ စီးပွားရေးတွေက ခဏလေးနဲ့ တိုးတက်သွားပြီး ခြံကြီး၊ အိမ်ကြီးတွေနဲ့ ဖြစ်ကုန် ကြတယ် ။

အဲဒီ အမျိုးသမီး လေးယောက်ဟာ စီးပွားရေးတွေ အဆင်ပြေဆဲ ကာလမှာပဲ အကြောင်း မယ်မယ်ရရ မရှိပဲ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန် ကုန်ကြတယ်။ ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲ ဆိုတော့ ကျုံးမြို့ရဲ့ အပြင်ဘက် နားမှာ ဗြိတ္တာမတွေ သွားဖြစ်ပါ သတဲ့။

လူ့ပြည်မှာ ကျန်ခဲ့တဲ့ လင်ယောကျ်ား လေးယောက်က မကြာခင်မှာ ဇနီးငယ်တွေ ကောက်ယူပြီး သူတို့ ရှာဖွေခဲ့တဲ့ ပစ္စည်းတွေနဲ့ ပျော်ပျော် ပါးပါး ခံစားနေတာ တွေ့ရတော့ ဗြိတ္တာဖြစ်လို့ ဆင်းရဲရတဲ့ အထဲ လုပ်ရက်လေခြင်း ဆိုပြီး ပိုပြီး စိတ်ဆင်းရဲခြင်း ဖြစ်ကြရတယ်။ ဒါကြောင့် ကျုံးအပြင်ဘက် ကနေ မြို့ထဲက လူတွေ ကြားအောင် အသံဆိုးကြီး တွေနဲ့ လှမ်း လှမ်း အော်ပါတော့တယ်။

ဒီအကြောင်းကို မြတ်စွာဘုရားထံ မေးမြန်းတဲ့ အခါ မြတ်စွာဘုရားက "ဒါယကာတို့ ဒီအသံဟာ သင်တို့ကို အန္တရာယ် ပြုမယ့်အသံ မဟုတ်ပါဘူး။ ဗြိတ္တာမ လေးယောက် ဆင်းရဲခြင်းတွေ နှိပ်စက်လို့ အော်နေကြတာ ဖြစ်တယ်" လို့ မိန့်တော်မူပြီး ဖြစ်ကြောင်း ကုန်စင်ကို ဟောပြပါတယ်။

ဒီခေတ်မှာလည်း တချို့ ပုဂ္ဂိုလ်တွေဟာ စဉ်းလဲ ကောက်ကျစ်တဲ့ နည်းမျိုးစုံနဲ့ ဈေးရောင်း ကြတာတွေ ရှိပါတယ်။ ကားကို လိမ်ရောင်းတာ၊ ထီကို လိမ်ရောင်းတာ၊ ကြက်သားကို ရေထိုး ရောင်းတာ၊ TV လိမ်ရောင်းတာ၊ ဈေးရောင်းသူက ကိုယ် ကောက်ကျစ် လိုက်တာကို ဈေးဝယ်သူ မသိဘူး ဆိုပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေမှာပါ။

ဒါပေမယ့် ကျန်တဲ့ သူတွေ မသိရင် နေမယ်၊ ဈေးရောင်းသူ ကိုယ်တိုင်ကတော့ သိနေခဲ့ ပါပြီ။ ကိုယ့်ရဲ့ အပြုအမူဟာ မဟုတ် မမှန်ဘူး ဆိုတာ သိလျက်နဲ့ ပြုမူတယ် ဆိုတာ ကိုယ်ရထားတဲ့ လူ့ဘဝကို လုံးဝ တန်ဖိုး မထားတာပါ။ ကံဆိုတာ ပြုပြီးရင် ပြီးမြောက် သွားတာပါ။ ဘာမှ ပြန်လုပ်လို့ မရပါဘူး။ မြောက်သွားတဲ့ ကံက အခွင့်အခါ သင့်ရင် ပြန် အကျိုးပေး တော့မှာပါ။

ကောက်ကျစ် စဉ်းလဲတဲ့ ကံတွေ များရင် များသလောက် အကျိုးပေး မှာပါ။ ကိုယ်က မှန်မှန် ကန်ကန် ဈေးရောင်းခဲ့ရင် ကိုယ်ထားခဲ့တဲ့ မေတ္တာ၊ စေတနာတွေ၊ ကိုယ်ပြုခဲ့တဲ့ ကံတွေကလည်း အလကား နေမှာ မဟုတ်ပါဘူး။ သူ့အကျိုး အားလျော်စွာ တုန့်ပြန်မှာပါ။

ကိုယ့်ရဲ့ အပြုအမူတွေကို မေ့ခြင်း သုံးမျိုးနဲ့ ချိန်ကြည့်လို့ ရပါတယ်။ မေ့ခြင်း သုံးမျိုးက (၁) အမေ့ကြီး မေ့နေတာရယ် (၂) အသင့်အတင့် မေ့နေတာရယ် (၃) မမေ့သင့်တာကို မေ့နေတာရယ်ပါ။

(၁) အမေ့ကြီး မေ့နေတယ်ဆိုတာ ငွေရဖို့ အဓိက၊ ပစ္စည်း ဥစ္စာ ရဖို့ အဓိက၊ ရာထူး အာဏာရဖို့ အဓိက၊ အောင်မြင် ကျော်ကြားဖို့ အဓိက အဲသလို နှလုံးသွင်းပြီး မသမာတဲ့ နည်းနဲ့၊ ကောက်ကျစ် စဉ်းလဲတဲ့ နည်းနဲ့၊ ဒုစရိုက်နည်းနဲ့ စီးပွား ရှာနေကြတာပါ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ သေရင် ဗြိတ္တာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အပါယ်ငရဲ ကျမှာပါ။

(၂) နောက် ဒုတိယက အသင့်အတင့် မေ့နေတယ် ဆိုတာ ကာမဂုဏ် အာရုံတွေမှာ စိတ်ညွှတ်ပြီး ကုသိုလ် ကောင်းမှု ပြုဖို့၊ တရားအားထုတ်ဖို့ မေ့နေတာပါ။

ကိုရီးယား ဇတ်ကားလေး ကြည့်ပြီး မေ့နေတာ၊ ဘောလုံးပွဲကို ည ၁၊ ၂ နာရီထိ စောင့်ကြည့်ပြီး မေ့နေတာ၊ မင်္ဂလာ ဧည့်ခံပွဲ တွေမှာ ငါ့ဝတ်စား ဆင်ဆင်မှုက သူတို့ထက် သာတယ် ဆိုပြီး သာယာပြီး မေ့နေတာ။

ငါ့ဘဝမှာ "ကိုကိုသာ အဓိက" ဆိုပြီး ကိုကို အတွက်သာ အချိန်ကုန်ပြီး တရား အားထုတ်ဖို့ မေ့နေတာ။ ကိုယ့်ရဲ့ မြေးလေးနဲ့ပဲ အချိန်ကုန်ုပြီး မေ့နေတာ။ ဒီမေ့ခြင်းတွေက အပါယ်ငရဲကို ကျစေ တတ်တဲ့ မေ့ခြင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သံသရာ ရှည်ပြီး နိဗ္ဗာန်နဲ့ ဝေးစေတာပါ။

(၃) နောက် တတိယက မမေ့သင့်တာ မေ့နေတယ် ဆိုတာ ကတော့ တရားရိပ်သာ ဝင်တဲ့အခါ အမှတ်တွေ ကျဲကျဲ နေတာကို ပြောတာပါ။

တရားထိုင်တဲ့ အခါ စိတ်တွေက တောင်ရောက် မြောက်ရောက် အိမ်ရောက် ရုံးရောက်နဲ့ သမာဓိတွေ ကျဲနေတာပါ။ ဒီမေ့ခြင်းက ငရဲကို ကျစေတတ်တဲ့ မေ့ခြင်း မဟုတ်ပါဘူး။ ဒါပေမယ့် တရား အတွေ့တွေ နှေးနေ တတ်ပါတယ်။

မေ့ခြင်း သုံးမျိုးထဲမှာ လူသားတယောက် အနေနဲ့ လုံးဝ မရှိသင့်တဲ့ မေ့ခြင်း ကတော့ ပထမ မေ့ခြင်းပါ။ ဗုဒ္ဓဘာသာဝင် တယောက်ရဲ့ ပန်းတိုင် အစစ်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန် မရသေးရင်တောင် ဘဝကို ငြိမ်းငြိမ်း ချမ်းချမ်း နေသွားရဖို့က အဓိကပါ။

ပစ္စည်းတွေတော့ ပေါပါရဲ့၊ ဒါပေမယ့် ဘဝက မငြိမ်းချမ်းဘူး ဆိုရင် ဘဝက အဓိပ္ပါယ် မရှိလှပါဘူး။ ဘာပဲပြောပြော ဗြိတ္တာဖြစ်တဲ့ စီးပွားရှာနည်းတွေ ကိုတော့ အထူးရှောင်ဖို့ အရေးကြီးပါတယ်။ Crd

Post a Comment

0 Comments