ပုံသွင်းသူလား ပျိုးထောင်သူလား

၅ နှစ်။ "သားသူငယ်ချင်းအိမ် သွားချင်တယ်" "မသွားနဲ့ အိမ်မှာပဲဆော့" "အော် ဟုတ်ကဲ့" (ဘယ်သူငယ်ချင်း အိမ်မှ သူမသိဘူး။ သူ့မှာ အချစ်ဆုံး သူငယ်ချင်း မရှိဘူး။ သူ အထီးကျန်တယ်)

၈ နှစ်။ "ဟို ပါဝါရိမ်းဂျားအရုပ် လိုချင်တယ်။ ဝယ်ပေးပါလား" "အဲဒါတွေက အလကား ဗိုက်ပြည့်တာ မဟုတ်ဘူး" "အော် ဟုတ်ကဲ့" (ကလေးဘဝ အမှတ်တရတွေကို ပြန်ကြည့်တိုင်း သူဟာ ကလေးတယောက် မဟုတ်ခဲ့ဘူး)

၁၀ နှစ်။ "ကျောင်းဘောလုံးပြိုင်ပွဲမှာ ဘောလုံး ဝင်ကန်ချင်တယ်" "ခြေထောက်ကျိုးမယ်၊ ကွဲပြဲကုန်မယ်၊ ကျိုးကန်းချင်လား မကန်နဲ့" "အော် ဟုတ်ကဲ့" (အဲဒီအချိန်ကစ ဘာအားကစားမှ မပါဝင်ဖြစ် ကျန်းမာရေး လှုပ်ရှားမှုမရှိ ကြံ့ခိုင်မှုမရှိ)

၁၃ နှစ်။ "လပြည့်ည သူငယ်ချင်းနဲ့ တူတူပုန်းတမ်း ကစားချင်တယ်" "မကစားနဲ့ ၈နာရီရှိပြီ နတ်ဖွက်မယ်၊ သရဲရှိတယ်၊ သံခရာခေါင်းဖြတ်မယ်" "အော် ဟုတ်ကဲ့" (ကြီးတဲ့အချိန်ထိ အမှောင်ကို ကြောက်၊ သရဲတစ္ဆေတွေကြောက် အမြဲစခံရ)

၁၅ နှစ်။ "စီးပွားရေးသမား ဖြစ်ချင်တယ် Eco တွဲ ယူမယ်နော်" "ဟိုကောင် အာကာတောင် Bio ယူတယ် Bio က ပိုမြင့်တယ် အဲဒါယူ" "အော် ဟုတ်ကဲ့" (သူစိတ်မဝင်စားတဲ့ ခန္ဓာအစိတ်အပိုင်းတွေ အကြောင်း၊ တိရစ္ဆာန်၊ အပင်တွေ အကြောင်း ငြီးငွေ့အောင် သင်ခဲ့ ကျက်ခဲ့ရ)

၁၆ နှစ်။ "အမှတ်လည်း ကောင်းတယ် စီးပွားရေး တက္ကသိုလ် တက်ချင်တယ်" "နင့်အမှတ်နဲ့ ဆေးကျောင်းတက် နင့်ကို ဆရာဝန် ဖြစ်ဖို့ ကျောင်းထားတာ" "အော် ဟုတ်ကဲ့" (သူ့အကြီးမားဆုံး ဆန္ဒကို ဖျက်ဆီး ခံလိုက်ရပြီး ဘဝတလျှောက်လုံး ဝါသနာ မပါရာ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်ခဲ့ရ)

၁၉ နှစ်။ "ရည်းစားရှိနေပြီ သူက စီးပွားရေး ကျောင်းက" "ရူးနေလား ဆရာဝန်ဟာ ဆရာဝန်နဲ့ ပဲယူ အဆင့်တူ ငွေကြေးချမ်းသာတာနဲ့ယူ ခွေးမဖြစ်ချင်နဲ့" "အော် ဟုတ်ကဲ့" (သူ့ဘဝရဲ့ တသက်လုံး လက်တွဲရမယ့် သူကို ဆုံးရှုံးခဲ့။ အချစ် ဆိုတာကို ငွေကြေးနဲ့ ဂုဏ်ဒြပ်က ဖျက်ဆီးခဲ့)

၂၀ နှစ်။ "အဲဒီနေရာကို မရောက်ဖူးဘူး" "မင်းက အဲ့မြို့မှာမွေး အဲ့မှာကြီးတာလေ။ ဒါလေးတောင် မရောက်ဖူးဘူး မသိဘူးလား" "အော် အေးပါကွာ" (သူငယ်ချင်းတွေ ကြားထဲ သူဟာ ဘာမှမသိသူ တယောက်)

၂၅ နှစ်။ "ဒါလေးကို ဒီလိုလုပ်လိုက်ရင် ကောင်းမယ်နော်" "အဲဒီလို ဘယ်သူမှ မလုပ်ဖူးဘူး။ ဟိုးအရင်လူကြီး တွေက ဟိုလိုပဲလုပ်လာတာ အဲလိုလုပ်" "အော်ဟုတ်ကဲ့" (ကိစ္စတခုအပေါ် မိမိ အမြင်သစ်တွေနဲ့ မဖြေရှင်း၊ မဖန်တီးတတ် တခြားသူ အမြင်တွေပေါ် မှီခိုခဲ့)

အိမ်က သဘောတူတဲ့ သူနဲ့ ယူခဲ့တယ်။ ချစ်တဲ့သူနဲ့ ဝေးတယ်။ ကိုယ့်ဝါသနာကို စွန့်လွှတ်တယ်။ မိဘရွေးပေးတာ လုပ်တယ်။ ကိုယ့်အလုပ်ကိစ္စ တွေကအစ ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိ။ စွန့်စားလိုစိတ်တွေ ပျောက်ကွယ်၊ စဉ်းစားနိုင်စွမ်းတွေ ပျောက်သွားတယ်။

သူငယ်ချင်းတွေ ကိုယ့်မြို့လာလည်လို့ သွားသင့်တဲ့ နေရာတွေ မေးရင် မသိ။ ဒါပေမယ့် လူကြီးတွေရဲ့ မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ "ဒါက ကျွန်မတို့ သား၊ သမီးလေးလေ မိဘစကားကို တသွေမတိမ်း လိုက်နာတယ်။ အရမ်းလိမ္မာတာ အမေက ဒါဆိုဒါပဲ။ သားသမီး လိမ္မာလေး"

မိဘကို စိတ်ကျေနပ် ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့တယ်။ သူရဲ့ အကျင့်၊ ဝါသနာ၊ အချစ် ဖြစ်ချင်စိတ် တွေကို အဖျက်ဆီး ခံပြီးတော့ပေါ့။ ဘဝတလျှောက်လုံး အမိန့်နာခံတတ်အောင် သင်ကြားခံခဲ့ရပြီး လူတယောက်ရဲ့ ပင်ကိုယ်စွမ်းရည်တွေ မရှိ၊ ဦးဆောင်မတတ်၊ လူရှေ့သူရှေ့ စကားမပြောရဲ၊ တယောက်ထဲ ဘာမှ မလုပ်ရဲ။ ဒါပေမယ့် သူဟာ သားသမီးလိမ္မာ။

တသက်လုံး ပင်ကိုယ်စွမ်းရည် ဆုံးဖြတ်နိုင်စွမ်းတွေကို နင်းချေ ခံခဲ့ရပေမယ့် နင်းချေခဲ့တဲ့ သူတွေကိုယ်တိုင် တခါတရံ ဒါတောင် မသိဘူးလား ဒါလေးတောင် မလုပ်တတ်ဘူးလားလို့ ဆူလေရဲ့။ ဘာအကျိုးသက်ရောက်မှု တွေပဲ ရှိပါစေ လူကြီးတွေကတော့ ကောင်းစေချင်လို့ ဆိုတဲ့ အဖြေတခုသာ ရှိပါတယ်။

စောဒက တက်မိရင် လူကြီးစေတနာနဲ့ ပြောတာ နားမလည်ဘူးလား ဆိုတဲ့ အဖြေမဲ့ မေးခွန်းတွေ အမေးခံရတတ် ပါတယ်။ လူကြီးတွေ တကယ် စေတနာရှိရင် လူငယ်တွေကို နားလည်ပေးသင့် တာပေါ့။ ကိုယ်က လူကြီးဖြစ်ပြီး နားမလည်ခိုင်း သင့်ဘူး။

လူကြီးတွေကို သိစေချင်တာက ကိုယ့်မျိုးဆက်သစ်တွေကို ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို တသွေမတိမ်း လိုက်နာပြီး သူဖြစ်ချင်တာကို ဘာမှမသိတဲ့ (ကိုယ်လည်း သိစရာမလို) ကိုယ်ပါမှ ကိုယ်ပြောမှ လုပ်တတ်တဲ့သူ အဖြစ် ပုံသွင်းနေတာလား။

ဒါ့အပြင် နှင်းဆီနဲ့ တူတဲ့သူကို စံပယ်နဲ့ တူတဲ့သူနဲ့ ယှဉ်လေ့ ရှိကြပါတယ်။ ဆရာဝန်နဲ့ အင်ဂျင်နီယာ ဘယ်သူပိုတော်သလဲဆိုတာ၊ လှေသမားနဲ့ ဆရာဝန် ဘယ်သူ ပိုတော်သလဲ၊ လယ်သမားနဲ့ အင်ဂျင်နီယာ ဘယ်သူ ပိုတော်သလဲ မေးနေသလိုပါပဲ။ နှင်းဆီရဲ့ ထူးခြားချက်က အရောင်ဖြစ်သလို စံပယ်ရဲ့ အားသာချက်က ရနံ့ ဖြစ်ပါတယ်။

နှင်းဆီက ပိုလှတယ်လို့ ဖြေရင် သင်ဟာ နှင်းဆီကြိုက်လို့ ဖြစ်ပြီး စံပယ်က ပိုလှတယ် ဖြေရင် သင်ဟာ စံပယ်ကို ကြိုက်လို့ပါ။ ပန်းချင်း တူပေမယ့် အရည်အချင်း မတူပါဘူး။

တချိန် မိဘဖြစ်မယ့် သင်လည်း ပုံသွင်းသူနဲ့ ပျိုးထောင်သူကို သေချာ နားလည်ပြီး ပန်းပျိုးတဲ့ လက်ကလေး ဖြစ်ပါစေ။ နှင်းဆီကို ပိုရဲစေပြီး စံပယ်ကို ပိုမွှေးစေနိုင်သူ ဖြစ်ပါစေ။ Crd

Post a Comment

0 Comments