မိဘတွေကို မယုံပါနဲ့

မိဘတွေဟာ သားသမီးတွေ ဆီမှာ စားသောက်တဲ့ အခါတိုင်း ဘာလေးတော့ စားချင်လိုက်တာလို့ တခါမှ မတောင်းဆိုဖူးဘူး။

ထမင်းစားတဲ့ အခါတွေ မှာလည်း သူတို့ကြိုက်တဲ့ ဟင်းနဲ့ စားနေရတာတောင် ထမင်း မစားရသေးတဲ့ သားသမီးတွေ ရှိသေးတယ် ဆိုရင် ငါက ဒါတော့ မကြိုက်ဘူး ဒါတော့ မစားချင်ဘူးလို့ ငြင်းဆိုလေ့ ရှိတယ်။

"အသက် ကြီးလာရင် အစာအာဟာရဟာ ပိုပြီး လိုအပ်ပါတယ် အမေရယ်။ ဒါကို အရင်တုန်းက အမေ ကြိုက်ပါတယ်" လို့ ပြောရင်တောင် အရင်က ကြိုက်ပေမဲ့ အခု မကြိုက်တော့ဘူး လို့တောင် ပရိယာယ် လုပ်ပြီး ငြင်းဆိုကြလေ့ ရှိပါတယ်။

သားသမီးများ သတိထားကြည့် ကြပါ။ ကိုယ့်ရည်းစား ဘာကြိုက်တတ်လဲ ဆိုတာကို လပိုင်း အတွင်းတောင် လေ့လာနိုင် ကြပါတယ်။ နှစ်ပေါင်းများစွာ အတူနေလာ ခဲ့ကြတဲ့ ကိုယ့်မိဘ ဘာကြိုက်တတ်သလဲ ဆိုတာတော့ သားသမီးတိုင်း သိနိုင်လောက် ပါတယ်။

ဒါ့ကြောင့် သူတို့ မကြိုက်ဘူး ဆိုလည်း ဇွတ်သာ ကျွေးကြပါ။ ပူတဲ့အချိန် သင့်တော်တဲ့ အစားအစာ အေးတဲ့အချိန်လည်း သင့်တော်တဲ့ အစားအစာ များကို သားသမီးတိုင်းက အလိုက်တသိနဲ့ ကျွေးနိုင်ဖို့ ကြိုးစားကြပါ။

သူတို့ တောင်းဆိုမှ ကိုယ်က ကျွေးရမယ် ဆိုရင် မိဘကျေးဇူးကို ဒီတသက် ဆပ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့က ဒီတသက် ဘာမှ တောင်းဆိုမှာ မဟုတ်လို့ ပါပဲ။

စီးပွားရေး မပြေလည်တဲ့ သားသမီးများရဲ့ မိဘများနဲ့ သားသမီးကို မှီခိုပြီး စားသောက်နေရတဲ့ မိဘများ အတွက် ပိုပြီး ဂရုစိုက် ပေးကြပါ။

ကိုယ်ငယ်ငယ်က မိဘတွေ အဆင်ပြေပြေ မပြေပြေ အားမနာတမ်း တောင်းဆိုခဲ့ ပေမဲ့ သားသမီးတွေ အဆင်မပြေရင် မိဘတွေက အားနာတတ်တယ် ဆိုတာကို အမြဲသတိရပါ။

တချို့က မိဘတွေ အတွက် ပူစရာမလိုဘူး ဆိုပြီး ဥပေက္ခာ ပြုတတ် ကြပါတယ်။ ပြေလည်တဲ့ မိဘတွေလည်း သားသမီးတွေရဲ့ သိတတ်မှုကို အမြဲ မျှော်လင့်နေ တတ်တယ် ဆိုတာ သတိရပါ။

ငယ်ငယ်က သားသမီးချင်း ယှဉ်ရင် မျက်နှာ မငယ်ရအောင် ဖြည့်ဆည်း ပေးတဲ့ မိဘတွေကို ကိုယ့်ကို မှီခိုတဲ့ အချိန်ကျမှ မိဘချင်း ယှဉ်လို့မှ ကိုယ့်မိဘက မျက်နှာငယ်ရမယ် ဆိုရင်တော့ သားသမီးမိုက် စာရင်းထဲကို ပါသွားပါလိမ့်မယ်။

ဒါ့ကြောင့် သူတို့ လိုအပ်ချက်ကို အမြဲတမ်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ သူတို့ ပြောစကားတွေကို မယုံကြပါနဲ့။

Post a Comment

0 Comments