နည်းလမ်းဟောင်း

တခါတုန်းက ခမောက် ရောင်းသမား တယောက်ဟာ သူ့အိမ်က ထွက်လာပြီး ဈေးကို သွားရောင်းတယ်။ ခမောက်တွေကို ခြင်းကြီး နှစ်လုံးထဲမှာ ထည့်ပြီး အလယ်က ဝါးလုံးနဲ့ လျှိုပြီး ထမ်းလာတယ်။ နေပူလို့ ခမောက်တလုံးကို သူဆောင်းထားတယ်။

လမ်းတဝက်မှာ ညောင်ပင်ကြီး တပင်အောက် သူရောက်လာတယ်။ ခြင်းတောင်းကြီး နှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန် မောနေပြီ။ ညောင်ပင်ကြီးရဲ့ အရိပ်အောက် ရောက်တော့ အေးမြသွားတယ်။ ခေတ္တ ထိုင်နားချင်စိတ် ပေါက်သွားတယ်။

ခြင်းတောင်းကြီးကို ပစ်ချပြီး ညောင်ပင်ကြီးကို မှီနားလိုက်တယ်။ ခြေပစ်လက်ပစ် အနားယူရင်း သူ အိပ်ပျော်သွားတယ်။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့ သူ့ ခြင်းတောင်းထဲမှာ ခမောက်တွေ တလုံးမှ မရှိတော့ဘူး။ သူ့ ရင်ဘတ်မှာ ကပ်ထားတဲ့ သူ့ ခမောက်ပဲ ကျန်တော့တယ်။

ခမောက်တွေ ဘယ်ပျောက်သွားသလဲ လိုက်ရှာတော့ ညောင်ပင်ပေါ်က မျောက်တအုပ်ရဲ့ ခေါင်းတွေပေါ် ရောက်ကုန်တယ်။ ခမောက်ရောင်းသမားဟာ အဲဒီ ခမောက်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲ ဆိုပြီး အကြံထုတ်တယ်။

သူက အားတဲ့ အချိန်မှာ အမြဲ စာဖတ်တဲ့ အကျင့် ရှိတော့ ပြဿနာတခုကို ခေါင်းအေးအေ းထားပြီး စဉ်းစား ဖြေရှင်းတတ်တယ်။ နာရီဝက်လောက် စဉ်းစားပြီး သူ အကြံ ရသွားတယ်။

သူ့ လက်ထဲက ခမောက်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး မျောက်တွေ မြင်သာတဲ့ နေရာကို ထွက်လိုက်တယ်။ မျောက်တွေ မြင်လောက်ပြီ ထင်တော့မှ ခမောက်ကို ချွတ်ပြီး ခေါင်းကုတ်ပြတယ်။ မျောက်တွေ ကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ် ခေါင်းကုတ်ကြတယ်။

အဲဒါနဲ့ ပူလွန်းလို့ ခမောက်တောင် မကိုင်ချင်တဲ့ ပုံစံနဲ့ သူက ခမောက်ကို မြေကြီးပေါ်ကို ပစ်ချလိုက်တယ်။ မျောက်တွေ ကလည်း သူလုပ်တာ မြင်ပြီး သူတို့လက်ထဲက ခမောက်တွေကို ပစ်ချလိုက် ကြတယ်။

ဒီတော့မှ သူဟာ မျောက်တွေ ပစ်ချတဲ့ ခမောက်တွေ အလျင်အမြန် ကောက်ပြီး ခြင်းထဲ ထည့်လိုက်တော့တယ်။ ဒီနည်းနဲ့ မျောက်တွေ လက်ထဲက ခမောက် အားလုံးကို သူပြန်ရလိုက် သတဲ့။

နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ခမောက် ရောင်းသမားကြီးရဲ့ မြေးကလေးက ခမောက် အရောင်းထွက်သတဲ့။ သူ့အဘိုး အိပ်စက်နားခဲ့တဲ့ ညောင်ပင်ကြီးအောက် ရောက်တော့ ခမောက်တောင်းကို ချပြီး အနားယူ ပြန်သတဲ့။

သူဟာ ခြေပစ်လက်ပစ် နားရင်း အိပ်ပျော်သွားတယ်။ အိပ်ရာက နိုးတော့ ခြင်းထဲက ခမောက်တွေ မရှိတော့ဘူး။ ညောင်ပင်ပေါ်က မျောက်တွေ ခေါင်းပေါ် ရောက်နေတယ်။ ဒီတော့ သူ့အဘိုး ပြောခဲ့ဖူးတာ အမှတ်ရပြီး သူ့အဘိုးရဲ့ နည်းအတိုင်း ခမောက်တွေ ပြန်ရအောင် ကြိုးစားတယ်။

သူက ခမောက်ကို ချွတ်ပြီး ခေါင်းကုတ်တယ်။ မျောက်တွေကလည်း သူ့လို လိုက်လုပ်တယ်။ သူက ခမောက်တွေနဲ့ ယပ်ခတ်ပြပြန်တယ်။ မျောက်တွေကလည်း သူတို့ ခမောက်တွေနဲ့ ယပ်ခတ်ကြ ပြန်တယ်။

နောက်ဆုံးမှာ သူက လက်ထဲက ခမောက်ကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့ သူ့လို ခမောက်တွေ ပစ်ချမလား ဆိုပြီး မျောက်တွေကို မော့ကြည့်တယ်။ ဘယ်မျောက်မှ ခမောက်ကို ပစ်မချ ကြတော့ဘူး။ လက်ထဲမှာ အသေ ဆုပ်ကိုင် ထားကြတယ်။

သူလည်း အံ့သြ ငေးမောကြည့်နေတုန်း မျောက်တကောင်က သူ ပစ်ချလိုက်တဲ့ ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ် တက်သွားသတဲ့။ သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကို စကားတခွန်း ပြောသွားတယ်။ "မင်းမှာ အဘိုး ရှိသလို တို့မှာလည်း အဘိုး ရှိတယ် ဆိုတာ မမေ့နဲ့လေ" တဲ့။

အခက်အခဲ တခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့ တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ။ Crd funnypc (ဟာသပေါင်းချုပ်)

Post a Comment

0 Comments