အဖိုးအိုနှင့် မုတ်ဆိတ်

တခါက ပျော်ပျော်နေတတ်ပြီး သဘောလည်း ကောင်းတဲ့ အဘိုးအို တယောက် ရှိတယ်။ အဲဒီ အဘိုးအိုဟာ အပူအပင် ကင်းတာကြောင့် ညညဆို ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ တပြိုင်နက် အိပ်ပျော်လေ့ ရှိတယ်။

နောက်တခုကတော့ အဖိုးအိုမှာ အင်မတန် ရှည်လျားတဲ့ အဖြူရောင် မုတ်ဆိတ်လည်း ရှိပါသတဲ့။ အာရပ်အဖိုးဟာ အဲဒီကိစ္စ နှစ်ခုလုံးကို သူ့ကိုယ်သူ ဂုဏ်ယူနေလေ့ ရှိတယ်။

သူ့နဲ့ စကားစမြည် ပြောသမျှ လူတိုင်းကိုလည်း သူ့မုတ်ဆိတ် အကြောင်းနဲ့ သူ့ရဲ့ ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ အိပ်ပျော်လေ့ ရှိတဲ့ အကြောင်းကိုလည်း အလွန်အမင်း ကြွားဝါပြီး ပြောလေ့ ရှိတယ်။

တရက်မှာတော့ သူ့ရဲ့ သုံးနှစ်သား မြေးကလေးက သူ့ကို မေးတယ်။ "ဖိုးဖိုး၊ ဖိုးဖိုး အိပ်တဲ့အခါ မုတ်ဆိတ်မွှေးကို စောင်အပြင်မှာ ထားအိပ်လား၊ စောင်အထဲမှာ ထားအိပ်လား" တဲ့။

အဖိုးအိုဟာ သူဘယ်လို အိပ်မိလဲ ဆိုတာကို သတိမထားမိ လိုက်ဘူး။ သေချာ ပြန်စဉ်းစား ပေမယ့်လည်း မမှတ်မိဘူး။ အဲဒါနဲ့ အဖိုးအိုလည်း "ဒီည အိပ်တဲ့ အခါ၊ ဖိုးဖိုး သေသေ ချာချာ မှတ်ထားမယ်" လို့ သူ့ရဲ့ မြေးကလေးကို ပြောလိုက်တယ်။

ညအိပ်ရာဝင်တဲ့ အခါ အင်မတန်မှ ချမ်းအေးတာကြောင့် အဖိုးအိုဟာ စောင်ကို ဆွဲပြီး သူ့ကိုယ်ပေါ် ခြုံဖို့ လုပ်တယ်။ အဲဒီအချိန်မှာပဲ သူဟာ နေ့ခင်းက သူ့မြေးကလေး မေးလိုက်တဲ့ မေးခွန်းကို ချက်ချင်းပဲ သတိရ လိုက်တယ်။

သူဟာ ခဏ ငြိမ်နေပြီး သူ့မုတ်ဆိတ်မွှေးဟာ စောင် အပြင်မှာလား၊ အထဲမှာလား ဆိုတာကို သုံးသပ်နေခဲ့တယ်။ "အထဲမှာ ထားအိပ်တာပဲ ဖြစ်မှာပါ" လို့ တွေးပြီး မုတ်ဆိတ်မွှေးကို အထဲထည့်၊ စောင်ခြုံပြီး သူ လဲလျောင်းလိုက်တယ်။

ဒါပေမယ့် အဖိုးအိုဟာ အဆင်မပြေ ဖြစ်လာသလို ခံစား လာရပြန်တယ်။ ဒါကြောင့် သူဟာ မုတ်ဆိတ်မွေးကို စောင်အပြင်ကို ထုတ်ပြီး ပြန်အိပ် ပြန်တယ်။ ဒါပေမယ့်လည်း မုတ်ဆိတ်မွှေးကို စောင်အပြင် ထားအိပ်ရတာက သူ့အတွက် ခိုးလိုးခုလု ဖြစ်လာပြန်တယ်။ မုတ်ဆိတ်မွှေးကို အထဲ ပြန်ထည့် လိုက်တယ်။

ဒါလည်း အဆင်မပြေသေး ပါဘူးလေ လို့ စဉ်းစား မိပြီး စောင်ရဲ့ အပြင်ကို ပြန်ထုတ်လိုက် ပြန်တယ်။ အထဲ ပြန်ထည့်တယ်။ အပြင် ပြန်ထုတ်တယ်။ အဲဒီလိုနဲ့ အဖိုးအိုဟာ မုတ်ဆိတ်မွှေး ပြဿနာကို အကြောင်းပြုပြီး တညလုံး အိပ်လို့ မရတော့ဘဲ ဖြစ်သွားရ ပါတယ်။

နောက်တနေ့ မနက်မှာတော့ အဖိုးအိုဟာ သူအင်မတန် ဂုဏ်ယူရတဲ့ မုတ်ဆိတ်မွှေး တွေကို လက်နှစ်သစ်လောက် အထိပဲ ချန်ပြီး အကုန်လုံး ဖြတ်ပစ်လိုက် ပါတယ်။ ဒါမှ နောင် နှစ်လ သုံးလ ကြာအောင် သူကောင်းကောင်း အိပ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒီပုံပြင်လေးက ကျနော်တို့ကို သင်ခန်းစာ ပေးထားတာ တခုရှိပါတယ်။ အဲဒါကတော့ အသေးအမွှား ကိစ္စလေးကို အချိန်ကုန် ခံပြီး တွေးခေါ် စဉ်းစားနေမယ် ဆိုရင် စိတ်အေးချမ်းမှာ မဟုတ်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။

တချို့ ကိစ္စတွေဟာ ပေါ့ပေါ့ ပါးပါးလေး လုပ်ဆောင်ရင် ပြီးပြတ် သွားနိုင်ပါလျက် အတွေးခေါင်နေ တတ်တာမျိုး၊ အသေးစိတ် အကွက်ချ နေတာမျိုးဟာ အကျိုး မရှိနိုင်ဘူးလို ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။

တခါတရံမှာ ကိုယ့်ဟာကိုယ် အဆင်ပြေနေ ပါလျက် တစုံတယောက်ရဲ့ မေးခွန်းကြောင့် လမ်းပျောက် သွားတာမျိုးလည်း ဖြစ်တတ် ပါသေးတယ်။

ကျနော်တို့ဟာ ဂရုစိုက်စရာ မလိုတဲ့ အကြောင်းတွေ၊ ကိုယ်ယုံကြည်ရာ လမ်းကြောင်းအတွက် အရေးမကြီးတဲ့ လူတွေ စသည်ဖြင့် အနှောက်အယှက် စကားတွေကို ခေါင်းထဲထည့် စဉ်းစားမနေဘဲ ကိုယ့်လမ်းကြောင်းကို ပုံမှန် အတိုင်းလေးပဲ ဆက်လျှောက်သင့်ပါတယ်။

လုပ်ရိုး လုပ်စဉ်အတိုင်း ပြီးဆုံးရမယ့် ကိစ္စကို လုပ်ရိုးလုပ်စဉ် အတိုင်းပဲ ပြုလုပ်သင့်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ် ။ အသေးအမွှား ကိစ္စတွေအတွက် ဦးနှောက်ခြောက်ခြင်း အစဉ် ကင်းကြပါစေ။ PhyoThuta

Post a Comment

0 Comments