တခါက အလွန် ထူးချွန် ပြောင်မြောက်တဲ့ အမဲဖမ်းသမား (ခွေးအိုကြီး) တကောင်ဟာ ဒရယ်ဖို တကောင်ကို မိတယ်။ သို့ပေမယ့်လည်း ခွေးအိုကြီးမှာ အင်အားနည်းပါးတာ၊ သွားတွေ မရှိတော့ တာကြောင့် အဲဒီဒရယ်ဖိုကို မတတ်သာလို့ လွှတ်လိုက် ရပါတော့တယ်။
ထိုအခါ သူ့သခင်က ခွေးအိုကြီးကို ရက်ရက်စက်စက် ရိုက်နှက်ပါတယ်။ သို့သော် သနားစရာ ကောင်းတဲ့ ခွေးအိုကြီးရဲ့ အောက်ပါ စကားကြောင့် သခင်လုပ်သူက ရိုက်တာကို ရပ်လိုက်ပါတော့တယ်။
"ရပ်လိုက်ပါတော့ သခင်ရယ်။ ကျွန်တော့်မှာ သတ္တိရော စိတ်ဓာတ်ခွန်အားပါ လျော့နည်း မသွားသေးဘူး ဆိုတာ သခင် အသိဆုံးပါ။
ဒါပေမဲ့ ကျွန်တော့်မှာ ခွန်အားနဲ့ သွားတွေတော့ လျော့နည်းသွား ပါပြီ။ အဲဒါတွေလည်း သခင့် အမှုတော် ထမ်းဆောင်ရင်း လျော့ပါး ကုန်ဆုံးခဲ့ရတာပါ့ သခင်" ဟု ခွေးအိုကြီးက သူ့သခင်ကို ပြောလိုက်လေ၏။ (Ref : The Old Hound)
ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာတခုဟာ ဒီပုံပြင်နှင့် တိုက်ဆိုင်နေ ပါတယ်။ အပေါ်ယံ အခြေအနေ တခုကို သေချာစွာ မလေ့လာဘဲ အမဲလိုက် ခွေးအိုကြီးရဲ့ သခင်လို ဆုံးဖြတ်ချက် ချတတ်လေ့ ရှိကြပါတယ်။ ကိုယ့်ရဲ့ ထင်မြင်ချက် တခုတည်းနဲ့ မလေ့လာ မချင့်ချိန်ဘဲ ဆုံးဖြတ်ချက် ချရင် အမှားတွေ ပါတတ် ပါတယ်။
ဆရာသမားတွေ ကလည်း ကလေးများ ဆိုးမိုက်မှုတွေကို ရန်ဖြစ်မှုတွေကို သေချာစွာ မလေ့လာဘဲ တခါတည်း အပြစ် တန်းပေးတာ မျိုးလည်း မဖြစ်သင့်ပါ။ တခါတလေမှာ တချို့ ကျောင်းသားတွေက ကြမ်းမှ ပြောလို့ရတာ မဟုတ်ပါ။ မိမိရဲ့ ပြောဆို ဆုံးမသည့် စကား ကောင်းမွန်လျှင် ကလေးများက လိုက်နာ ကျင့်သုံးမည်သာ ဖြစ်ပါတယ်။
အခြေအနေ တခုကို သေချာစွာ မလေ့လာဘဲ အပြစ်ပေး လိုက်ပြီးမှ အဖြေမှန်ကို သိသောအခါ ပြန်ပြုပြင်လို့ မရတဲ့ အမှားမျိုးလည်း ကြုံတွေ့ ရတတ်ပါတယ်။ ဒါကြောင့် အကြမ်းနည်း တွေကို သုံးမည့်အစား ချိုသာပြီး နည်းလမ်းကောင်းတဲ့ စကားလုံးတွေ သုံးလျှင် ပိုမို ကောင်းမွန်မည်သာ ဖြစ်ပါတယ်။
မိဘများကလည်း ကိုယ့်သားသမီးများ အမှားတွေ လုပ်မိရင် ဆူမယ် ငေါက်မယ် ရိုက်မယ် ဆိုတဲ့ အကျင့်တွေကို ပယ်ဖျောက်ဖို့လည်း လိုအပ်နေပါပြီ။ တချို့သော မိဘတွေဟာ ကိုယ့်သားသမီးတွေ အမှားလုပ်မိရင် အခြေအနေကို မစဉ်းစား မလေ့လာဘဲ ဆူလိုက် ငေါက်လိုက် ရိုက်လိုက်နဲ့ တခါတည်း အပြစ်ပြောလို့ မဖြစ်ပါ။
တခါတလေမှာ ကိုယ့်သားသမီးတွေ ဘယ်လို အမှားမျိုးဘဲ လုပ်မိပါစေ နူးညံ့ချိုသာတဲ့ စကားလုံး များဖြင့် ပြောဆို ဆုံးမတဲ့ အခါလည်း ဆုံးမသင့် လှပါတယ်။ ကျွန်တော်တို့ လူငယ်တွေလည်း မြင်မိတဲ့အရာ ထင်မိတဲ့ အရာတိုင်း ကိုလည်း တခါတည်း မိမိ ထင်မြင်ချက် အတိုင်း မသတ်မှတ်ဖို့ လိုအပ်ပါတယ်။
ယောက်ျားလေးနဲ့ မိန်းကလေး နှစ်ယောက်သွားရင် "သူတို့တွေ ဘာတွေ ညာတွေ ဖြစ်နေကြပြီ" ဟုလည်း မသတ်မှတ်ဖို့ပါ။ ရင်းနှီးမှုနဲ့ အတူတူ သွားတာလည်း ဖြစ်နိုင်ပါတယ်။ အကူညီလိုလို့ အတူတူ သွားတာလည်း ဖြစ်နိုင်တယ်။
အပေါင်းအသင်းတွေ ကြားမှာလည်း ကိုယ်နဲ့ လာပတ်သတ်မှု မရှိသောအခါ "အခုတလော ငါ့ကို သိပ်ပြီး မခင်သလိုဘဲ" စသော တွေးခေါ်မှု များကိုလည်း မချမိဖို့ လိုအပ်ပါတယ်။
အတွေးအခေါ် လွဲမှားနေလျှင် ခင်မင်မှုတွေ ပျက်စီးတတ် ပါတယ်။ ဒါကြောင့် အခြေအနေ တခုကြောင့် မမှန်ကန်သော ဆုံးဖြတ်ချက် ချပြီး လူတိုင်းသိအောင် မကြော်ငြာပါနဲ့။ တွေးခေါ်မှုတွေ လွဲချော်နေလျှင် တယောက်နှင့် တယောက် ခင်မင်မှု သံယောဇဉ် ကလည်း တာရှည်ခံမည် မဟုတ်ပါ။
တွေးခေါ်မှု လွဲမှားလျှင် နာကျင်မှုတွေကို ပိုပြီး ခံစား ရတတ်ပါတယ်။ အခြေအနေ တခုကို လေ့လာ ချင့်ချိန် တွက်ဆလို့ မပြီးမချင်းတော့ ဆုံးဖြတ်ချက် တရပ်ကို မချမှတ်တာက အကောင်းဆုံးပါ။ Argyi
0 Comments