ငါမရှိရင် မဖြစ်ပါဘူး

တခါတုန်းက မြေးမလေး သုံးယောက်နဲ့ အတူနေပြီး အရာရာကို "ငါမရှိရင် မဖြစ်ဘူး" လို့ ထင်မှတ်နေတဲ့ အဖွားအိုကြီး တယောက် ရှိတယ်။

သူ့ရဲ့ မြေးမလေးတွေ ကိုလည်း အရာရာ စိတ်တိုင်းမကျ ဖြစ်ပြီး "ဒီနေ့ ဟိုဟင်း ချက်စမ်း၊ အမှိုက် သိမ်းစမ်း၊ ဒါကို မစားနဲ့၊ အဲ့ဒီကို မသွားနဲ့" ဆိုပြီး အမြဲ ဆူပူ ပြောဆိုတယ်။

ပြီးတော့ အဘွားအိုဟာ "ဒီမြေးမလေးတွေ ကတော့ ငါမရှိရင် ဘယ်လိုများ နေကြမလဲ၊ ငါမရှိရင် ဖြစ်မှာ မဟုတ်ပါဘူး" လို့လည်း အမြဲ တဖွဖွ ပြောလေ့ ရှိသတဲ့။

တနေ့တော့ အဖွားအိုကြီးဟာ အလုပ်ကိစ္စ တခုနဲ့ နှစ်ရက် ကြာမယ့် ခရီးတခုကို သွားဖို့ အတွက် ဖြစ်လာခဲ့တယ်။

သူဟာ မြေးမလေး တွေကို စိတ်မချ ဖြစ်ပြီး ခရီး သွားအံ့ဆဲဆဲ မှာလည်း နာရီဝက် တနာရီ နီးနီးလောက် ကြာအောင် မှာတမ်းတွေ ခြွေလို့ မပြီး ဖြစ်နေတော့ တာပေါ့။

အဲဒီလိုနဲ့ အဖွားအိုဟာ ခရီးက ပြန်ရောက်တဲ့ အခါမှာတော့ အိမ်ထဲကို ဝင်လိုက်တယ် ဆိုရင်ပဲ သူအရမ်း အံ့သြ တုန်လှုပ် သွားခဲ့ရတယ်။ အခန်းထဲမှာ ဝိုင်းဖွဲ့ပြီး ပြောနေတဲ့ သူ့မြေးမလေး တွေရဲ့ စကားသံတွေ ကြောင့်ပေါ့။

"အဖွားရှိရင် ဘာမှ မလွတ်လပ်ဘူး၊ စားချင်တာ မစားရ၊ နေချင်သလို မနေရ၊ အမြဲတမ်း အဖွား ပြောသမျှပဲ လုပ်ပေးနေ ရတယ်"

နောက်တယောက် ကလည်း "အေး ဟုတ်တယ်။ ဟိုကို မသွားနဲ့၊ ဒီဟာ မဝတ်နဲ့ ဆိုပြီးလည်း အရမ်း ချုပ်ချယ်တာပဲ"

ကျန်တယောက် ကလည်း "ဟုတ်တယ်။ အခုဆို အဖွား ခရီးသွား နေတော့ အရမ်း စိတ်ချမ်းသာတာပဲ၊ အခုမှပဲ လွတ်လွတ်လပ်လပ်နဲ့ နေရတော့တယ်" လို့ ပြောဆိုနေ ကြသတဲ့။

ဒီစကားတွေကို ကြားတော့ အဖွားအိုလည်း "သြော် ငါကသာ ငါမရှိရင် မဖြစ်ဘူးလို့ တွေးနေတာ၊ သူတို့ ကတော့ ငါမရှိမှ ကောင်းမယ် လို့ ထင်နေကြ ပါလား" ဆိုပြီး အသိတရားတွေ ရကာ ရာသက်ပန် တရား အားထုတ်ပြီး နေသွားတော့ သတဲ့။

ဘယ်အရာမဆို ကိုယ့်ဘက်က "ငါမရှိလို့ မဖြစ်ဘူး" ဆိုပြီး တွေးပါ များလာရင် အခြားတယောက်ရဲ့ အမြင် မှာတော့ "သူ မရှိမှ ကောင်းတယ်" လို့ ဖြစ်သွားတတ် ပါတယ်။ Crd

Post a Comment

0 Comments