မစဉ်းစား မဆင်ခြင်သောသူ

တခါက ပုဏ္ဏားကြီး လင်မယားနှစ်ယောက်မှာ သားသမီးရတနာ မထွန်းကား၍ အင်မတန် လိမ္မာသော ကြက်တူရွေး နှစ်ကောင်ကို သားသမီး အဖြစ် မွေးထားလေ၏။

တနေ့ ပုဏ္ဏားကြီးသည် ခရီးထွက်စရာ ရှိ၍ ကြက်တူရွေး နှစ်ကောင်ကို တိုးတိုးတိတ်တိတ် မှာကြားလေ၏။ ပုဏ္ဏားကြီးက "ငါ့သားတို့ အဖေ ခရီး ထွက်သွားရင် မင်းတို့ အမေကို စောင့်ကြည့်ပါ" ဟု မှာကြားပြီး ခရီး ထွက်သွားလေ၏။

ပုဏ္ဏားကြီး ခရီးထွက်သည်မှ စ၍ ပုဏ္ဏားမကြီးသည် ယောက်ျားများနှင့် ဖောက်ပြန်၏။ ပုဏ္ဏားမကြီး ဖောက်ပြန် နေသည်ကို ကြက်တူရွေး နှစ်ကောင်က မြင်ကြ၏။

မြင်ပါ များတော့ ကြက်တူရွေး အငယ်ကောင်က ပြောချင်သော စိတ်များ တဖွားဖွား ဖြစ်ပေါ်လာကာ အကိုဖြစ်သူ ကြက်တူရွေးအား တိုင်ပင်၏။ ဘုရားလောင်း ကြက်တူရွေးက "ငါ့ညီ မပြောနဲ့ ပြောရင် မင်း ဒုက္ခရောက်မယ်" ဟု တား၏။

ကြက်တူရွေး အငယ်ကောင်ဟာ ပြောချင်စိတ်များ မထိန်းနိုင်၍ အကို တားသည့် ကြားကပင် ပုဏ္ဏားမကြီးကို သွား၍ ပြောလေ၏။ "အမေ ဒီလို ဖောက်ဖြားတာ ကောင်းလားဗျာ၊ အမေ ဒီလို မလုပ်သင့်ဘူး" ဟု ပြော၏။

ပုဏ္ဏားမကြီးသည် ဤစကားကို ကြားသည်နှင့် အလွန် ထိန့်လန့် သွားပြီး "ငါ့အကြောင်းကို ဒီကောင် သိသွားပြီ မဖြစ်ဘူး သက်ပစ်မှ သင့်မယ်" ဟု ကြံ၏။

ထို့နောက် ပုဏ္ဏားမကြီးက ချိုသာသော အသံဖြင့် "ငါ့သားကမှ အမေ့ပေါ် ဆုံးမဖော် ရပါပေတယ်။ အင်မတန် လိမ္မာ သိတတ်တဲ့ သားလေးပဲ။ အမေ့ဆီ လာပါအုံးကွယ်" ဟု ချော့၍ ခေါ်ကာ အနား ရောက်လာလျှင် ဖျက်ကနဲ့ ဖမ်းလိုက်ပြီး ခေါင်းကို လိမ်ချိုးကာ မီးခဲပူများ ရှိသော ပြာပုံထဲသို့ ထိုးသိပ်လိုက်၏။

ထိုအဖြစ်အပျက်ကို တန်းပေါ်မှာ လမ်းလျှောက်နေသော ဘုရားလောင်း ကြက်တူရွေးက အစအဆုံး မြင်၏။ ပုဏ္ဏားကြီး ပြန်လာသောအခါ ရောက်ရောက်ချင်းမှာပဲ ကြက်တူရွေး စုံမစုံတောင် မကြည့်နိုင်ပဲ သူ့ရှေ့ မြင်သော ကြက်တူရွေးကို မေး၏။

ပုဏ္ဏားကြီးက "ငါ့သား မင်းအမေ ဘယ်လိုလဲ" ဟု မေးရာ ဘုရားလောင်း ကြက်တူရွေးက "အဖေ၊ မြင်တာကို မြင်တဲ့အတိုင်း၊ သိတာကို သိတဲ့အတိုင်း ပြောမိလို့ ကျွန်တော့် ညီကတော့ ပြာပုံထဲမှာ ထာဝရ အိပ်စက် နေပါပြီ။

အဖေလည်း မှတ်သားထားပါ။ မြင်တာကို မြင်တဲ့အတိုင်း၊ သိတာကို သိတဲ့အတိုင်း၊ တွေ့တာကို တွေ့တဲ့ အတိုင်း၊ ကြားတာကို ကြားတဲ့အတိုင်း မစူးစမ်း မဆင်ခြင် မစဉ်းစားပဲ ပြောတဲ့သူဟာ ကျွန်တော့်ညီလေး သေသလို သေရလိမ့်မယ်" ဟု ပြောကာ ဟိမဝန္တာ တောထဲသို့ ဝင်သွား၏။ ထိုအချိန်မှ စ၍ ပုဏ္ဏားကြီးတို့ထံ ပြန်မလာတောချေ။

မြင်တာကို မြင်တဲ့အတိုင်း မပြောလေနဲ့။ ကြားတာကို ကြားတဲ့အတိုင်း မပြောလေနဲ့။ သိတာကို သိတဲ့အတိုင်း မပြောလေနဲ့။ တွေ့တာကို တွေ့တဲ့အတိုင်း မပြောလေနဲ့။ အချိန်အခါကို ကြည့်ပြီးမှ ပြောသင့်မှ ပြောရာ၏။ Crd

Post a Comment

0 Comments