ငယ်လင် ငယ်မယား

ဖခင်ဘက်မှ ဘကြီးတော်သူ တဦး ရှိပါသည်။ သူ့အမည်မှာ ဦးနီ ဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်မြိုင် ဖြစ်သည်။ ကျွန်တော်တို့က အပါနီနှင့် အမေမြိုင်ဟု ခေါ်ကြသည်။ သူတို့ ၂ ယောက်သည် တကယ့်ဆိုမှ တကယ့် ငယ်လင် ငယ်မယား စစ်စစ်တွေ ဖြစ်ကြသည်။

ဘကြီးနှင့် စတင် အကြောင်းပါခဲ့ စဉ်က အမေမြိုင်သည် ၁၅ နှစ် ခန့်သာ ရှိသေးသည်ဟု သိရပါသည်။ သူတို့သည် သားသမီး မထွန်းကားဘဲ နှစ်ပေါင်းများစွာ ပေါင်းသင်း နေခဲ့ကြ ပါသည်။ အိမ်ထောင်သက် နှစ် ၂၀ ကျော် ရှိသောအခါတွင် အဖြစ်အပျက် တခု ပေါ်ပေါက်လာ ခဲ့လေသည်။

အမေမြိုင်သည် အိမ်တွင် ဝင်ထွက် သွားလာနေပြီး အပါနီက လက်တိုလက်တောင်း ခိုင်းစေနေသည့် တပည့်တဦးနှင့် ငြိစွန်းကာ လိုက်ပြေးသွား ခဲ့လေသည်။

ထိုအချိန်က စ၍ အပါနီသည် အမေမြိုင် အကြောင်းကို စကားစပ်၍ပင် မပြောတော့။ လိုက်လည်း မရှာ။ ပြန်လည်း မခေါ်တော့ချေ။ သို့ရာတွင် ထိုစဉ်က ညတိုင်ကျလျှင် အရက်ကို မူးအောင်သောက်ပြီး ခြံဝင်းထဲ၌ သီချင်းတွေ တပုဒ်ပြီး တပုဒ် အော်ဟစ်နေတတ်သည့် အပါနီကို မှတ်မိနေပါသည်။

နောင် ၁ နှစ် ကျော်ကျော်လောက် ရှိသောအခါ အပါနီသည် အိမ်ထောင်သစ် တခုကို ထူထောင်လိုက်ပါသည်။ ဒုတိယ ဇနီးနှင့် သား သမီး ၅ ယောက် ရရှိပြီး ဖြစ်နေချိန်တွင် ဖြစ်သည်။

တနေ့ ကျွန်တော်နှင့် အပါနီ ကိစ္စတခုဖြင့် မြေနီကုန်း ဈေးဘက်သို့ အလာ၊ ရတနာပုံ ရုပ်ရှင်ရုံရှေ့နား အလွန်တွင် လုံးဝ မမျှော်လင့် မထင်မှတ်ဘဲ အမေမြိုင်နှင့် ဘွားခနဲ မျက်နှာချင်းဆိုင် ဆုံမိကြလေသည်။ သူတို့သည် တယောက်ကို တယောက် စက္ကန့်ပေါင်း များစွာ ငေးကြောင်၍ ကြည့်နေကြသေးသည်။

ထို့နောက် အမေမြိုင်က စတင်၍ လှုပ်ရှားလာခဲ့သည်။

"ကိုကို ကိုကိုရယ် မြိုင့်ကို ခွင့်လွှတ်ပါ"

"ဖြန်း"

အပါနီ၏ ညာလက်ဝါးသည် မြောက်တက်သွားပြီး အမေမြိုင်၏ မျက်နှာပေါ်သို့ ပြင်းထန်သော အရှိန်ဖြင့် ကျရောက် သွားခဲ့လေသည်။ အမေမြိုင်သည် ကြုံလှီသော ခန္ဓာကိုယ်လေးကို ယိမ်းယိုင် သွားရာမှ ကြိုးစား၍ တည့်မတ်လိုက်သည်။

ငိုချလိုက်တော့မည်ဟု ထင်သော်လည်း လုံးဝ မငိုခဲ့ချေ။ အပါနီ့ မျက်နှာကို မျက်တောင်မခတ် စူးစိုက်၍ ကြည့်နေလေသည်။ နှုတ်ခမ်းထောင့်မှ ယိုစီးကျနေသော သွေးတွေကို ထွေးလည်း မထုတ်၊ သုတ်လည်း မပစ်ဘဲ အပါနီ့ မျက်နှာကိုသာ အငမ်းမရ စူးစူးစိုက်စိုက် ငေးကြည့်နေ ခဲ့လေသည်။

အပါနီကလည်း မေးကြောကြီးတွေ ထောင်နေအောင် အံကို တင်းတင်းကြိတ်လျက် အမေမြိုင့်ကို ခြေဆုံးခေါင်းဖျား စူးစမ်း၍ ကြည့်နေလေသည်။

အမေမြိုင်သည် ၇ နှစ် ၈ နှစ် အတွင်း၌ သနားစရာ ပြောင်းလဲနေ ခဲ့လေပြီ။ ခန္ဓာကိုယ်သည် ညှိးချုံး ပိန်လှီလျက် အဝတ်အစား များမှာလည်း အရောင်အသွေး မပေါ်ဘဲ စုတ်ပြတ်ဟောင်းနွမ်း လှပေသည်။

"လာ ငါနဲ့ လိုက်ခဲ့"

အပါနီသည် ဘာမပြော ညာမပြောနှင့် အမေမြိုင့် လက်ကို ဆွဲလျက် လမ်းတဘက်သို့ ကူးသွားလေသည်။ မြေနီကုန်းဈေးအတွင်းက ဖိနပ်ဆိုင် တဆိုင်တွင် မိန်းမစီး ကတ္တီပါ ကြိုးတပ် ဖိနပ်တရံ ရွေးချယ်ပြီး "ရော့ ဒါ စီးကြည့်"

အမေမြိုင်သည် ဖိနပ်လေးကို ချစီးကြည့်သည်။ ထိုအခါမှ သတိထား ကြည့်မိသည်။ အမေမြိုင့် ခြေထောက်မှာ ဖိနပ်ပင် မပါခဲ့ပေ။

"အတော်ပါပဲ ကိုကို"

"အေး တော်ရင် စီးသွားတော့"

အပါနီသည် ဖိနပ်ဖိုး မေး၍ ပေးလိုက်ပြီး လှည့်ထွက် သွားလေသည်။

နောက်မှ ပြေးလိုက်လာသော အမေမြိုင်သည် အပါနီ့ကို ဈေးအပြင်ဘက် ရောက်မှ မီလာပြီး "နေ နေပါဦး ကိုကို ခဏလေး နေပါဦး မြိုင်လေ ကိုကို့ကို ကန်တော့ချင် လို့ပါ ကန်တော့ပါရစေ ကိုကိုရယ်" ဟု တောင်းပန်ပြီး ပလက်ဖောင်းပေါ် မှာပင် ဖိနပ်ချွတ်ကာ ဒူးတုပ်ထိုင်လျက် ကန်တော့ ရှာလေသည်။ ခေါင်းပြန်မော့ လိုက်သောအခါ အပါနီ့ ခြေထောက်အစုံကို မတွေ့ရတော့ချေ။

ခြေလှမ်းကျဲကြီး များဖြင့် ကျောခိုင်း လျှောက်သွားသော အပါနီသည် အဝေးသို့ ရောက်သွားလေသည်။ အပါနီ့ကျောပြင်ကို မျက်ရည်များနှင့် ဝေဝါးစွာ လှမ်းကြည့်နေရာမှ သူဝယ်ပေးခဲ့သော ဖိနပ်လေးကို စီးရန် ငုံ့ကြည့်လိုက်သည့်အခါ မျက်ရည်စ များသည် ဖိနပ်သစ်လေး ပေါ်သို့ ကြွေကျသွား လေသတည်း။

ထိုညက အရက်တွေ မူးအောင် သောက်ပြီး သီချင်းတွေ တပုဒ်ပြီး တပုဒ် အော်ဆိုနေသော အပါနီ့ကို တွေ့ကြရ ပြန်ပါသည်။ စိုးလူ

Post a Comment

0 Comments