ဖိနပ်သစ်ကလေး

"ဟားဟား ဖိနပ်ကလည်းကွာ ကြည့်စမ်းပါဦး။ စုတ်ပြတ် နေတာပဲ" "အေးလေ ရေလေး ဘာလေး မဆေးတတ် ဘူးလား မသိဘူး။ သနားပါတယ် နော်။ ဟိဟိ" "လာ လာ သွားကြစို့။ တော်ကြာ ငါတို့ဖိနပ်တွေ လိုက်လု နေမှဖြင့်"

ပြောချင်ရာ ပြောပြီး ထွက်သွားတဲ့ ရွယ်တူ ကောင်လေးများကို လိုက်ငေးကြည့်ရင်း သူ စိတ်မကောင်း ဖြစ်မိတယ်။ "ဟုတ်တယ် ငါ့ဖိနပ်ကြီးကလည်း ပြောမယ် ဆိုလဲ ပြောချင်စရာ။ ထိပ်ပေါက်တဲ့ နေရာက ပေါက်၊ ဖနောင့် ပါးတဲ့ ဘက်က ပါးနဲ့ စိတ်ပျက်စရာကြီး"

စိတ်ညစ်ညစ်နဲ့ ပန်းခြံတခုထဲ လျှောက်သွားရင်း ညောင်းလာတော့ ခုံတခုမှာ ထိုင်နားလိုက် ပါတယ်။ ထိုင်ခုံမှာ သူနဲ့ အရွယ်တူ ကောင်လေး တယောက် ထိုင်နေတာ တွေ့လိုက်ရတယ်။

သူ ကောင်လေးရဲ့ တကိုယ်လုံးကို စပ်စပ်စုစု လိုက်ကြည့်ရင်း ဖိနပ်ကို ကြည့်မိချိန်မှာ လိုချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ် မိတယ်။

"ဖိနပ် အသစ်ကလေး ကြည့်စမ်း။ ငါ့ဖိနပ်နဲ့များ တခြားစီပဲ။ တောက်ကွာ၊ နေရာချင်းသာ လဲလိုက် ချင်မိတယ်" အဲ့သလို ကောင်လေးဟာ မနာလို မရှုစိမ့်စွာနဲ့ တွေးမိလိုက်တယ်။ "ဟေ့ မင်း ငါ့ဖိနပ်ကို လိုချင်လို့လားကွ"

ရုတ်တရက် ကြားလိုက်ရတဲ့ အသံကြောင့် သူခေါင်းထောင်ပြီး မော့ကြည့်မိတယ်။ "ဟင့်အင်း မဟုတ် မဟုတ်ပါဘူးကွ။ လှလို့ ကြည့်တာပါ" "အေး လှလို့ ကြည့်တာဆို မင်းလိုချင်လား။ မင်းဖိနပ်နဲ့ ငါ့ဖိနပ် လဲမယ်လေ သူငယ်ချင်း"

သူတောင့်တမိတဲ့ စိတ်ကူးကို ခုလို တဖက်က ကောင်လေးက ထုတ်ပြောလိုက်တဲ့ အတွက် အတိုင်းမသိ ဝမ်းသာမိတယ်။ "ဟာ မလုပ်ပါနဲ့။ မင်းဖိနပ်က အကောင်းစား ဖိနပ်၊ ငါ့ဖိနပ်က စုတ်ပြတ် နေတာကို။ မတန်ပါဘူးကွာ မလဲပါနဲ့"

သူတို့ အပြန်အလှန် ပြောနေချိန်မှာ အသက်ကြီးကြီး အန်တီတယောက်က လက်တွန်း ခုံလေးကို တွန်းရင်း ဖိနပ်သစ် ပိုင်ရှင် ကောင်လေးနားကို ရောက်လာခဲ့တယ်။ "သားရေ တီလေးတို့ ပြန်ကြတော့ မလား" "ဟုတ်ကဲ့ တီလေး ခနနော်"

ပြောရင်းဆိုရင်း ကောင်လေးဟာ သူ့ဖိနပ်ကို ချွတ်ပြီး သူ့ကို ရက်ရက် ရောရော လှမ်းပေး လိုက်တယ်။ ပြီးတာနဲ့ "ကဲ မင်းဖိနပ်ပေး" လို့ တောင်းတယ်။

သူချွတ်ပေး လိုက်တဲ့ ဖိနပ်စုတ်လေးကို ကောင်လေးဟာ သေချာ ပြန်စီးပြီးတော့ လာခေါ်တဲ့ လက်တွန်းခုံ ဝှီးချဲလေးပေါ် ရွှေ့ထိုင်လိုက်တယ်။ ပြီးတာနဲ့ သူ့ကို တာ့တာ ပြရင်း အဝေးကို ထွက်ခွာ သွားပါ တော့တယ်။

သူ့ရင်ထဲမှာ တခုခု ခံစား နေရတယ်။ ဖိနပ်သစ်ရလို့ ပျော်နေတာလား။ မဟုတ်ဘူး။ ပူနေတယ်။ တခုခုကို သူ အကြီးအကျယ် ရှက်မိနေတယ်။ "တောက် သူ့ခမျာ လမ်းမလျှောက်နိုင်တဲ့ အတွက် သူများတွေ ဘယ်နှစ်ခါများ သူ့ကို လှောင်ပြောင်ခဲ့ ကြပြီးပြီလဲ။

ငါကမှ ဖိနပ်စုတ် စီးပေမယ့် လမ်းလျှောက်နိုင် သေးတယ်။ သူက ဖိနပ်သစ် ပိုင်ပြီး လမ်းမလျှောက်နိုင် ခဲ့ရှာဘူး။ ဒီလို လမ်း မလျှောက်နိုင်တဲ့ လူကတောင် အပြုံးမပျက်ဘူး။ ငါ့မှာတော့ ဖိနပ်ကလေး စုတ်တယ် ဆိုတာ ဝေဖန်ခံရရုံနဲ့ ဖြစ်သွားလိုက်တာ"

ဖိနပ်သစ်ကလေး တရံက ကောင်လေးရဲ့ ဘဝအပေါ် ထားတဲ့ အတွေးအခေါ်ကို ပြောင်းပြန်လှန်ပေး သွားခဲ့ပါတယ်။ ကျွန်တော်တို့ သင်ခန်းစာ ယူသင့်ပါတယ်။ ဟင်း မကောင်းဘူး၊ ထမင်း မကောင်းဘူးလို့ ကျွန်တော်တို့ ညည်းညူတတ် ကြပါတယ်။

ဟိုအင်္ကျီပဲ ဝတ်ချင်၊ ဒီအဝတ်ကလေးပဲ ဆင်ချင် စသဖြင့်လည်း ကျွန်တော်တို့ ညည်းတတ် ကြပါတယ်။ ဒါပေမယ့် ထမင်းဟင်း နပ်မှန်အောင် မစားနိုင်တဲ့ လူတွေ ဒီကမ္ဘာပေါ်မှာ အများကြီးပါပဲ။ အဝတ်အစား ကိုယ်မှာ မကပ်နိုင်ပဲ ကိုယ်လုံးတီးနဲ့ လမ်းပေါ်အိပ် လမ်းပေါ်စား နေရရှာတဲ့ လူတွေလည်း အများကြီး ပါပဲ။

ဒါ့ကြောင့် ကျွန်တော်တို့ သင်ခန်းစာ ယူသင့်ပါတယ်။ တန်ဖိုး ထားသင့်တဲ့ အရာလေးတွေကို တန်ဖိုးသိသိ နဲ့ လက်ခံနိုင် ရလိမ့်မယ်။ ညည်းနေလို့ အလိုမကျနေလို့ ရှိရင် ဒီ ဖိနပ်သစ်ကလေးကို ပြန်သတိရ ကြပါ။ မှတ်စုကြမ်း

Post a Comment

1 Comments