နပိုလီယန်နှင့် သားမွေးထည်ဆိုင်ပိုင်ရှင်

ဒေါသဖြင့်လည်း နောက်ကြောင်း ပြန်မလှည့်နှင့်၊ ကြောက်စိတ်ဖြင့်လည်း ရှေ့ရေး မတွေးတောနှင့်၊ ပညာသတိ ဖြင့်သာ ဝန်းကျင်ကို ရှုမြင်ပါ။ (ဂျိမ်းစ်သာဗာ)

ရုရှားပြည်ကြီးကို နပိုလီယန် ကျူးကျော် တိုက်ခိုက်စဉ် ကာလ။ မြို့ကလေး တမြို့တွင် စစ်ခင်းကြစဉ် နပိုလီယန်နှင့် သူ့နောက်လိုက် နောက်ပါတွေ အမှတ်မထင် လူစု ကွဲသွားကြသည်။ ရုရှား ကော့ဆက် စစ်သားတစုက သူ့ကို မြင်သွားပြီး နောက်က တရကြမ်း လိုက်သည်။

ကွေ့ကောက်သော လမ်းသေး လမ်းသွယ်များကြား အသက်ကို လု၍ ပြေးလာခဲ့ပြီး လမ်းမြှောင် တခုထဲရှိ သားမွေးထည် အရောင်းဆိုင် တခုထဲရှိ သားမွေးထည် အရောင်းဆိုင် တဆိုင်တွင် အလစ် ဝင်ခိုသည်။

ဆိုင်ရှင်ကို မြင်တော့ "ကယ်စမ်းပါဦးဗျာ၊ ကယ်စမ်းပါဦး၊ ကျွန်တော် ဘယ်မှာပုန်းရမလဲ" တောင်းပန် တိုးလျှိုးသော လေသံဖြင့် နပိုလီယန် အမောတကော မေးသည်။

ဆိုင်ရှင်က "အဲဒီထောင့်က သားမွေးပုံကြီးအောက် အမြန်ဝင်" ဟု ဆိုပြီးနောက် နပိုလီယန်အား အပေါ်မှ သားမွေးတွေ တထပ်ကြီး ဖုံးဖိပေး ထားသည်။

ဖုံးဖိ ပြီးရုံရှိသေး ကော့ဆက်တွေ အခန်းထဲ အော်ဟစ် ပြေးဝင်လာသည်။ "ဘယ်မှာလဲဟေ့၊ ဒီဆိုင်ထဲ ဝင်သွားတာ ငါတို့ မြင်လိုက်တယ်" ဟု ပြောသည်။ ဆိုင်ရှင်က ငြင်းသည်။ သို့သော် သူတောင်းပန်နေသည့် ကြားကပင် ကော့ဆက်တွေ တဆိုင်လုံးဆွဲလွဲ မွှေနှောက်ကာ နပိုလီယန်ကို ရှာကြသည်။

သားမွေးပုံကြီးကို ဓားတွေနှင့် တစွပ်စွပ် ထိုးကြည့်ကြသည်။ မတွေ့။ နောက်ဆုံး သူတို့ လက်လျှော့ပြီး ထွက်သွားကြသည်။ အတော် ကြာတော့မှ နပိုလီယန် သားမွေးပုံအောက်မှ တွား၍ ထွက်လာသည်။ သူဘာဒဏ်ရာမှ မရခဲ့။

သည်အခိုက်မှာပင် သူ့ကိုယ်ရံတော်တွေ ဆိုင်ဝ ရောက်လာသည်။ သည်အချိန် သားမွေးဆိုင်ပိုင်ရှင်က နပိုလီယန်အား ကြည့်ကာ မရဲတရဲနှင့် မေးသည်။

"ဒီလောက် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးကို အားမနာ ပါးမနာ မေးတယ် လို့တော့ သဘောမထားပါနဲ့ ခင်ဗျာ၊ သားမွေးပုံအောက် ရောက်နေတဲ့ အချိန်၊ နောက်တခဏမှာ အဆုံးစီရင် ခံရနိုင်တယ်လို့ သိနေရတဲ့ အချိန်က ဘယ်လို ခံစားရပါသလဲ ခင်ဗျာ"

နပိုလီယန်က "ဧကရာဇ် တယောက်လုံးကို မထီလေးစား မေးရသလား၊ ရိုင်းပျတဲ့ ဒီသတ္တဝါကို ဖမ်း၊ မျက်နှာကို ပဝါစီးပြီး ချက်ချင်း သုတ်သင်စမ်း။ ငါကိုယ်တော်မြတ် ကိုယ်တိုင် ဒီကောင့်ကို ပစ်မိန့်ပေးမယ်" ဟု ပြောသည်။ ကိုယ်ရံတော် စစ်သည်တွေက သားမွေးပိုင်ရှင်အား ဝိုင်းချုပ်ပြီး အပြင်သို့ တရွတ်ဆွဲ ခေါ်သွားကြသည်။

သူ့ကို နံရံမှာ ရပ်စေကာ မျက်နှာကို ပဝါစည်းသည်။ သားမွေးဆိုင် ပိုင်ရှင်သည် ဘာကိုမျှ မမြင်ရ။ သို့သော် စစ်သားတွေ တန်းစီသံ၊ ပစ်ခတ်ရန် အတွက် ရိုင်ဖယ်သေနတ်များ ပြင်ဆင်ကြသံတွေ သူကြားနေရသည်။

လေတိုးသဖြင့် သူ့ကိုယ်ပေါ်က အဝတ်အစားတွေ လှုပ်ခတ်သွားတာ၊ ပါးပြင်က အေးစက်သွားတာ၊ ပြီးတော့ သူ့ဒူးတွေ တဆတ်ဆတ် တုန်နေတာ တွေလည်း သူ သတိပြုမိ နေသည်။

ထို့နောက် နပိုလီယန် လည်ချောင်းရှင်း လိုက်ပြီး တဆင့်ချင်း "အသင့်ပြင်၊ ချိန်" ဟူသော အမိန့်ပေးသံ သူ ကြားရသည်။ လောလောဆယ် သူ သိမှတ်နေရသည့် အကြားအာရုံ၊ အထိအတွေ့ အာရုံကလေး သည်ပင် အချိန်အနည်းငယ် အတွင်း သူ့ထံမှ ထာဝရ နုတ်ပယ်ခြင်း ခံရတော့မည် ဟူသည်ကို တွေးမိကာ အမျိုးအမည် မဖော်ပြနိုင်သည့် ဝေဒနာတခု သူ့ကို လွှမ်းမိုးလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တွေတွေ စီးကျလာသည်။

အတော်ကြီး ကြာအောင် တိတ်ဆိတ် ငြိမ်သက်နေပြီး နောက်တွင် သူ့အနီးသို့ ချဉ်းကပ်လာသည့် ခြေသံများကို သားမွေးဆိုင်ရှင်ကြားရသည်။ ထို့နောက် သူ့မျက်နှာမှာ စည်းထားသည့် အဝတ်ကို ဖြေပေးသည်။ ရုတ်တရက် တိုးဝင်လာသည့် နေရောင်ကြောင့် သူ့အမြင်အာရုံတွေ မသဲကွဲသေး။

သို့သော် မှုန်ရီဝိုးတဝါး ဖြစ်နေသည့် ကြားကပင် သူ့အား ဖောက်ထွင်းမတတ် စူးစိုက်ကြည့်နေသည့် နပိုလီယန်၏ မျက်လုံးအစုံကို သူမြင်ရသည်။ သည်မျက်လုံးများကား သူ့တကိုယ်လုံးကို တထောင့်တဌာနမကျန် အသေးစိတ် ဖော်ထုတ် သိမြင်သွားသည့် ဟန်ပင်။ သည်နောက် နပိုလီယန်က လေသံ အေးအေးနှင့်ပင် ပြောလိုက်သည်။ "ကဲ အခုတော့ မင်းသိပြီ မဟုတ်လား" တဲ့။ ဖေမြင့်

Post a Comment

0 Comments