အတုံ့အလှည့် မေတ္တာ

တခါတုန်းက အဖွားအို တဦးဟာ ဈေးထဲမှာ လိမ္မော်သီးဆိုင်လေး တဆိုင် ဖွင့်ထားပါတယ်။ လူတယောက် ကလည်း အမြဲလိုလို အဖွားအိုရဲ့ ဆိုင်ကနေ လိမ္မော်သီး ဝယ်လေ့ ရှိသတဲ့။

သူ့စိတ်ကြိုက် လိမ္မော်သီးတွေ ရွေးပြီးတာနဲ့ ကီလိုချိန် ကျသင့်ငွေ ရှင်းပြီးရင် သူအမြဲ လုပ်နေကျ အပြုအမူ တခု ရှိတယ်။ အဲဒါကတော့ လိမ္မော်သီးအားလုံး အိတ်ထဲ ထည့်ပြီးတိုင်း လိမ္မော်သီး တလုံးကို အိတ်ထဲက ပြန်ထုတ် အခွံခွာပြီး လိမ္မော်သီး တစိတ်ကို စားပါတယ်။

ပြီးရင် "ဒီလိမ္မော်သီးက အရမ်းချဉ်တာပဲ" လို့ ပြောပြီး ကျန်တဲ့ တလုံးလုံးကို အဖွားအိုကို ပေးပါတယ်။ အဖွားအို ကလည်း တစိတ်စီ စားကြည့်ရင်း "ဘာဖြစ်လို့လဲ မချဉ်ပါဘူး။ ချိုပါတယ် လူကလေးရဲ့" လို့ အမြဲ ပြန်ပြောပါတယ်။

အဖွားအိုက အဲ့ဒီလို ပြောပြီးတိုင်း အဲဒီလူက သူ့လိမ္မော်သီး အိတ်ကို ကောက်ဆွဲပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်သွားတာပါပဲ။ အဲ့ဒီလို လိမ္မော်သီး လာဝယ်တိုင်း လုပ်နေကျလူဟာ တခါမှာ ဈေးကို သူ့ဇနီးပါ ပါလာပါတယ်။

လိမ္မော်သီးဆိုင်မှာ ထုံးစံအတိုင်း သူ့ အပြုအမူကို လုပ်တော့ အပြန်မှာ သူ့ဇနီးက မေးတော့တာပေါ့။ အဲ့ဒီလူက သူ့ဇနီးကို ပြန်ဖြေသတဲ့။ "အဲဒီ အမေအိုဆိုင်က လိမ္မော်သီးတွေက တကယ်တော့ အမြဲချိုပါတယ်။

အမေအိုက လိမ္မော်သီး ရောင်းနေပေမယ့် သူ့လိမ္မော်သီးတွေကို အမြတ် မရမှာ စိုးတာကြောင့် ဘယ်တော့မှ မစားခဲ့ဘူး။ အမေအို အရမ်းဆင်းရဲတာ ငါသိခဲ့လို့ အဲလိုနည်းနဲ့ လိမ္မော်သီး ချိုချိုလေး သူစားနိုင်အောင် ငါလုပ်ပေးတာပါ" တဲ့။

အဲဒီလိုပဲ အဖွားအိုရဲ့ ဘေးဆိုင်က ဈေးသည် မိန်းမကလည်း အဲဒီလူကို မကျေနပ်လို့ အဖွားအိုကို ပြောတယ်။ "ရှင့်ဆိုင်က လိမ္မော်သီးတွေက ချိုရဲ့သားနဲ့ အဲဒီလူက အမြဲ ချဉ်တယ်လို့ ပြောတယ်။ ဒါတောင် ရှင်က အမြဲ အဆစ်တောင် ပိုထည့်ပေးတယ်နော်" တဲ့။

အဲဒီတော့ အမေအိုက ပြုံးပြုံးလေးနဲ့ "အဲဒီလူ ဒီလိုလုပ်တာ ငါ့ကို လိမ္မော်သီး အလကား ကျွေးချင်လို့ လုပ်နေတာ ဆိုတာ ငါသိ‌နေတယ်" တဲ့။

ပြီးတော့ အဖွားအိုကပဲ ဆက်ပြီး "ငါက အဆစ်ထည့်ပေးတာ မဟုတ်ပါဘူး။ သူ့မေတ္တာတရားက အလေးသာ သွားတာပါ" လို့ ပြန်ပြောလိုက် ပါသတဲ့။

ဘဝရဲ့ ပျော်ရွှင်မှု ဆိုတာ အဲဒီလို သေးငယ်တဲ့ ချစ်စရာ အပြုမူလေးတွေ ကနေပဲ လူသားအချင်းချင်း အသားအရောင် ခွဲခြားမှု မရှိ ဘာသာရေး ခွဲခြားမှုမရှိ အဆင့်အတန်း ခွဲခြားမှုတွေ မရှိဘဲ တဦးပေါ် တဦး စာနာ နားလည်မှု ပေးကြရင်းနဲ့သာ စတင်ကြရတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments