မျောက်ကုန်သည်လေး

တရံရောအခါက ရွာတရွာတွင် လူတယောက် ရောက်လာပြီး မျောက်တကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေညာသည်။

ရွာသားများလည်း မျောက်ပေါသည့် နယ်ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်း ကြသည်။ ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။

မျောက်များ အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်မဖမ်း နိုင်တော့ပေ။ ထို့နောက် ထိုလူကပင် မျောက်တကောင် ၁၀၀၀၀ ဖြင့် ဝယ်မည်ဟု ထပ်ကြေညာသည်။

ရွာသားများလည်း မျောက်များကို ခဲရာခဲဆစ် ဖမ်းရောင်းကြ ပြန်သည်။ မျောက်တွေ တော်တော်ကြီး ရှားသွားတော့မှ ရွာသားများ လက်လျှော့သည်။

ထိုလူက ဆက်ဝယ်မည် ဆို၏။ ဈေးက တကောင် ၁၅,၀၀၀ ပေးမည်။ မျောက်များ ရှားသွားလိုက် သည်မှာ ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင် ဖြစ်သွားသည်။

နောက်ဆုံး ထိုလူက ထပ်ကြေညာသည်။ မျောက်တကောင် ၅၀,၀၀၀ ပေးမည်တဲ့။ သို့သော် သူ ခရီးသွားစရာ ရှိသဖြင့် အရောင်းအဝယ် ကိစ္စကို သူ့လက်ထောက်နှင့်လုပ်ရန် မှာသွားသည်။

ထိုလူ ခရီးသွားသော် လက်ထောက်က ရွာသားများကို ပြောသည်။ "ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်း ရှာမတွေ့တော့ဘူး ဆိုတော့ ကျွန်တော် ဂွင်တခု ပေးမယ်။

ကျွန်တော့်ဆရာ ဝယ်ထားတဲ့ မျောက်တွေ တွေ့တယ် မဟုတ်လား။ ကျွန်တော် ခင်ဗျားတို့ကို တကောင် ၃၀၀၀၀ နဲ့ ပြန်ရောင်းပေးမယ်။ ဆရာပြန်လာမှ သူ့ကို ခင်ဗျားတို့ ၅၀၀၀၀ နဲ့ ရောင်းပေါ့။ ၂၀၀၀၀ တောင်မှ မြတ်မှာနော်။ ခင်ဗျားတို့ကို စေတနာ ရှိလို့ အကြံပေး တာပါ"

ရွာသားများလည်း ရှိသမျှ ပိုက်ဆံ ထုတ်ပြီး တိုးဝှေ့ ဝယ်ကြရာ မျောက်တကောင်တောင် မကျန်ချေ။ ထိုနေ့မှ စ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို ထပ်မတွေ့ရတော့ပဲ ဘယ်နေရာ ကြည့်ကြည့် တွေ့ရသည်မှာ မျောက်များသာ ဖြစ်လေသည်။

လူတယောက်ဟာ မရသင့်တဲ့ ပစ္စည်းကို လောဘ ကပ်နေပြီ ဆိုရင် ထိုသူ အလိမ်ခံရဖို့ နီးစပ်နေပါပြီ။ သတိသာ ထားဖို့ ပြင်ပေတော့။ ဘာလို့လဲ ဆိုရင် လူလိမ်တွေက လောဘနဲ့ မျှားပြီး ကတုံးပေါ် ထိပ်ကွက်တတ်လို့ ပါပဲ။ funny pc

Post a Comment

0 Comments