တခါတုန်းက လူတယောက်သည် မျောက်တကောင်ကို ဆွဲပြီး စားသောက်ဆိုင်ထဲ ဝင်လာသည်။ ထိုသူသည် အရက်တလုံး မှာသည်။ စားစရာ ကြက်ကြော်နှင့် မြေပဲကြော် မှာသည်။ အရက်ကို ဇိမ်ခံပြီး သောက်နေသည်။
ထိုသူ အရက်သောက် နေစဉ် မျောက်က အငြိမ်မနေပါ။ နေရာအနှံ့ လျှောက်သွားသည်။ တွေ့ရာကို ကောက်စားသည်။ ဆိုင်ရှင်က အရက်သောက် နေသည့် မျောက်ရှင်ထံ လာသည်။ "ဒီမှာခင်ဗျာ ခင်ဗျား မျောက်က တွေ့ကရာ ကောက်စားနေတယ်"
"အဲဒီတော့"
"တင်းနစ်ဘောလုံး ကိုတောင် ကောက်စားလိုက် တယ်ဗျာ"
"ကိစ္စမရှိပါဘူး၊ သူ့စားသမျှ ကျွန်တော် ရှင်းမယ်။ စားသောက် ပြီးရင် အားလုံး ထည့်ပေါင်းလိုက်"
ထိုသူက စားသောက်ပြီးလျှင် "ရှင်းမယ်ဟေ့" ဟု ပြောလိုက်ရာ ဆိုင်ရှင်က ပြေစာ လာပြသည်။ "မျောက်စားထားတာတွေ ပါသလား"
"ထည့်တွက်ထားတယ်" ထိုသူက ငွေရှင်းပြီး အေးအေးဆေးဆေး ထွက်သွားသည်။
နောက် သုံးရက်ခန့် အကြာတွင် ထိုလူနှင့် မျောက် ပြန်ရောက်လာသည်။ ထုံးစံအတိုင်း အရက်နှင့် အမြည်းတွေကို မှာသည်။ မျောက်ကို လွှတ်ပေးလိုက်သည်။
မျောက်က ဆိုင်ကို ပတ်ကြည့်သည်။ ယခုတခေါက် မျောက်က တွေ့ရာကို ကောက်ဆွဲမစား။ ဟိုကြည့် ဒီကြည့် လုပ်နေသည်။ ဆိုင်ရှင်က အရက်သောက်နေသူထံ လာပြီး
"ဆရာကြီးမျောက်က ဒီတခေါက်တော့ တွေ့ရာကို ဆွဲမစားတော့ ပါလားဗျ။ သူစားမယ် လုပ်ရင် ကိုင်ကြည့်တယ်၊ ပြီးရင် ပြန်ချထားတယ်။ ဆရာကြီး တော်တော်လေး ပညာပေးထားပုံ ရတယ်"
"ကျွန်တော် ဘာမှ မလုပ်ဘူးဗျ။ ဒါပေမဲ့ ပြီးခဲ့တဲ့ တခေါက်က ဒီကောင် တော်တော်လေး နောင်တ ရသွားတယ်"
"ဟုတ်လား ဘာများပါလိမ့်"
"သူ့ပါးစပ်နဲ့ မဆန့်မပြဲ အလုံးကြီးကို ကောက်သွင်းလိုက် တာလေ"
"ဪ၊ တင်းနစ်ဘောလုံးကို မျိုလိုက်တာလား"
"ဟုတ်ပ၊ ပါးစပ်နဲ့ မဆန့်တာကို အတင်း ဖြဲထည့်ထားတော့ အဲဒီကောင် ဖင်ကနေ ပြန်ထွက်ဖို့ မချိမဆန့်ကို ခံလိုက်ရတာ။ နှစ်ရက်လောက် စအိုဆို့ပြီး သေမလို ဖြစ်နေတာ မနည်း ဆွဲထုတ်ပေးထား ရတာ။
ဒါကြောင့် ခုဆို သူစားမယ် ဝါးမယ် ဆိုရင် သူ့ပါးစပ်ထက် သူ့စအိုနဲ့ တန်တဲ့ ဟာလောက်ကိုပဲ ချိန်ဆနေတာ။ ဒါကြောင့် ဒီကောင်တွေ့ရာ ကောက်မစားရဲတော့ဘူး"
မှန်သည် မျောက်က သူ့သခင်ဝိုင်းကို ရောက်လာသည်။ သခင် လှမ်းပေးသည့် မြေပဲစေ့ကို ယူလိုက်သည်။ မြေပဲစေ့ကို ကြည့်လိုက် ဖင်ကိုစမ်းလိုက် လုပ်သည်။ အတော်လေး ဆဝါးပြီးမှ ပါးစပ်ထဲ ကောက်ထည့်သည်။ မျောက် နောင်တ ရသွားသည်။ တင်ညွန့်
0 Comments