မိကျောင်းနှင့် မျောက်

တခါက မိကျောင်း တကောင်ဟာ သူအစာရှာတဲ့ မြစ်ကမ်းနားမှာ ရှိတဲ့ ရေသဖန်းပင် ပေါ်က မျောက်ကလေး တကောင်နဲ့ မိတ်ဆွေ ဖြစ်နေကြပါသတဲ့။ မျောက်ကလေးဟာ အစာရှာပြီး မြစ်ကမ်းနားမှာ အနားယူလေ့ ရှိတဲ့ မိကျောင်းကို သူနေထိုင်ရာ သဖန်းပင်ပေါ်က သဖန်းသီးတွေကို မိကျောင်းအတွက် ခူးပြီး ခြွေချပေးလေ့ ရှိပါတယ်။

မျောက်ကလေး ခြွေချပေးတဲ့ သဖန်းသီးတွေကို မိကျောင်းက ကျောပေါ် တင်သွားပြီး သူ့ရဲ့မယားဖြစ်သူ မိကျောင်းမကို ကျွေးလေ့ ရှိပါတယ်။ မိကျောင်းမဟာ သဖန်းသီးတွေကို စားတိုင်း ချိုလိုက်တာ ဆိုပြီး အမြဲ ချီးကျူးလေ့ ရှိပါတယ်။

တနေ့မှာတော့ မိကျောင်းမဟာ မိကျောင်းထီးကို ပြောပါတယ်။ "ရှင်ယူလာပေးတဲ့ သဖန်းသီးတွေက ချိုလိုက်တာနော်၊ ဒါပေမယ့် ဒါလေးတွေကို စားရတာနဲ့တင် မတင်းတိမ်နိုင်ဘူး။ သဖန်းပင်ပေါ်က သဖန်းသီးတွေကို နေ့တိုင်း စားနေတဲ့ မျောက်ရဲ့ အသဲက ပိုတောင် ချိုအုံးမှာ။ ကျုပ်ကို သဖန်းပင်ပေါ်က မျောက်အသဲ စားရအောင် ယူလာခဲ့ပေးပါလား" ဆိုပြီး မျောက်သား စားဖို့ ပူဆာပါတော့တယ်။

မိကျောင်းထီးက မျောက်ကလေးနဲ့ မိတ်ဆွေ ဖြစ်နေတာမို့ မျောက်ကို မစားစေချင် ပေမယ့် မိကျောင်းမက မကြာခဏ ပူဆာလေ့ ရှိတာမို့ နောက်ဆုံးမှာတော့ မငြင်းရက်ပဲ မျောက်ရဲ့ အသဲကို ယူလာပေးမယ် လို့ ကတိပေးခဲ့ရ ပါတယ်။ အဲဒီလိုနဲ့ မိကျောင်းက မြစ်ကမ်းနားမှာ အစာရှာထွက်ရင်း မျောက်ကလေးကို ဘယ်လို လိမ်ခေါ်သွားရမလဲ စဉ်းစားပါတယ်။

မိကျောင်းက မျောက်ကလေးကို စကားပြော လိုက်ပါတယ်။ "မျောက်ကလေးရေ မင်းပေးတဲ့ သဖန်းသီးတွေကို စားပြီး မိကျောင်းမက မင်းကို တွေ့ချင်လို့ အိမ်လည် လိုက်ခဲ့ပါ လို့ မှာလိုက်တယ်။ အဲဒါ မင်း ငါ့ကျောပေါ်က နေပြီး အိမ်လည် လိုက်ခဲ့ပါအုံးလား" လို့ မေးလိုက်ပါတယ်။

မျောက်ကလေးကလည်း ခင်မင်ရင်းစွဲ ရှိသူမို့ ယုတ်မာတဲ့ အကြံကို မရိပ်မိဘဲ ပြန်ဖြေလိုက် ပါတယ်။ "အော် မိကျောင်းရဲ့ အိမ်က ရေလည်ခေါင် မှာလား။ ကျုပ်က ရေမကူးတတ်တော့ ရေထဲ ပြုတ်ကျမှာတော့ ကြောက်သဗျ"

အကြံရှိတဲ့ မိကျောင်းဟာ "ဟာ စိတ်မပူပါနဲ့ အဆွေမျောက်ရဲ့ ကျုပ် ကျောပေါ် ကနေသာ လိုက်ခဲ့ပါ။ ခင်ဗျား ရေထဲ ပြုတ်မကျအောင် ကျုပ်ထိန်းထားပေးပါ့မယ်" လို့ အာမခံ လိုက်ပါတယ်။

ယုံကြည်သွားတဲ့ မျောက်ကလေးဟာ မိကျောင်းမဆီ လိုက်ဖို့ သဘောတူလိုက်သတဲ့။ အဲဒီလိုနဲ့ မျောက်ကလေးဟာ မိကျောင်းကျော ပေါ်မှာ လိုက်ပါလာရင်း ရေလည်ခေါင် ရောက်လာပါတော့တယ်။ မျောက်ကလေးဟာ မသင်္ကာ တာကြောင့် မိကျောင်းထီးကို လှည့်ပတ်မေးရင်း ရေလည်ခေါင် အရောက်မှာ မိကျောင်းဆီက စကားနှိုက်လို့ ရသွားပါတယ်။

"ဟုတ်တယ် အဆွေမျောက်ရေ၊ ကျွန်တော့်မိန်းမ မိကျောင်းမဟာ ကိုယ်ဝန်ဆောင်မို့ သူက အဆွေမျောက်ရဲ့ အသဲကို စားချင်စိတ် ဖြစ်နေတာမို့ မငြင်းရက်တာကြောင့် ခင်ဗျားကို ခေါ်လာရတာပါပဲ"

လို့ ရေလည်ခေါင် အရောက်မှာ ပြန်မပြေးနိုင်တော့ဘူး အထင်နဲ့ ဝန်ခံလိုက်ပါသတဲ့။ အဲဒီအခါမှာ မျောက်ကလေးဟာ အကြံထုတ်ပြီး ချက်ချင်းပဲ မိကျောင်းကို ပြုံးရွှင်စွာ ပြန်ပြောလိုက်ပါတယ်။

"အော် အဆွေ မိကျောင်းရယ် မိတ်ဆွေချင်းပဲ အစောကြီးထဲက ခုလို ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ရသားနဲ့။ ကျုပ်အသဲကို စားချင်ရင် ကျုပ်ထည့်ပေးလိုက် မှာပေါ့ဗျာ။ ခုတော့ ရေလည်ခေါင်ကျမှ ပြောတယ်။ သဖန်းပင်ရှိရာ ပြန်လှည့်မှ ရတော့မယ်။ ကျုပ်အသဲကို ကျုပ်က ရေသဖန်းပင် ပေါ်မှာ ချိတ်ခဲ့တာဗျာ။ လာ ခုပဲ သဖန်းပင်ပေါ်က အသည်းကို သွားပြန်ယူကြ ရအောင်"

မျောက်ကလေးရဲ့ စကားကို ကြားတော့ တုံးအတဲ့ မိကျောင်းထီးဟာ "ဟာ တကယ်လား။ အဲလိုမှန်း သိရင် ကျုပ် အစောကတည်းက ပြောပါတယ်ဗျာ။ အခု ဘယ်လို လုပ်မတုန်း" လို့ မေးပါတယ်။ အကြံပိုင်တဲ့ မျောက်ဟာ

"အော် ဘယ်လို လုပ်မတုန်း သဖန်းပင် ရှိရာ ပြန်လှည့်ပေးတော့ဗျိုး။ ကျုပ်ကို စောစောက ပြောရင် ကျုပ်အသဲချည်း သက်သက် ခင်ဗျားကို ထည့်ပေးလိုက်တာပေါ့။ ခုတော့ ပြန်ယူမှ ရတော့မယ်လေ"

မျောက်ကလေးရဲ့ စကားကို ကြားတော့ မိကျောင်းထီးဟာ မျောက်ကလေးကို သဖန်းပင် ရှိရာဆီ ပြန်ပို့ပေးလိုက် ပါတယ်။ မျောက်ကလေးဟာ "မိတ်ဆွေကြီးရေ ခဏလေးစောင့်နော်၊ ကျုပ်အသဲကို အပင်ပေါ် တက်ယူပြီး ပြန်ဆင်းလာခဲ့ပါ့မယ်" လို့ ပြောပြီး သဖန်းပင်ပေါ် ပြေးတက်သွားကာ ပြန်ဆင်းမလာ တော့ပါဘူး။

မိကျောင်းထီးဟာ သဖန်းပင်အောက်က နေပြီး မျောက်ကလေးကို "အဆွေမျောက်ရေ အသဲယူပြီးရင် ပြန်ဆင်းလာ ခဲ့တော့လေ" ဆိုတဲ့အခါ မျောက်က ပြန်ပြောလိုက်ပါတယ်။

"ဟယ် မိကျောင်းယုတ်၊ နင့်အပေါ်မှာ မိတ်ဆွေကောင်း အဖြစ် နေခဲ့တဲ့ ငါ့ကိုတောင် ယုတ်မာတဲ့ နင့်ကို ငါက အကြံသုံးပြီး ကလိမ် ကျလိုက်တာဟဲ့။ ဒီတသက် နင့်လို မိတ်ဆွေယုတ်မျိုးကို ဘယ်တော့မှ အဆက်အဆံ မလုပ်တော့ဘူး" လို့ ပြတ်သားစွာ ပြန်ပြောလိုက် ပါတော့တယ်။

ဒီပုံပြင်လေးကနေ မိတ်ဆွေကောင်းအဖြစ် ကိုယ်က နေပေးပေမယ့် ကိုယ့်အပေါ် ပြန်ပြီး မိတ်ဆွေကောင်း မဖြစ်နိုင်တဲ့ သူမျိုးတွေလည်း ရှိနိုင်တယ် ဆိုတာကို သင်ခန်းစာ ပေးထားပါတယ်။ လူ့လောကမှာ ကျင်လည်တဲ့အခါ လူအမျိုးမျိုး စိတ်အထွေထွေမို့ လူတိုင်းကို သံသယနဲ့ မဆက်ဆံသင့် ပေမယ့် လူတိုင်းကိုလည်း အလုံးစုံ မျက်လုံးမှိတ် ယုံကြည်လို့ မဖြစ်နိုင်ပါဘူး။ Crd

Post a Comment

0 Comments