ငွေမရှိရင် မျက်နှာငယ်တယ်

ငွေမရှိရင် သူစိမ်းမပြောနဲ့ အမျိုးတွေ ကြားမှာတောင် မျက်နှာငယ်ရတယ်တဲ့။ ဟုတ်ပါတယ်လေ။ ငွေဆိုတာ ဒုတိယဘုရားသခင်ပဲ။ ငွေရှိရင် လူရာဝင်တယ်။ ငွေမရှိတော့ အထင်သေး ခံရတယ်။

ငွေရဖို့ တခုအတွက်နဲ့ ဘာမဆို လုပ်ရဲကြတဲ့ သတ္တိခဲလေး တွေပေါ့။ ငွေရှိရင် ၈၉ ရာခိုင်နှုန်း ပြည့်စုံကြတယ်လေ။ လူတချို့က ငွေရှိရင် ပေါင်းမယ်။ ငွေမရှိတော့ရင် ဂျောင်းမယ် ဆိုတဲ့ လူတွေပေါ့။ ငွေကိုသာ ခင်ကြတာ လူကို မခင်ကြ ဘူးလေ။

ငွေရှိတဲ့ သူတွေကို အထင်ကြီး လေးစားကြတယ်။ ငွေရှိသူက အမှန်ပဲ၊ ဘာမှ လာမပြောနဲ့ တဲ့။ မျက်နှာမွဲတွေ အတွက် ကတော့ ငွေရဲ့ ပြုစားခြင်းကို ခံနေရအုံး မှာပေါ့။

စကားပြောတဲ့ သက်မဲ့လေးရေ၊ မင်းက တို့အတွက်တော့ ဒုတိယ ဘုရားသခင် ပါပဲကွယ်။ ငါ ရှာနေတာ မင်း ပါ။ မင်းကတော့ ဘယ်တွေ လျှောက်သွားနေလဲ မသိ။ ငါ့မှာတော့ ငွေရဖို့ အတွက်နဲ့ ကြိုးစားလိုက်ရတာ။ အသက်တွေတောင် ဘယ်လို ကြီးသွားလဲ မသိ။

မင်းကို ရှာရတယ် မလွယ်ဘူးကွယ်။ တူတူပုံတမ်း များ ကစားနေသလား မှတ်ရတယ်။ ငါမှာတော့ မင်းကြောင့် အချိန်တွေ အများကြီး ဆုံးရှုံးလိုက် ရပြီး။ ငါ့အနားမှာ မင်းနေပါ စကားပြောတဲ့ သက်မဲ့လေးရေ။

တချို့ဆိုရင် ငွေနောက်လိုက်ရင် ဘဝတွေ ပျက်ခဲ့ ရပြီးကွယ်။ ငွေရဲ့ ကြေးသား အဖြစ်နဲ့ ရောက်မှန်းမသိ ရောက်ကုန် ကြတယ်။ ငွေဆိုတာ ကြားခံဝတ္ထုလေး တခုထက် မပိုဘူးဆိုတာ မေ့နေရော့သလား ကွယ်။

ငွေကြောင့်ပင် ပျော်ခဲ့ရတယ်။ ငွေကြောင့်ပင် ငိုခဲ့ရတဲ့ ရက်တွေ မနည်းတော့ဘူးနော်။ ငွေဆိုတာ ကိုယ်နဲ့ ထိုက်မှ ကိုယ်ရတာပါ။ ငွေကို သုံးတတ်ရင် ကိုယ့်အတွက် သုခပေါ့။ မသုံးတတ် ရင်တော့ ဒုက္ခပေါ့ကွယ်။

ငွေဆိုတာ အဆိပ်ပြင်းတဲ့ မြွေတကောင်လိုပဲ။ ကိုင်တွယ်တတ်မှ၊ မကိုင်တတ်ရင် မြွေကိုက်ပြီး သေရတတ်တယ်။ ငွေကို ရှာတဲ့ အခါ သတိထား ရမယ်။ ကိုယ်ကပဲ ငွေကို အမိန့်ပေးမယ်။ ငွေက ကိုယ့်ကို အမိန့်မပေးစေနဲ့။

အသက်မရှိတဲ့ ငွေစက္ကူလေးကြောင့် အသက်ရှိတဲ့ ကိုယ့်ဘဝကို မလဲလိုက် ပါနဲ့ကွယ်။ မထိုက်တန်လို့ ဆိုတာ နားလည်သင့်တယ်။ ငွေရှိအောင်တော့ ကြိုးစားရမယ်နော်။ တချို့ကိစ္စတွေက ပါးစပ်လေးနဲ့ မပြီးဘူးလေ။

ငွေနဲ့ ကိုင်ပေါက် လိုက်ရမှ ပြီးဆုံးသွားမယ့် ကိစ္စတွေ အများကြီးပဲကွယ်။ ငွေမရှိရင် ကိုယ်တယောက်ထဲ မျက်နှာငယ်တာ မဟုတ်ဘူး။ ကိုယ့်နောက်က လူတွေပါ မျက်နှာငယ် ရတယ်။ ငွေဆိုတာ သက်မဲ့တခုပါပဲ။ လူ့လောက်တော့ တန်ဖိုး မရှိပါဘူး။

ငွေကို ရေလို သုံးနိုင်တဲ့ နေ့ကျရင်တော့ အောက်ခြေလွတ်ပြီး ဘုရား တရားတော့ မမေ့ပါစေနဲ့ နော်။ ဘဝ မြင့်ပြီး၊ ဘဝင် မမြင့်လိုက် ပါနဲ့ကွယ်။ ငွေရှိလာရင် မကောင်းမှုတွေနဲ့ ပျော်မနေပါနဲ့။ ကောင်းမှုတွေနဲ့ ပျော်နိုင်အောင် ကြိုစားနိုင်ပါစေ။ ဘုန်းမြတ်သူ

Post a Comment

0 Comments