မာနကြီးသော ပန်းပုဆရာ

တခါတုန်းက အလွန်တော်တဲ့ ပန်းပုဆရာ တယောက် ရှိခဲ့တယ်။ သူ့ရဲ့ ပန်းပုပညာဟာ အစစ် နဲ့တောင် ခွဲဖို့ ခက်ခဲအောင် လက်ရာ မြောက်လှတယ်။

ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက် တခုကို ၃ ရက် ဆက်တိုက် မက်တယ်။ အိပ်မက်ထဲမှာ သေမင်းက နောက် ၁၅ ရက် အကြာမှာ သူ့ကို လာခေါ်မယ် လို့ ပီပီသသ ပြောသွားတာမို့ ပန်းပုဆရာဟာ အရမ်း တုန်လှုပ် နေတယ်။

အဲဒါနဲ့ ပန်းပုဆရာဟာ သူနဲ့ ပုံစံတူ ရုပ်တုတွေ နေ့မနား ညမနား ထုလုပ် နေလိုက်တာ သေမင်း လာခေါ်မယ့် နေ့မှာတော့ ပန်းပု ရုပ်ဟာ (၉) ရုပ် ထုပြီးသွားတယ်။ သူဟာ ပန်းပုရုပ်တွေ ကြားထဲ ဝင်ပုန်းနေ လိုက်တယ်။

သေမင်းဟာ သူပြောတဲ့ အတိုင်း ရောက်လာချိန် မှာတော့ ပန်းပုဆရာ (၁၀) ယောက်ကို မြင်လိုက် ရပြီး ပန်းပုဆရာလား၊ ရုပ်ထုလား၊ ခွဲခြား မရတဲ့ အတွက် အတော် အကြပ်ရိုက် သွားတယ်။

ပန်းပုဆရာ ကိုလည်း စိတ်ဆိုးဆိုးနဲ့ ထွက်လာဖို့ ပြောပေမယ့် ပန်းပုဆရာက မလှုပ်မယှက် ဟန်ဆောင် ထားနိုင်တဲ့ အတွက် အရာ မရောက်ဘူး။ ခဏကြာတော့ သေမင်းက စကားတခွန်း ပြောလိုက်တယ်။

"သင့်ရဲ့ ဒီပန်းပုရုပ်တွေဟာ တကယ့်ကို အသက်ဝင် ပါတယ်။ ဒါပေမယ့် အားနည်းချက် တခု ရှိနေတယ်" တဲ့။

ထိုအခါ ပန်းပုဆရာဟာ သူ့ပညာ အပေါ် ဝေဖန်လိုက်တဲ့ "အားနည်းချက်" ဆိုတဲ့စကား ကို မခံမရပ်နိုင်ဖြစ်သွားတယ်။ ဒါကြောင့် ရုပ်ထုတွေ ကြားထဲက "ဝုန်း" ကနဲ ထွက်ပြီး မေးလိုက်တယ်။ "ဘာ အားနည်းချက်လဲ။ ဘယ်မှာလဲ ပြစမ်းပါ"

ထိုအခါမှာတော့ သေမင်းက ရီမောပြီး "အားနည်းချက်က မင်းရဲ့ မာန ပဲ" ပြောလိုက်ကာ ပန်းပုဆရာကို ခေါ်ဆောင်သွား ပါတော့တယ်။

ပန်းပုဆရာရဲ့ ရုပ်ထုတွေဟာ အားလုံး ပြောစရာ မရှိအောင် ပြည့်စုံ ကောင်းမွန်လှ ပါတယ်။ ဒါပေမဲ့ ပညာအပေါ် ထားတဲ့ မာန ဒေါသကို မချုပ်တည်းနိုင် ခဲ့တာကြောင့် သေမင်းရဲ့ ခေါ်ဆောင်ခြင်းကို ခံလိုက်ရတယ်။

လူတယောက်ဟာ ပညာတွေ ပြည့်စုံလွန်း နေခဲ့ရင်တောင် ဒီပညာအပေါ် ထားရှိတဲ့ မာန်မာန၊ ဒေါသတွေကြောင့် တနေ့နေ့ ကျရှုံး သွားနိုင်ပါတယ်။ Crd

Post a Comment

0 Comments