အချစ်ဆိုတာ တောင်လိုပါ

အမျိုးသမီး တယောက်ဟာ သူမရဲ့ ပြသနာတွေကို သူ့ဆရာဆီမှာ ရင်ဖွင့်ပါတယ်။ "ဆရာ ကျမ နုပျိုလှပခဲ့စဉ် တုန်းက ကျမထက် အသက်ကြီးတဲ့ အမျိုးသား တယောက်နဲ့ အိမ်ထောင်ကျ ခဲ့တာ ဆရာ အသိပါ။

အိမ်ထောင်ကျခါစ တုန်းက ကျမ အမျိုးသားဟာ အင်မတန် အားကိုးထိုက်တဲ့ သူလို့ ခံစား ခဲ့ရတယ်။ ကျမ သူ့အပေါ် အထင်တကြီးနဲ့ အားကိုး ချစ်ခင်ခဲ့တယ်။

ဒါပေမဲ့ နှစ်တွေ ကြာမြင့် ပြောင်းလဲ လာတော့ ကျမရဲ့ စိတ်တွေ ပြောင်းလဲ လာခဲ့တယ်။ သူ့မှာ အားကိုးချင်စရာ ဘာမှ မရှိဘူး။ အထင်ကြီးစရာတွေ မကျန်တော့ဘူး။ ကျမကို အရင်လို စိတ်ကို မကြည်လင် စေတော့ဘူး။

ပျော်ရွှင်မှု မပေးနိုင်တော့ဘူး။ အဲ့ဒါ ဘာကြောင့်ပါလဲ ဆရာ။ အိမ်ထောင်ကျတယ် ဆိုတာ အချစ်ရဲ့ သင်္ချိုင်းလေလား။ အိမ်ထောင် ကျသွားရင် သမီး ရည်းစားဘဝက အချစ်တွေက ကုန်ဆုံးသွားတတ်လား"

သူမပြောတာ နားထောင်ပြီးတော့ သူ့ဆရာက "ဆရာ့နောက်ကို ခဏလိုက်ခဲ့" ဆိုပြီး သူမကို တောင်ကြီး တလုံးကို မြင်နိုင်တဲ့ နေရာ ခေါ်သွားပြီး တောင်ကြီးကို လက်ညိုး ထိုးပြပြီးတော့ မေးတယ်။ "အဲ့ဒီ တောင်ကြီးကို ကြည့်စမ်း။ ဘယ်လို မြင်လဲ"

"ကြီးမားပြီး လှပခန့်ငြားပါတယ်။ မြင်ရတာ စိတ်ကြည်လင် လန်းဆန်း စေပါတယ်" လို့ သူမက ပြန်ဖြေတယ်။ "ကဲ လာ ဆရာနဲ့ တောင်ပေါ် တက်ကြည့်ကြစို့" ဆိုပြီး တောင်ပေါ်ကို နှစ်ယောက် လှမ်းတက် သွားကြတယ်။ လမ်းတလျှောက်လုံး စကားတခွန်းမှ မပြောဖြစ်ပါဘူး။ တောင်ကိုသာ တက်ပြီးရင်း တက်နေတော့တယ်။

သူမဟာ တဖြေးဖြေး မောပန်းလာတယ်။ တောင်တက်လမ်း ကလည်း ကျောက်တုံး ကျောက်ခဲတွေနဲ့ ကြမ်းတမ်းလာတယ်။ သူမနှုတ်က "မောတယ်၊ ပန်းတယ်၊ ပင်ပန်းတယ် နားချင်တယ်" စသဖြင့် အသံတွေ ထွက်လာတော့တယ်။ တောင်ထိပ်ကို ရောက်တော့ ဆရာက "ဒါ နင် စောစောက မြင်တဲ့တောင်ကြီးပဲလေ" လို့ ပြောတယ်။

ထိုအခါ အမျိုးသမီးက "ဒီတောင်ကြီးက မလှပါဘူး။ လမ်းကလည်း ကျောက်တုံး ကျောက်ခဲတွေနဲ့ ကြမ်းတမ်းလိုက်တာ။ သစ်ပင်တွေ ခြုံတွေကလည်း ရှုပ်ထွေးနေတာပဲ။ ဟိုဖက်ကတောင်က ပိုတောင် လှနေသေးတယ်" ဆိုပြီး တခြားတောင် တလုံးကို ညွှန်ပြတယ်။

ဆရာက ရယ်ပြီး "နင်တို့တွေ ချစ်သူ ဖြစ်ခဲ့ကြတုန်း ကလည်း ဒီသဘောပါပဲ။ တောင်ကို အဝေးက ကြည့်သလို လှပမှုတွေ ခန့်ညားမှုတွေပဲ မြင်ပြီး ကြိုက်ခဲ့ကြတယ်။ မင်္ဂလာဆောင်ပြီးတော့ တောင်ပေါ်ကို တက်လာသလိုပဲ။ တွေ့ရတဲ့အရာ ကြုံတွေ့ရသမျှတွေဟာ ပုံမှန် သဘာဝအတိုင်း ဘာမှထူးခြားမှု မရှိတဲ့အရာ ပင်ပန်းဆင်းရဲမှု သက်သက်လို့ ထင်လာတယ်။

တောင်ထိပ်ကို တက်လာတဲ့အခါ မျက်လုံးထဲမှာ ဒီတောင်ရဲ့အလှကို မမြင်ရတော့ဘူး။ တခြားဘေးက တောင်တွေရဲ့ အလှကိုပဲ မြင်တွေ့တော့တယ်။ တကယ်တော့ တောင်က ပြောင်းလဲမသွားဘူး။ နင်သာ ပြောင်းလဲသွားတာပါ။ နင့်စိတ်ခံစားချက် ပြောင်းလဲသွားလို့ အမြင်ပြောင်းသွားတာ။

နှစ်သက်မြတ်နှိုးမှု မရှိတဲ့အခါ တောင်ကလည်း မလှတော့ဘူးလို့ ခံစားလာရတယ်။ မနှစ်သက် လေလေ ကိုယ့်အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်စေ လေလေ ပါပဲ။ နင်ဒီနေရာမှာ ရပ်တည်နေပြီးတော့ ဘာ့ကြောင့် တခြား တောင်ကိုပဲ မြင်နေရသလဲ ဆိုရင် နင် ဒီတောင်ကြီးပေါ်မှာ တက်နင်းထားပြီး ရပ်နေလို့ပဲ။ တကယ်ဆိုရင် နင် ဒီတောင်ရဲ့ ဂုဏ်ကျေးဇူး ကိုသိရမှာ" လို့ အမျိုးသမီးကို ပြောလိုက်တယ်။

အဲ့ဒီအမျိုးသမီးရဲ့ သူ့အမျိုးသားအပေါ် ပြောင်းလဲသွားတဲ့ ဒီသဘောတရား အတိုင်းပါပဲ။ တချို့လည်း သူများ မိဘတွေ ကျတော့ ကောင်းလိုက်တာ ကိုယ့်မိဘတွေ ကျတော့ ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်လို့ အလိုမကျ ဖြစ်နေကြတဲ့ သားသမီးတွေလည်း ထိုနည်းတူပါပဲ။ ကိုယ်နဲ့ အနီးဆုံး အခင်ဆုံး သူတွေရဲ့ ကောင်းကွက်တွေကို ဘယ်တော့မှ မမေ့လိုက်မိ ပါစေနဲ့။

တနေ့နေ့ တချိန်ချိန် ခွဲခွာ ကြရစရာ အကြောင်းကြုံလာတဲ့ အခါ ကောင်းမွန်တဲ့ သတိရစရာ တွေးတိုင်း ကြည်နူးစရာအကြောင်းအရာလေးတွေ ကျန်ခဲ့ကြရလေအောင် ချစ်ကြ ခင်ကြပါ။

အကြာကြီး ပေါင်းသင်းလာ ခဲ့ကြတဲ့ ခင်မင်မှုတွေ ကိုလည်း ထိန်းသိမ်း ထားနိုင်ကြပါစေ။ မိတ်ဆွေကောင်းဆိုတာ လောကကြီးက ပေးထားတဲ့ တန်ဖိုးဖြတ်မရတဲ့ အကောင်းဆုံး လက်ဆောင် တခုပါ။ Crd

Post a Comment

0 Comments