လူပျင်းနှင့် ဝံပုလွေ

တခါက ရွာတရွာမှာ အရမ်းပျင်းတဲ့ လူပျင်းတယောက် ရှိတယ်။ ဘာအလုပ်မှ မလုပ်ပဲ အစားအသောက်တွေ အလွယ်တကူ ရဖို့ကိုသာ သူတွေးနေတတ်တယ်။

တမနက် ရွာထဲမှာ သူလျှောက်ပတ် ကြည့်နေရင်း ပန်းသီးတွေ သွားခိုးခူးမယ် လို့ သူတွေးလိုက်တယ်။ သူပန်းသီးတွေ ခိုးခူးပြီး မကြာခင်မှာပဲ လယ်သမား တယောက်က သူ့ကိုမြင်သွားပြီး သူ့ကိုဖမ်းဖို့ ရောက်လာခဲ့တယ်။

ကိုလူပျင်းလည်း ကြောက်လန့်စွာနဲ့ နီးစပ်ရာ တောအုပ်ထဲကို ဝင်ပြေးခဲ့တယ်။ တောထဲမှာ လမ်းလျှောက်နေချိန် ခြေနှစ်ဖက်သာရှိတဲ့ ဝံပုလွေကို သူမြင်ခဲ့တယ်။ ခြေနှစ်ဖက်ပဲ ရှိတဲ့ ဝံပုလွေ ဘယ်လိုများ အစာရှာစားလဲ လို့ ကိုလူပျင်းလည်း သိချင်သွားတယ်။

ဝံပုလွေခမျာ ပြေးလည်း မပြေးနိုင်၊ အစာလည်း ရှာမစားနိုင်၊ အခြားတိစ္ဆာန်တွေရဲ့ အန္တရာယ်ကိုလည်း ကြောက်ရ သေးတယ်။ ဒါပေမယ့် ဝံပုလွေ ကတော့ သူ့နေရာလေး တဝိုက်မှာ ပျော်ရွှင်စွာနဲ့ တွားသွားနေ သတဲ့။

အဲ့ဒီအချိန် ပါးစပ်ထဲမှာ အသားတွေ ကိုက်ထားတဲ့ ခြင်သေ့တကောင် ဝံပုလွေဆီ ချဉ်းကပ်လာတာကို ကိုလူပျင်း တွေ့သွားတယ်။ ကိုလူပျင်းလည်း ခြင်္သေ့ရန်ကို ကြောက်လို့ သစ်ပင်ပေါ် တက်ပုန်းခဲ့ ပေမယ့် ဝံပုလွေ မှာတော့ ခြေနှစ်ဖက်ပဲ ရှိလို့ သူ့နေရာမှာပဲ သူနေနေခဲ့တယ်။

ဒါပေမယ့် ခြင်္သေ့က ဝံပုလွေကို စားဖို့အတွက် အသားတွေ ချန်ပေးခဲ့တာကို ကိုလူပျင်း သေချာ ကွက်ကွက်ကွင်းကွင်း တွေ့လိုက်ရတယ်။ ကိုလူပျင်း စိတ်ထဲမှာ ဒါဟာ ဘုရားသခင် ဖန်ဆင်းထားတာ လို့ တွေးထင်သွားတယ်။

ဘုရားသခင်ဟာ လူသားတွေ အတွက် တခုခုတော့ စီစဉ်ပေးထားမှာပဲ လို့ ကိုလူပျင်း ကောက်ချက်ချ ပြန်ပါတယ်။ သူ့အတွက်လည်း ဘုရားသခင်မှာ အစီစဉ်တွေ ရှိမှာပဲလို့ တွေးပြီး ထိုနေရာမှ ထွက်သွားကာ တယောက်ယောက် အစားအစာ လာပေးတာကို စောင့်နေခဲ့တယ်။

ကိုလူပျင်းဟာ အစားမစားပဲ စောင့်နေခဲ့တာ (၂) ရက်တောင် ကြာသွားတယ်။ နောက်ဆုံး ဗိုက်ဆာတဲ့ ဒဏ်ကို မခံစားနိုင်တော့ စားစရာ တခုခု ရှာမယ် ဆိုပြီး ရွာတဝိုက်ကို လျှောက်သွားရင်း လမ်းမှာ ပညာရှိ အဘိုးအိုကြီးနဲ့တွေ့ ဆုံခဲ့တယ်။

သူ့ရဲ့ ဖြစ်ကြောင်း ကုန်စင်ကို အဘွားအိုအား ပြောပြလိုက်တယ်။ "ပညာရှိ အဘိုးရယ်၊ ခြေနှစ်ဖက်သာ ရှိတဲ့ ဝံပုလွေ ကိုတော့ ဘုရားသခင်က သက်ညှာမှုပေးပြီး ကျွန်တော့်ကိုတော့ ဘာသက်ညှာမှုမှ မပြတာ ဘာကြောင့်များလဲ" လို့ မေးလိုက်တယ်။

ပညာရှိ အဘိုးအိုရဲ့ အဖြေက "လူသားတွေ အတွက် ဘုရားသခင်မှာ အစီအစဉ် ရှိတာအမှန်ပဲ။ မင်းဟာလည်း သူ့ရဲ့ အစီအစဉ် အစိတ်တပိုင်း တခုဖြစ်တယ်။ ဒါပေမယ့် သား၊ မင်းက သူပြောချင်တဲ့ အဓိပ္ပာယ်ကို တလွဲ ကောက်တွေးလိုက်တာပဲ။ ဘုရားသခင်က မင်းကို ဝံပုလွေလို မဖြစ်စေချင်ဘူး။ မင်းကို ခြင်္သေ့လို ဖြစ်စေချင်တာပဲ" တဲ့။

လူသားတွေဟာ မကြာခဏဆိုသလို ဘဝမှာ ကိုယ်မြင်နေရတဲ့ အရာတွေပေါ် နားလည်မှု လွဲတတ်ကြ ပါတယ်။ အရာရာတိုင်းကို အကောင်း မြင်တတ်အောင် ကြိုစားပြီး ကိုယ့်ကိုယ်ကိုလည်း စိတ်ဓာတ် ခိုင်မာအောင် ကျင့်ယူကာ အကူအညီ လိုသူတွေကို လက်ကမ်းနိုင်အောင် ကြိုးစားပါ။ လွယ်လွယ်ကူကူ ဆုံးဖြတ်ချက် မချပါနဲ့။ မှန်ကန်တဲ့လမ်းကို လျှောက်လမ်း နိုင်ပါစေ။ Crd

Post a Comment

0 Comments