ကြက်ဟင်းခါးသီးလိုလူ

တခါတုန်းက လင်မယား နှစ်ယောက် ရှိတယ်။ ယောက်ျားက ကြက်ဟင်းခါးသီး သိပ်ကြိုက်တယ်။ မိန်းမက သိပ်မကြိုက်ဘူး။ မကြိုက်တော့ သူဟင်းချက်တဲ့ အခါ ကြက်ဟင်းခါးသီး ချက်လေ့ မရှိဘူး။

ယောက်ျားက ကြိုက်တော့ သူကိုယ်တိုင် မီးဖိုချောင်ဝင်ရင် ကြက်ဟင်းခါးသီး ဟင်းက ပါကို ပါတယ်။ ကြက်ဟင်းခါးသီး စားရင် ကောင်းတယ်လို့ ယောက်ျားက အမြဲ ပြောတယ်။

မိန်းမမီးဖိုချောင်ဝင်လို့ ကြက်ဟင်းခါးသီးဟင်း မပါရင် ယောက်ျားက အပြစ် မပြောဘူး။ မချက်ရ ကောင်းလား လို့လည်း မဆူဘူး။ ကြက်ဟင်းခါးသီး စားရင် ကောင်းတယ် လို့ပဲ ပြောတယ်။

ကလေး ရလာတော့ ကလေးကလည်း ကြက်ဟင်းခါးသီး မကြိုက်ဘူး။ ဒါပေမဲ့ အမေနဲ့ ဈေးသွားတဲ့ အခါ "မေမေ ကြက်ဟင်းခါးသီး ဝယ်ပါ။ ဖေဖေ ကြိုက်တယ်" လို့ ပြောတတ်တယ်။

တနေ့မှာ မိန်းမက မီးဖိုချောင် ဝင်တယ်။ အသားနဲ့ ငရုတ်ပွကို သူကြော်ပြီး သားနဲ့ သူ့အတွက် ဟင်းတဝက်ကို အရင် ဖယ်ထားလိုက်တယ်။ ကျန်တဲ့ တဝက်ထဲ ကြက်ဟင်းခါးသီး ရောထည့် ကြော်တယ်။ ယောက်ျားအတွက်ပေါ့။

ဒါကို ယောက်ျားက တွေ့တော့ ဘာလို့ ခွဲကြော်သလဲ မေးတယ်။ "သားက ကြက်ဟင်းခါးသီး မကြိုက်တော့ အတူ ရောကြော်ရင် အသားတွေပါ ခါးသွားမှာ စိုးလို့" လို့ မိန်းမက ပြောတယ်။ မိန်းမပြောတာကို နားထောင်ပြီး ယောက်ျားက ရယ်တယ်။

အဲဒီနောက် ယောက်ျားက ပြောတယ်။ "ကြက်ဟင်းခါးသီးဟာ ဘာနဲ့ ရောကြော်ကြော် သူ့အခါးဓာတ်ကို သူနဲ့ ရောကြော်တဲ့ အရာထဲ ထည့်မပေးဘူး၊ အခါးဓာတ် ကူးမပေးဘူး။ သူက လူကြီးလူကောင်း လိုမျိုး အသီးပါ" တဲ့။

ကြက်ဟင်းခါးသီးက သူ့အခါးဓာတ်ကို သူနဲ့ ရောကြော်တဲ့ အရာထဲ ကူးမပေးဘူး ဆိုတာကို မိန်းမက ယုံတဝက် မယုံတဝက်ဖြစ်ပြီး အတူ ရောကြော်ထားတဲ့ အသားကို စားကြည့်လိုက်တာ အဲဒီအသားက ခါးမနေတာကို တွေ့ရတယ်။

ဒါကို သားက သိတော့ "ဖေဖေဟာလည်း လူကြီးလူကောင်းပါ။ သူကြိုက်တာကို မလုပ်ပေးလည်း မေမေ့ကို တခါမှ အပြစ် မဆိုခဲ့ဘူး" တဲ့။

ကိုယ့်ဒေါသ၊ ကိုယ့် စိတ်ခံစားချက်၊ အပျက်ဓာတ်၊ ကိုယ့်ရဲ့ မကောင်းတာကို ကိုယ့်ဆီမှာပဲ ချုပ်ငြိမ်းသွားစေပြီး တခြားသူကို ကူးစက် မပေးတာဟာ လူကြီးလူကောင်းပါပဲ။

လူကြီးလူကောင်းများနှင့်သာ အမြဲ တွေ့ဆုံနိုင် ကြပါစေ၊ ကိုယ်တိုင်ကလည်း လူကြီးလူကောင်းကဲ့သို့ ကျင့်ကြံ နေထိုင်နိုင် ကြပါစေလို့ ဆန္ဒပြုပါတယ်။ Crd

Post a Comment

0 Comments