အခွေဆိုင်က ကောင်မလေး

တခါတုန်းက ကင်ဆာဝေဒနာ ခံစားနေရသော ကောင်လေး တယောက် ရှိလေသည်။ ကုသ မရနိုင် သဖြင့် အသက် ၁၈ နှစ်သာ ရှိသေးသော်လည်း သေမင်းနှင့် စစ်ခင်း နေရသူ ဖြစ်သည်။ အိမ်ထဲတွင်သာ တသက်လုံး နေနေရပြီး မိခင်၏ ပြုစုမှု နှင့်သာ အသက် ရှင်သန်နေ ခဲ့ရသည်။

တခါမှ အိမ်အပြင် မထွက်ဘူး သော်လည်း တနေ့တွင် ပျင်းရိ လွန်းသဖြင့် အိမ်ပြင် ထွက်ချင်စိတ်က ကြီးစိုးလာ၏။ ထို့ကြောင့် သူ့အမေထံမှ ခွင့်တောင်းကာ အိမ်ပြင် ထွက်လာ ခဲ့သည်။ အိမ်အနီး အနားတွင် လမ်းလျှောက်ရင်း စတိုးဆိုင် များစွာကို တွေ့ရ၏။

အခွေဆိုင် တဆိုင်ရှေ့မှ ဖြတ်လျှောက်ရင်း ဆိုင်တွင်းသို့ အမှတ်မထင် ငေးကြည့်မိရာ ရပ်တန့်၍ ထပ်ငေး ရသည်အထိ ဖြစ်သွားခဲ့သည်။ ဆိုင်ထဲတွင် သူနှင့် ရွယ်တူခန့် ဖြစ်မည့် ကောင်မလေးကို တွေ့ရပြီး မြင်မြင်ချင်း ချစ်သည့် စိတ်တို့ ဖြစ်ပေါ်လာ၏။ ဆိုင်ထဲ ဝင်ခဲ့ပြီး အခွေများကို မကြည့်မိဘဲ သူမကိုသာ ငေးကြည့် နေမိသည်။

ထို့နောက် သူမ ထိုင်နေသော စားပွဲရှေ့သို့ သူ ရောက်လာခဲ့သည်။ "ဘာ အလိုရှိ ပါသလဲ ရှင့်" ကောင်မလေးက မော့ကြည့်ရင်း ပြုံး၍ မေးလိုက်သည်။

ထိုအပြုံးမှာ တသက်နှင့် တကိုယ် မြင်ဖူးသမျှတွင် အလှဆုံးဟု ထင်မိသလို နေရာမှာပင် ကောင်မလေးအား ဖက်နမ်း ချင်စိတ် ဖြစ်ရသည် အထိ ဆွဲဆောင်နိုင် လှသည်။ "အဲ ဟို၊ အခွေဝယ်မလို့"

ကြုံရာ အခွေကို ကောက်ယူရင်း ပိုက်ဆံ ထုတ်ပေး လိုက်သည်။ သူမက ချစ်စဖွယ် ပြုံးရင်း ထပ်မေး၏။ "ထုပ်ပေးလိုက် ရမလားရှင့်" သူခေါင်းညိတ် ပြလျှင် အခွေကို နောက်ဘက်ခန်းထဲ ယူသွားကာ ထုပ်ပိုးပြီးမှ ယူလာ ပေးခဲ့သည်။

သူ အခွေကို ယူကာ အိမ်ပြန် သွားခဲ့ပြီးနောက် နေ့တိုင်းပင် အခွေဆိုင်သို့ သွားကာ အခွေ တခွေ အမြဲ ဝယ်လေ၏။ ကောင်မလေးကလည်း အမြဲပင် အခွေအား စက္ကူဖြင့် ထုပ်ပေးမြဲ ဖြစ်သည်။

အခွေများကို ဘီရိုထဲ ထည့်ထားပြီး ကောင်မလေးအား အပြင် ထွက်လည်ကြရန် ခွင့်တောင်းဖို့ သူရှက့်ရွံ နေဆဲသာ ဖြစ်သည်။ သူ့အမေ သိသွားသဖြင့် ပြောသာ ပြောပါဟု အားပေးလိုက်သည်။

ထို့ကြောင့် နောက်တနေ့တွင် သူသတ္တိကို မွေးရင်း အခွေဆိုင် ဆီသို့ ထွက်လာခဲ့သည်။ အခွေ ဝယ်ပြီးနောက် ကောင်မလေး ကလည်း ထုံးစံ အတိုင်း ထုပ်ပိုး ပေးစမြဲ ဖြစ်သည်။ သူ အခွေကို ယူကာ ကောင်မလေး မမြင်ခင် သူ့ ဖုန်းနံပါတ်ကို စားပွဲပေါ် တင်ကာ ပြေးထွက် လာခဲ့သည်။

နောက်တနေ့ မနက်တွင် ဖုန်းသံ မြည်လာသဖြင့် ကောင်လေး၏ အမေက ကောက်ကိုင် လိုက်သည်။ "ဟယ်လို" ကောင်မလေး ဖြစ်ပြီး ကောင်လေး ဆီသို့ ဖုန်းဆက် လာခြင်း ဖြစ်သည်။ သို့သော် ကောင်လေး အမေမှာ ငိုရင်းနှင့် မနေ့ညကပင် ကင်ဆာ ရောဂါဖြင့် ကောင်လေး ဆုံးပြီ ဟု ပြောလာ လေသည်။

ထိုနေ့ ညနေ ပိုင်းတွင် ကောင်လေး၏ အမေမှာ သားဖြစ်သူ၏ အခန်းတွင်း ဝင်ရင်း အဝတ်အစား များကို ဘီရိုထဲမှ ထုတ်ကာ လွမ်းဆွတ်စွာဖြင့် ကြည့်မိသည်။

ဘီရိုထဲတွင် သူမ တွေ့ရသည်မှာ အထုပ်ထဲမှ မဖြည်ဖြစ်သည့် အခွေများ ပုံထပ် နေခြင်းပင်။ သူမ အခွေ တခွေကို ယူကာ ဖွင့်လိုက်သော အခါ အတွင်းမှ စာရွက်လေး တရွက် ထွက်လာ၏။

စာရွက်ကို ဖတ်ကြည့်သော အခါ "ဟေး နင့်ကို ငါ ခင်တယ်။ ငါနဲ့နင် အပြင် လျှောက်လည် ကြရအောင်။ ခင်ချင်တဲ့ သရဖီလင်း" ဟု ရေးထားသည်အား တွေ့ရလေသည်။

အမေမှာ နောက်ထပ် အခွေ တခွေကို ဖွင့်ကြည့်ရာ ထိုအတိုင်းပင် ရေးထားသော စာရွက်လေးကို တွေ့ရပြန်၏။ အမှန်မှာ ကောင်လေးထံ ကောင်မလေးက စာများ ပေးပို့ နေသည်မှာ ကြာခဲ့ ပေပြီ။

အချစ် ဆိုသည်မှာ ရှက်ခြင်း၊ ကြောက်ခြင်း၊ မာန၊ ဒေါသ၊ အတ္တများကို ဖယ်ကာ လက်ကို ဆွဲကိုင်၍ "ချစ်တယ်" ဟု ပြောခြင်း ကသာ အဓိက ကျပေသည်။ မိုးထက် (ဆေး၂)

Post a Comment

0 Comments