တခါတုန်းက ရွာတရွာမှာ ထင်ရှား ကျော်ကြားတဲ့ သင်္ချာပညာရှင်ကြီး တယောက် ရှိတယ်။ သူဟာ သင်္ချာပညာမှာ တော်လွန်းလို့ဘုရင်ကတောင် သင်္ချာဘာသာ အတွက် သူ့ကို ခေါ်ပြီး တိုင်ပင်ရတယ်။
တနေ့မှာ ရွာသူကြီးက သူ့အိမ်ကို လာလည်ရင်း ခုလိုပြောတယ်။ "ခင်ဗျားကသာ ဘုရင်ရဲ့ အတိုင်ပင်ခံလို ဖြစ်နေတာ၊ ခင်ဗျားရဲ့ သားကတော့ ရွှေနဲ့ ငွေမှာ ဘယ်ဟာက ပိုအဖိုးတန် မှန်းတောင် မသိဘူး။ ထူလိုက် အလိုက်တာ လွန်ရောဗျာ" တဲ့။
နောက်ပိုင်း မှာလည်း နေ့စဉ်ရက်ဆက် အဲဒီစကားကို ကျန်တဲ့ ရွာလူကြီးတွေ ရှေ့မှာ ပြောပြီး စနောက် နေလို့ သင်္ချာပညာရှင်ဟာ ကြာတော့ ရှက်လာတယ်။
ဒါကြောင့် ၁ဝ တန်း ကျောင်းသား ဖြစ်တဲ့ သူ့သားကို မေးတယ်။ "သား ရွှေနဲ့ငွေ ဘယ်ဟာက ပိုပြီး အဖိုးတန်သလဲ"
"ရွှေပါ အဖေ"
"ဒါဆိုရင် မင်းက ဘာလို့ ရွာလူကြီးကို ငွေက ပိုအဖိုးတန်တယ်လို့ ပြောရတာလဲ။ အဖေ့ကို မင်းဟာ ရွှေနဲ့ငွေ ဘယ်ဟာက ပိုတန် မှန်းတောင် မသိဘူးလို့ နေ့တိုင်း လာပြောနေတော့ အဖေ ရှက်တာပေါ့"
"အော် ဒီလိုလား သားရှင်းပြ ပါ့မယ်။ သား မနက် ကျောင်းသွားလို့ သူကြီးအိမ်ရှေ့က ဖြတ်တိုင်း သူကြီးက ကျနော့်ကို အိမ်ပေါ် ခေါ်တယ်။
ပြီးရင် သူက လက်ဖဝါး တဖက် ပေါ်မှာ ရွှေဒင်္ဂါး တပြားနဲ့ နောက်လက်ဖဝါး ပေါ်မှာ ငွေဒင်္ဂါး တပြားကို တင်ထားပြီး ပိုတန်ဖိုးကြီးတာကို ယူလို့ ပြောလို့ ငွေဒင်္ဂါးပြားကို ယူပြီး အိမ်ပေါ်က ဆင်းလာတယ်။
သူကြီးနဲ့ ရွာလူကြီးတွေ တဟားဟားနဲ့ ရယ်မော ကျန်ရစ်နေခဲ့ ကြတယ်။ နေ့တိုင်း သူကြီးက ရွှေနဲ့ငွေ တန်ဖိုးကြီးတာကို ရွေးခိုင်းပြီး ရယ်စရာ လုပ်နေ ကြတယ်"
"သား မင်းဟာ ရွှေက တန်ဖိုး ပိုကြီးမှန်း သိရက်သားနဲ့ နေ့တိုင်း ဘာလို့ ငွေဒင်္ဂါးတွေ ကိုပဲ ရွေးချယ်ရတာလဲ"
"အဖေ သားရဲ့ အခန်းထဲကို ခဏ လိုက်ခဲ့ပါ ပြစရာ ရှိလို့ပါ"
အဖေဟာ သူ့သားရဲ့ အခန်းထဲကို လိုက်သွားတယ်။ သားက သူ့ကုတင် အောက်က သေတ္တာ တလုံးကို ဆွဲထုတ်လိုက်ပြီး အဖုံးကို ဖွင့်ပြ လိုက်တယ်။ သေတ္တာထဲမှာ ငွေဒင်္ဂါးအပြား တရာလောက် ရှိမယ်။
သားဖြစ်သူက သူ့အဖေကို လှည့်ကြည့်ရင်း အခုလို ပြောလိုက်ပါတယ်။ "တကယ်လို့ သားသာ ရွှေဒင်္ဂါးပြားကို ရွေးချယ်လိုက်ရင် ပထမနေ့ မှာပဲ ပွဲပြီးသွား မှာပေါ့။ သူကြီးက ရွှေဒင်္ဂါးပြားကို နောက်နေ့ ဘယ်ပေးတော့ မှာလဲ" တဲ့။
တကယ့် လူလည်တွေဟာ "လူအ" လို ဟန်ဆောင်တတ် ကြပါတယ်။ သူတို့ကို "လူအ" လို့ ထင်နေကြသူ တွေကို ပိုလိမ်လို့ လွယ်ကူပါတယ်။ Crd
0 Comments