အပူစာ

ဆေးကျောင်း ဒုတိယနှစ် တက်နေတဲ့အချိန်။ ဧပြီလ ကျောင်းပိတ်လို့ ပဲခူးအိမ်ကို ပြန်နေတုန်း တနေ့မှာ ဦးလေးဖြစ်သူရဲ့ သူငယ်ချင်း ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ကို အလည် သွားဖြစ်တယ်။ အဲဒီခေတ် အဲ့ဒီအချိန်က ဆိုင်ကယ်တွေကို အောက်လမ်း ကနေ သယ်ယူလာပြီးမှ ပြန်ရောင်း ကြရတာ။

အဲ့ဒီ ဆိုင်ကယ်ရောင်းတဲ့ ဆိုင်မှာ ထိုင်နေတုန်း ဆိုင်ပိုင်ရှင်ရဲ့ ဆိုင်ကယ် ရောင်းနေတဲ့ ပုံစံကို သတိထားမိတယ်။ သူ့နာမည်က ဦးမင်း (အမည်လွှဲ) ကျွန်တော့် ဦးလေးနဲ့က ငယ်သူငယ်ချင်းတွေ။

ဦးမင်းက ဆိုင်ကယ် လာဝယ်တဲ့ သူတွေကို ဒီဆိုင်ကယ်က ဘာချို့ယွင်းချက် ရှိတယ်၊ ဒီဆိုင်ကယ်က ဘယ်အချက်တွေ မကောင်းဖူး၊ ဒီအချက် တွေတော့ ကောင်းတယ် စသည်ဖြင့် အသေးစိတ် ရှင်းပြနေတယ်။

ပထမ ကျွန်တော် ထင်နေတာက အခု လာဝယ်တဲ့သူက ဦးမင်း မိတ်ဆွေဖြစ်လို့ အသေးစိတ် ရှင်းပြနေတယ်လို့ ထင်နေတာ၊ နောက်ထပ် လာဝယ်တဲ့သူ လေးငါးယောက်ကိုလဲ အဲ့အတိုင်းဘဲ အသေးစိတ် ရှင်းပြနေတယ်။

ကျွန်တော်လည်း အံ့သြလာတာနဲ့ ဦးမင်းအနားကို ခဏသွားပြီး "ဦးမင်း အခုလို ရှင်းပြနေတော့ သူတို့က ဒီဆိုင်ကယ်ရဲ့ အားနည်းချက် တွေကို သိသွားပြီး မဝယ်တော့ရင် ဘယ်လိုလုပ်မလဲ" လို့ ခပ်တိုးတိုးလေး မေးလိုက်တယ်။

ဦးမင်းက ပြုံးပြပြီး "မင်း ဒီနေ့ အားတယ် မဟုတ်လား။ နေ့လည်စာ လမ်းထိပ်က ဆိုင်မှာ သွားစားကြမယ်။ အဲ့ဒီကျမှ ငါရှင်းပြမယ်" တဲ့လေ။

ကျွန်တော်လည်း သိချင်ဇောနဲ့ ထိုင်စောင့်လိုက်တာ နေ့လည် တနာရီ ခွဲသွားတယ်။ "ကဲ ငါတို့ လမ်းထိပ်က ထမင်းဆိုင်ကို သွားကြရအောင်" လို့ ဦးမင်းက ပြောတာနဲ့ ကျွန်တော်နဲ့ ဦးမင်း ထမင်းဆိုင်ကို သွားခဲ့ကြတယ်။ ဆိုင်ရောက်တော့ "မင်း ဘာစားမလဲ ကြိုက်တာမှာ ငါဝယ်ကျွေးမယ်" တဲ့လေ။

"ဘာမှ မစားချင်ဘူး၊ ဦးမင်း ဆိုင်ကယ်တွေကို ဘာဖြစ်လို့ အဲ့ဒီပုံစံနဲ့ ရောင်းရတာလဲ ဆိုတာဘဲ ပြောပြ" လို့ အတင်း ပူဆာမိတယ်။ သူက ပူဆာငါဆိုင်ကယ် ရောင်းဝယ်ရေး လုပ်နေတာ မင်းတို့ လူမှန်း မသိခင် ကတည်းက" တဲ့။

ဟုတ်တယ်လေ သူက ဆိုင်ကယ် ရောင်းဝယ်ရေးမှာ ဆရာတဆူဘဲ။ "ဟုတ်တယ်လေ ကျွန်တော် သိတာပေါ့ ဦးမင်း" ဆိုပြီး ပြန်ဖြေလိုက်တယ်။

"မင်း သတိထားမိလား။ မင်း ခုနစ်တန်း ရှစ်တန်းလောက် တုန်းက ငါ ဆေးရုံ ခဏခဏ တက်ရတယ်"

"သိတာပေါ့ဗျာ။ ကျွန်တော်တောင် ကျွန်တော့် ဦးလေး၊ ဦးမင်း သူငယ်ချင်းနဲ့ ဆေးရုံ လာကြည့်သေးတယ်လေ" ဆိုတော့ သူက

"ငါ ဘာဖြစ်လို့ ဆေးရုံတက်ရတယ် လို့ မင်း ထင်လဲ"တဲ့။

"ဟ ဦးမင်း ကျွန်တော်က အခုမှ ဆေးတက္ကသိုလ် ဒုတိယနှစ် လေဗျာ။ ဘယ်လိုလုပ် သိအုံးမှာလဲ" ဆိုတော့ "အေး၊ ငါ အပူစာတွေ စားမိလို့" တဲ့လေ။ "ဗျာ အပူစာ ဘာကြီးတုန်းဗျ" လို့ မေးလိုက်တော့ သူက ပြန်ဖြေတယ်။

"ငါ အရင်က ဆိုင်ကယ်ရောင်းရင် ဂျင်းထည့်ပြီး ရောင်းတယ်၊ အမြတ်ကြီး မြတ်တယ်။ ပိုက်ဆံ ဆိုတာ ငါ့အတွက်တော့ ရွာရတာ အရမ်းလွယ်တဲ့ အရာဘဲ။ ကြာလာတော့ ငါရင်တွေ ပူလာတယ်။ ဆေးခန်း ဆေးရုံ သွားပြတယ်။ ရောဂါ မယ်မယ်ရရ ရှာမရဘူး။

ဆေးရုံတက်လိုက် ပြန်ဆင်းလိုက်နဲ့ဘဲ အလုပ်တွေ ရှုပ်နေခဲ့တာတဲ့လေ။ ငါ ဆေးရုံက ဆင်းရင် ငါ့အမေ သို့မဟုတ် ငါ့အဖေ ဆေးရုံ တက်ရပြန်။ ငါ့တို့မိသားစုကို ဆေးရုံက ဝန်ထမ်းတွေတောင် မှတ်မိနေပြီတဲ့။ ခဏစောင့်အုံး။ ငါ ထမင်းဟင်း မှာလိုက်အုံးမယ်" ဆိုတာနဲ့။ ကျွန်တော်လည်း စောင့်နေရတာပေါ့ ပြီးတော့မှ ဆက်ပြောတယ်။

"တနေ့ကျတော့ ငါ ဆရာတော် တပါးနဲ့ တွေ့တယ်။ ဆရာတော်ကို ငါ ဖြစ်နေတာတွေကို လျှောက်လိုက်တော့ ဆရာတော်က ငါ့မျက်နှာကို သေသေချာချာ ကြည့်ပြီး အပူစာတွေ မစားနဲ့ ဒကာကြီးတဲ့။

နေ့စဉ် ရှာဖွေနေတဲ့ ပိုက်ဆံထဲမှာ သူများတွေရဲ့ အပူတွေမပါလာစေနဲ့တဲ့။ အေး ငါလဲ အဲ့ဒီနေ့က စပြီး လူတွေကို ဂျင်းထည့်တာ ရပ်လိုက်တယ်။ အမှန်အတိုင်းဘဲ ပြောပြီး ရောင်းတယ်။

အမှန်အတိုင်း ပြောပြီး ရောင်းတော့ သိပ်မရောင်းရတေဘူး ထင်နေတာ ဒီနေ့ မင်းမြင်တဲ့ အတိုင်းဘဲလေ။ ငါ အခုမှ ထမင်းစားရတယ်။ ငါဆီမှာ ဖြစ်နေတဲ့ ဘာမှန်းမသိတဲ့ ရောဂါတွေလဲ ဘယ်လို ဘယ်လို ပျောက်သွားမှန်းကို မသိတော့ပါဘူး။ သေချာတာက ငါ အခု စားတဲ့ ထမင်းထဲမှာ အပူစာတွေ မပါတော့ဘူး" တဲ့။

အဲ့အချိန် တုန်းကတော့ဗျာ ကျွန်တော်က ငယ်သေးတော့ သူပြောတာကို သေချာ နားမလည်ဘူး။ နောက်ပိုင်း ကျွန်တော် တဖြည်းဖြည်း နားလည်လာတယ်။

ကျွန်တော် ရင်ထဲ ပူလောင်နေရင်၊ ကျွန်တော့် အိမ်မှာ ပူလောင်နေရင်၊ ကျွန်တော် သဘောပေါက် လိုက်ပြီ။ ငါတို့အိမ်မှာ သူများတွေ ပူလောင်ပြီးမှ ရတဲ့ ပိုက်ဆံတွေ ရောက်နေလို့ ဖြစ်လိမ့်မယ် ဆိုပြီး။

ကိုယ်တတ်နိုင်သလောက် အလှူ လုပ်ပေးတယ်။ အခမဲ့ ဆေးကုပေးတယ်။ သူများ အပူတွေ ကိုယ့်အိမ်ထဲ မရောက်ဖို့ အမြဲကြိုးစားနေမိတယ်။ ကျန်ရှိနေသေးတဲ့ လူ့ဘဝ သက်တမ်း တလျှောက်ကို ပူလောင်မှု ကင်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့ အမြဲ ကြိုးစားနေပါတယ်ဗျာ။ Crd

Post a Comment

0 Comments